Noble
ကလေးလေးတွေက ရိုးသားတယ်ဆိုပေမယ့် တခါတလေမှာ သူတို့လေးတွေလည်း…. လိမ်တတ်ပါတယ်
ကလေးလိမ်ပြီဆိုရင် မိဘတွေအနေနဲ့ မကြိုက်ကြဘူး လူလိမ်လူညာလေးဖြစ်မှာ စိတ်ပူကြတယ်…. ကိုယ့်ကလေးကို ရိုးသားစေချင်ကြတာ မိဘတွေရဲ့ ဆန္ဒပဲလေ… ဒါပေမယ့်…. စိတ်မပူပါနဲ့…. ဘာလို့လဲဆိုရင်…. လိမ်ညာတတ်နေပြီဆိုတာ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုမှတ်တိုင် (Developmental Milestone) တစ်ခုပါပဲ….
ကလေးတွေ ဘာလို့ လိမ်ကြသလဲ?
ကလေးတွေ လိမ်ရတဲ့ အကြောင်းရင်းကတော့….. အဆူခံရမှာ ကြောက်လို့ ၊ တစ်ခုခုကို ဖုံးကွယ်ချင်လို့၊ ဒါမှမဟုတ်ရင်လည်း တစ်ခုခုကို လိုချင်လို့ လိမ်ကြတာ ဖြစ်ပါတယ်။ တချို့ကလေးလေးတွေကျတော့လည်း ပုံပြင်တွေ သိပ်ကြိုက်သလို ပုံပြင်လေးတွေ ဖန်တီးရတာလည်း ကြိုက်ကြပါတယ်။ တခါတလေကျ သူတို့ ဉာဏ်လေးနဲ့ ဇာတ်လမ်းတွေထွင်ပြီး ပေါက်ကရ လျှောက်ပြောတတ်တာလေးတွေလည်း ရှိတတ်ပါတယ်။
တချို့လေးတွေကျတော့လည်း စမ်းသပ်ချင်လို့ လိမ်ညာကြတာ ရှိပါတယ်…. ‘ငါ ဒီလိုပြောလိုက်ရင် အမေ့ဘက်က ဘယ်လိုတုန့်ပြန်မလဲ??’ ဘာဖြစ်လာနိုင်လဲ စသဖြင့် စမ်းသပ်ချင်လို့ လိမ်ကြတာလည်း ရှိပါတယ်။ တချို့ကတော့ Attention လို့ပြောတဲ့ အာရုံစိုက်မှု လိုချင်လို့ လိမ်တာလည်း ဖြစ်နိုင်ပါတယ်…
ဒီတော့ ကလေးတွေ လိမ်တယ်ဆိုတာ မကောင်းတဲ့ ရည်ရွယ်ချက်ကြောင့် မဟုတ်ပဲ… သူတို့ရဲ့ ဦးနှောက် သေးသေးလေးနဲ့ စဉ်းစားလို့ရသလောက် ဉာဏ်ဆင်ကြည့်တာလို့ ပြောရမလားပေါ့နော်…. တခါတလေ သူတို့လိမ်တာလေးတွေက ဟာသလေးတွေ ဖြစ်နေတတ်တယ်လေ….
ဒီတော့ ကလေးတွေ နောက်တခါ မလိမ်စေဖို့ မိဘတွေအနေနဲ့ ဘယ်လို လုပ်ရမလဲ?
