Author's Profile Photo

SarPhat Author

17/07/2024

မရဏသို့ လက်တကမ်းအလို (ဘာသာပြန်လုံးချင်းဝတ္ထု) အခန်း (၁)

9 mins read
Art
မရဏသို့ လက်တကမ်းအလို (ဘာသာပြန်လုံးချင်းဝတ္ထု)
အခန်း (၁)'s photo

ကျွန်ုပ်အနေဖြင့် အကျဥ်းထောင်မှ လွတ်ပြီး တပတ်လောက်အကြာ၊ အမေ ရိကန်နိုင်ငံ၊ ယူတာပြည်နယ်တွင် ဖုန်းခေါ်ဆိုမှု တခုကို ဖြေကြားမိခဲ့ရာမှ ဤအရာများ စတင်ခဲ့ပါသည်။ ကျွန်ုပ်သည် အနောက်ဘက်မှ လေနုအေးအေးလေးတို့ တိုက်ခတ်ပြီး ရွှဲရွှဲစိုနေသည့် ရှုခင်းများ၊ အပြောကျယ်လှသည့် ကောင်းကင်ပြာကြီး နှင့် တောင်ပေါ်‌ ဒေသ၏နံနက်ခင်း အလှအပများကို ခံစားရ၍ ‌နွေဦးရာသီသည် ကျွန်ုပ်အား စိတ်ချမ်းမြေ့ စေ၍ အပျော်အပါးများကို ဆောင်ကျဥ်းပေးခဲ့သည်။ နှင်းများ၊ လမ်းပေါ်တွင် မြူးတူး ခုန်ဆွ ပြေးလွှားနေသည့် တောရိုင်းတိရိစ္ဆာန်များ စသည်ဖြင့် ကြီးကျယ်ခမ်းနားသည့် မြင်ကွင်းများသည်လည်း ကျွန်ုပ်အား လန်းဆန်းစေပါသည်။ မနက်ခင်း တစ်ခုတွင်တော့ ကျွန်ုပ်သည် အိုကလာဟိုးမားပြည်နယ်ရှိ၊ ယူကွန် ဆိုသည့်နေရာတွင် အေး‌အေး ဆေးဆေး နေထိုင်အခြေချဖို့ရန်အတွက် အတွေးနယ်ချဲ့မိသည်။   

ထိုနေ့ နံနက်ခင်းက ကျွန်ုပ်သည် သမင်ငယ်တစ်ကောင်ကို အမဲလိုက်ခဲ့သည်။ ထိုသမင်နောက်လိုက်ရင်း ကျွန်ုပ်သည် ရွှံ့နွံထူထပ်လှသည့် ချောင်းများ၊ လေလာရွက် လှုပ် ပေါ်ပလာပင်များမှ ကြွေကျနေသည့် အရွက်များထူထပ်ကာ ချောမွတ်နေသည့် တောင်စောင်းများကို ကျော်ဖြတ်ပြီး၊ မြက်ခင်းများဆီသို့ အရောက်တွင် ကျွန်ုပ်၏ အာဖရိကန်ရိုင်ဖယ်သေနတ်မှ မောင်းခလုတ်ကိုဆွဲချလိုက်သည်။ သမင်ပေါက်လေးကား နှာတချက် မှုတ်ရင်း လဲကျကာ ဇီဝိန်ကြွေသွားခဲ့သည်။