(၁) ကလေးလိမ်တာကို ဆူတာ၊ ရိုက်တာ မလုပ်ပါနဲ့
ကလေးလိမ်တဲ့အခါမှာ မိဘအနေနဲ့ ဆူရိုက်ပြီး ဆုံးမတာဟာ မှန်ကန်တဲ့ နည်းလမ်း မဟုတ်ပါဘူး။ ဒါဟာ ကလေးရဲ့ ကြောက်စိတ်ကို ပိုကြီးထွားစေပြီး လိမ်ညာခြင်းကိုလည်း ရပ်တန့်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် လိမ်တဲ့အခါမှာ အပြစ်ပေးတာကို မပြုလုပ်ပါနဲ့။
(၂) ဘာကြောင့် လိမ်ရတာလဲဆိုတာ သိအောင်လုပ်ပါ
ကလေးလိမ်ရတဲ့ အကြောင်းအရင်းကို ရှာဖွေပြီး ဖြေရှင်းဖို့ ကြိုးစားပါ။ ဥပမာ ကလေးက အမေရိုက်မှာကြောက်လို့ လိမ်တာဆိုရင် ကလေးကို မကြောက်စေဖို့ အေးဆေး ပြောပြ၊ ရှင်းပြပါ။ ကလေးအများစု လိမ်ကြတာဟာ ဖြစ်လာမယ့် ဆိုးကျိုးတွေကို ကြိုတင်ရှောင်ရှားချင်ကြလို့ပါ။ မိဘတစ်ယောက် အနေနဲ့ ဒီဆိုးကျိုးတွေကို ဖန်တီးသူ မဖြစ်ပါစေနဲ့။
(၃) ရိုးသားမှန်ကန်မှုရဲ့ အရေးပါပုံကို ပြောပြပါ
လိမ်ပြောတာက အနာဂါတ်မှာ ဘယ်လိုဆိုးကျိုးရှိနိုင်ကြောင်း၊ ရိုးသားမှု၊ မှန်ကန်မှုက ဘယ်လောက်အထိ အရေးပါကြောင်းကို ကလေးနားလည်အောင် ပြောပြပေးပါ။ မကြာခဏ လိမ်တတ်တဲ့ ကလေးတွေကို အမှန်တရား ချစ်မြတ်နိုးလာစေဖို့ ပုံပြင်သာဓကလေးတွေနဲ့ နားဝင်အောင် ရှင်းပြပေးပါ။ ရိုးသားမှုကို သင့်ကလေးက မက်မောလာတဲ့အခါ လိမ်ညာခြင်းကို အလိုလို ရှောင်ကွင်းသွားပါလိမ့်မယ်။
(၄) မိဘအနေနဲ့ လိမ်ညာသူမဖြစ်ပါစေနဲ့
မိဘတွေဆိုတာက ကလေးငယ်တွေအတွက် Role Model ဖြစ်ပါတယ်။ ကလေးရှေ့မှာ ကိုယ်က လိမ်ပြောတယ်၊ အမှန်တရားကို ပစ်ပယ်တယ်ဆိုရင် ဒါဟာ ကလေးမှာလည်း အကျင့်ဆိုးအဖြစ် စွဲကပ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးကိုဖြစ်စေ တစ်ခြားသူကို ဖြစ်စေ လိမ်ညာခြင်း မပြုလုပ်ဖို့ ကိုယ့်ကိုကိုယ် သတိပြုပါ။
(၅) မုသားဖြူအကြောင်း ရှင်းပြပါ
တခါတရံမှာ သူတပါး စိတ်ဆင်းရဲမှာ ၊ သူတပါးအတွက် ဆိုးကျိုးဖြစ်မှာကြောင့် လိမ်ညာရတာတွေ ရှိပါတယ်။ ဒါတွေကို white lies မုသားဖြူလို့ ပြောကြပါတယ်။ ကလေးတွေဟာ ငယ်စဉ်မှာ မုသားဖြူကို သိပ်မသိကြသေးပေမယ့် ကလေးရှေ့မှာ မုသားဖြူကို သုံးမိတယ်ဆိုရင် အမှတ်လွဲနိုင်ပါတယ်။ ဒါ့ကြောင့် မုသားဖြူကို ဘယ်အချိန်မှာ သုံးဖို့လိုနိုင်တယ်ဆိုတာကို ကလေးရဲ့ နားလည်နိုင်စွမ်းအလိုက် ပြောပြပေးထားသင့်ပါတယ်။
ကလေးတွေဟာ အဖြူထည်လေးတွေပါ။ ဒါပေမယ့် သူတို့ရဲ့ ပတ်ဝန်းကျင်နဲ့ ထိန်းကျောင်းမှု ပုံစံအရ တခါတရံမှာ လမ်းလွဲတာတွေ၊ အပြုအမူမှားယွင်းတာတွေ ရှိလာခဲ့ရင် အုပ်ထိန်းသူအနေနဲ့ သတိပြုထိန်းကျောင်းပေးဖို့ လိုပါတယ်။ ဒါ့ကြောင့် ကလေးလိမ်တာကို တားဆီးနိုင်မယ့် နည်းလမ်းတွေကို ဒီဆောင်းပါးကနေ မျှဝေပေးလိုက်ရပါတယ်။
Noble
17.7.2024
Reference
https://www.nationwidechildrens.org/family-resources-education/700childrens/2022/05/why-do-children-lie
https://www.apa.org/news/podcasts/speaking-of-psychology/why-kids-lie
https://psychcentral.com/lib/when-a-child-lies#tips-to-handle
#Noble
#Parenting
#ChildPsychology
#Child&Lies
Keep Reading