ထို့နောက်တွင်တော့ ကျွန်ုပ်သည် ညစာအတွက် ကင်စားနိုင်ရန် ရည်ရွယ်၍ အတုံးသေးသေးများ ဖြစ်စေရန်လှီးဖြတ်ခြင်း၊ နောက်ပိုင်းရက်များတွင် စားသုံးရန် အတွက် အခြောက်ခံ၍ သမင်သားခြောက်ပြုလုပ်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်ခဲ့ ပါသည်။ ညခင်းပိုင်းတွင်တော့ ကျွန်ုပ်သည် ဂျူနီပါပင်များမှ လက်ကောက်ဝတ်အရွယ် အကိုင်းအခက်ခြောက်များကို အသုံးပြု၍ အနွေးဓာတ်ရစေရန် အလို့ငှာ မီးဖိုလိုက် သည်။ မီးဖိုမှ တောက်လောင်နေသည့် မီးတောက်များကို စိုက်ကြည့်၍ ကျွန်ုပ်သည် ကျွန်ုပ်၏ ညီမများနှင့် ဆက်သွယ်ရန်ဝယ်ယူခဲ့သည့် ဖုန်းတလုံးအား လက်ထဲတွင် ကိုင်ထားရင်း ဂနာမငြိမ် ဖြစ်နေပါသည်။

ကျွန်ုပ်၏ အိမ်ပြန်ခရီးအတွက် စိတ်ကူးယဥ်ရင်း အတွေးနယ်လွန်မိပါသည်။ ကျွန်ုပ်၏ စိတ်ကူးယဥ်အတွေများထဲတွင်တော့ သူတို့ကိုဖုန်းဆက်၍ “အကိုတော့ အိမ် ကို တန်းတန်းမတ်မတ် ပြန်လာနေပြီ။” ပြောဆိုချင်ပါသည်။ သို့မှသာ ကျွန်ုပ်၏ ညီမများ အနေဖြင့် အိမ်လွမ်းနေသည့် ကျွန်ုပ်အတွက် ချက်ပြုတ်၍၊ ကျွန်ုပ်အား ကြိုဆိုနိုင်မည် မဟုတ်ပါလား။ ကျွန်ုပ်၏ စိတ်ကူးယဥ်အတွေးများထဲတွင်‌တော့ ကျွန်ုပ်သည် အရင်တုန်း ကကဲ့သို့ ကျွန်ုပ်၏ မိသားစုဝင်များနှင့် စကားများဖောင်ဖွဲ့ကာ ပျော်ရွှင်ဖွယ်ရာ ကောင်း သည့် အချိန်များကို တွေးတောနေမိသည်။ လက်တွေ့ဘဝတွင်တော့ ကျွန်ုပ်၏ ညီမများ အား ဆက်သွယ်ခဲ့သည့် အခါတွင် ဒက်ပ် ဆီမှ ဘာဖြေသံမှ မကြားခဲ့ရပါ။ အန်ဂျီ ကတော့ “ငရဲမှာ သွားနေပါလား” ဟု ကျိန်ဆဲခဲ့သည်။ ဂျန် ၏  ဖုန်းနံပါတ်ကတော့ ကျွန်ုပ်ဆီတွင် မရှိသည့် အတွက် ကျွန်ုပ်အနေဖြင့် ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပါ။ ဖုန်းနံပါတ်ရှိ၍ ဖုန်းခေါ် ဆိုခဲ့ပါကလည်း အန်ဂျီ၏ အဖြေနှင့် တူညီသော ပြောဆိုကျိန်ဆဲမှုများသာ ကွန်ုပ် အနေဖြင့် လက်ခံရရှိမည် ဖြစ်ပါသည်။ ထို့ကြောင့် ဖုန်းလေးကို ဘေးသို့ချလိုက်ပြီး၊ လတ်တလော ဆာလောင်မှုကို ဖြေရှင်းရန်အတွက် သမင်သားဆက်ကင်ရန် အာရုံစိုက် လိုက်သည်။ 

ကျွန်ုပ်အနေဖြင့် မီးဖိုနားတွင်ရှိနေသည့် ခွေးခြေခုံပုလေးပေါ်တွင် ထိုင်နေရင်း အသားများအား အရသာရှိစေရန်အတွက် ဆား၊ ငရုတ်ကောင်းတို့နှင့် နယ်နေပါသည်။ တိတ်ဆိတ်သော ညခင်းဖြစ်သည့် အားလျော်စွာ ပုရစ်သံနှင့် ညလေသံမှလွဲ၍ ဘာမှ မကြားရပါ။ ထိုစဥ် ဘေးတွင်ချထားသည့် ဖုန်းမှ အဆက်မပြတ် ဖုန်းမြည်သံထွက်ပေါ် လာကာ ပတ်ဝန်းကျင်သို့ ထိုအကျည်းတန်သည့် ဖုန်းမြည်သံသည် လွှမ်းမိုးသွားသည်။ ဖုန်းခေါ်ဆိုမှုကို ကျွန်ုပ်ထူးလိုက်သည်။
 
“ဘားဟ် စကားပြောနေပါတယ်။”

“ကလိုက်ဒ်” ဆိုသော ကျွန်ုပ်၏ ပထမနာမည် ကို ခေါ်သည့် အသံတိုးတိုးလေး တစ်ခုကို ကြားရသည်။ ကျွန်ုပ်၏ ညီမတစ်ဦးဖြစ်သည့် ဂျန်၏ အသံဖြစ်သည်။

“အကို၊ ညီမလေးကို လာခေါ်ပေးပါလားဟင်”

အသံတိုးတိုးလေးဖြင့် ဂျန် ပြောဆိုလိုက်သည်။

ညဘက်ကောင်းကင်ယံကို မော့ကြည့်ရင်း မဖြီးမသင်ထားသောကြောင့် ရှည်လျားနေ သည့် မုတ်ဆိတ်မွှေး များကို ကျွန်ုပ် ပွတ်သပ်လိုက်သည်။ ဂျန် ၏ အသံကို ကြားသော ကြောင့် ကျွန်ုပ်အနေဖြင့် ပျော်ရွှင်မိသည်ကား အမှန်ပင်ဖြစ်သည်။ သို့သော်လည်း ထိုကဲ့ သို့ တိုးလျသည့် အသံသည် ကျွန်ုပ်အား ထိန့်လန့်စေသည်။ ကျွန်ုပ်၏ အဖေ နှင့် အမေ သော်၎င်း သို့မဟုတ် အ‌မေနှင့် သူ၏ လင်ငယ်များထဲမှ တစ်ဦးဦး နှင့်သော်၎င်း အော်ကြီး ဟစ်ကျယ် ရန်ဖြစ်ကြလျှင်၊ မူးရူးသောင်းကျန်း၍ ကျွန်ုပ်တို့ မောင်နှမတသိုက်အား အဖေ သော်၎င်း၊ အမေ့၏ လင်ငယ်များထဲမှသော်၎င်း တစ်ဦးဦးအား ရန်မူလာလျှင် ကျွန်ုပ်အား တိုးလျှိုးတောင်းပန်သည့် အသံမျိုးလေး ဖြစ်သည်။  
ကျွန်ုပ်တို့ငယ်စဥ်က ထိုပြဿနာများကို ကြုံတွေ့ခဲ့ရသည်။ အဲဒီတုန်းကတော့ ဂျန် ဟာ မကြာခဏ ကျွန်ုပ်ရှိရာ အခန်းသို့ လေးဘက်ထောက်လာကာ တုန်တုန် ယင်ယင် အသံတိုးတိုးဖြင့် ကျွန်ုပ်အား နှိုးတတ်သည်။ ထို့နောက်တွင်တော့ မှန်တင်ခုံ အား တံခါးအရှေ့တွင် ပိတ်ကာ အခန်းထောင့်တနေရာတွင် မောင်နှမနှစ်ယောက် ထိုင်၍ အခန်းပြင်တွင် ဖြစ်ပေါ်လေ့ရှိသည် ရန်ပွဲများ ပြီးဆုံးသည် အထိ ကြောက် ကြောက် လန့်လန့်နှင့် ထိုင်စောင့်ခဲ့ကြဘူးသည်။

“နင် ဘယ်မှာလဲ။”

“ကလိုက်ဒ်၊ အကိုသာ မြန်မြန်လာပါ။ သူ ညီမကို သတ်တော့မယ်။ သူ အကူအညီ လို တုန်းက ညီမကူညီ‌ပေးလိုက်တယ်။ ခု သူညီမကို သတ်တော့မယ်။”

ဂျန် ၏ အသံဖြစ် သည်။

“ဟ နင့်ကို ဘယ်သူက သတ်မှာလဲ။ ဘယ်သူ့ကို ဘာအကူအညီတွေ ပေးတာလဲ”

ကျွန်ုပ်ပြန်ပြောလိုက်သော်လည်း၊ ဂျန် ဘာတွေဖြစ်နေမှန်း၊ သူပြောနေတာဟာ ဘာတွေ မှန်း ကျွန်ုပ်အနေဖြင့် မသိရိုး အမှန်ပင်ဖြစ်သည်။

“ဘုရား ဘုရား ကလိုက်ဒ်” ဂျန်၏ အသံက တိုးဖွသော်လည်း သူမ၏ ထိန့်လန့်တကြား ဘုရားတသံကို ကျွန်တော်ကြားနေရသည်။

“ဒီ တပတ်အတွင်း သူအကူအညီလိုတာကို ကူညီပေးပြီးရင် ညီမက သူ့အတွက် အသုံး မဝင်တော့ဘူး။ ဒီကနေ ညီမကို မြန်မြန် ကယ်ထုတ်ပါ။ အကို ညီမဆီမှာ အကြွေးတင် နေတဲ့ ကိစ္စတွေရှိတယ်နော်။” ဂျန်ထံမှစကားသံထွက်လာသလို၊ ကွန်ုပ်သည်လည်း သူမထံတွင် အကြွေးတင်ထားသည့် ကိစ္စများရှိခဲ့ပါသည်။

“ကောင်းပြီလေ။ ညီမ အခုဘယ်မှာလဲ။” ကျွန်ုပ် ပြန်မေးလိုက်သည်။

“ကတိနော်၊ အကို တကယ်လာခေါ်ထုတ်မယ်လို့ ကတိပေးပါ။”

ဂျန့် ဆီမှ ကတိစကားတောင်းသံထွက်ပေါ်လာသည်။ ဂျန်သည် ကွန်ုပ်၏ အထာကို နပ်သော ညီမဖြစ်သည်။ ကျွန်ုပ်သည် လွယ်လွယ်နှင့် ကတိပျက်တတ်သူ တစ်ယောက် မဟုတ်။ ပေးသားသည့် ကတိကဝတ်များကိုလည်း အသက်သေသည့်တိုင် လုပ်ဆောင် မည့်သူ တစ်ယောက်ဖြစ်သည်။ ကျွန်ုပ် မတ်တပ်ရပ်ကာ ကြယ်၊ လ၊ တာရာများကို ငေးကြည့်နေမိသည်။

“ငါ ကတိပေးတယ်။ နင်အခု ဘယ်မှလဲ။”

ကျွန်ုပ်ပြန်ဖြေလိုက်သည်။ ရုတ်တရက် ယောက်ျားတစ်ယောက်ရဲ့ အော်သံ၊ ပစ္စည်းတွေ ပစ်ဖောက်ကွဲသည့် အသံပလံများကြားလိုက်ရသည်။ ထို့နောက်တွင်တော့ တိတ်ဆိတ် သွားသည်။

“ဂျန်”

ကျွန်ုပ် ခေါ်လိုက်သည်။ ဘာသံမှ မကြားရ။ ဖုန်း၏ စခရင်ကို ကျွန်ုပ်ကြည့်လိုက် သည်။ ဖုန်းမကျသေးပါ။ အသံကျယ်ကျယ်ဖြင့် ကျွန်ုပ်ထပ်ခေါ်လိုက်သည်။

“ဂျန်”

ဘာသံမှ မကြားရတော့။ ကျွန်ုပ်ဖုန်းချလိုက်သည်။ ဖုန်းကို အိပ်ကပ်ထဲပြန်ထည့်လိုက် သည်။ ညခင်းရဲ့ လေညင်းက အပင်များအား ဝှေ့ရမ်းကျီဆယ်သွားသည်။ ကျွန်ုပ် ဝတ်ဆင်ထားသည့် ဖလန်နယ်ရှပ်အင်္ကျီ၏ အိတ်ကပ်ထဲမှ စီးကရက်ဗူးပျော့ကို ထုတ်ယူ လိုက်သည်။ လက်ကျန်စီးကရက်အနည်းငယ်မှ စီးကရက်တစ်လိပ်ကို ထုတ်လိုက်သည်။ တောက်လောင်နေသည့် မီးဖိုမှ မီးစတစ်ခုဖြင့် စီးကရက်အား မီးညှိလိုက်သည်။ ပါးစပ်ထဲသို့ အလိပ်လိုက်တက်လာသည့် စီးကရက် မီးခိုးငွေ့များနဲ့အတူ ဘယ်ရီပင်ချုံပုတ် အနီးတွင် မတ်တပ်ရပ်ကာ အတွေးရေလျင်မျောမိတော့သည်။ ထောင်မှ လွတ်ခါစ ဒီလို ကျေးလက်တောရွာဘက်ကို လာခဲ့စဥ်တုန်းက ကျွန်ုပ်၏ ဆုံးဖြတ်ချက် များစွာထဲမှ တစ်ခုသည် ဆေးလိပ်ဖြတ်ရန် ပင်ဖြစ်သည်။ လေကောင်းလေသန့်ရရှိ၍၊ ကြပ်ညပ် မွန်းသိပ်မှု သိပ်မရှိလှသည့် ကျေးလက်တောရွာ များသည် ဆေးလိပ်သောက်ခြင်းကဲ့သို့ သော အကျင့်ဆိုးများကို ပြုပြင်ရန်ကောင်းမွန်သည့် နေရာဟု ကျွန်ုပ်အနေဖြင့် ထင်မြင် ယူဆခဲ့မိသည်။ ဂျန် ၏ ပြဿနာသည် ကျွန်ုပ်၏ ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည့် ‌ဆေးလိပ်ဖြတ်မည် ဟူသည့် ရည်ရွယ်ချက်ကို ရိုက်ချိုးခဲ့လေသည်။ ထို့အတူ မြောက်ဘက်ပိုင်းပြည်နယ်များ ဖြစ်သည့် မွန်တားနား၊ မြောက်ဒါကိုတာပြည်နယ်များ သို့ ခရီးဆက်ရန် အစီအစဥ်များ နှင့် ယူကွန်တွင် အခြေချမည့် စိတ်ကူး အစီအစဥ် များလည်း လေထဲတွင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ကျွန်ုပ်၏ ညီမဖြစ်သူ ဂျန် အား အိပ်မက်ဆိုးများမှ လာရောက်ခေါ်ဆောင်ပါမည်ဟု ကတိ တစ်ခုပေးခဲ့မိပြီ ဖြစ်သည်။ တောနေခြုံကြားမှ ကြုံရာကျပန်း ရွာသားတစ်ဦးအား ပေးခဲ့သည့် ကတိမဟုတ်။ ကျွန်ုပ် ၏ ညီမ ဖြစ်သူအား ပေးလိုက်သည့် ကတိတစ်ခုဖြစ်သည်။ မည်သို့ပင်ဆိုစေ ကျွန်ုပ်၏ သွေးသားရင်းခြာ ဖြစ်သည့် ညီမအား ပေးလိုက်သည့် ကတိ ဖြစ်သည်။
အလျှံညီးညီးဖြင့် ‌တောက်လောင်နေသည့် မီးပုံသည် ကျွန်ုပ်၏  စက္ကုအာရုံထဲ တွင် ပြန်လည်ထင်ဟပ်လာသည်။ တွေးနေလက်စ အတွေးစများသည် တခဏတာ ရပ်တန့်သွားသည်။ ချိုင့်ဝှမ်းထဲမှ အထီးကျန်ဆန်ဆန် ဆွဲငင်စွာအူနေသည့် ဝံပုလွေများ ၏ အသံများအား ကျွန်ုပ်ကြားနေရသည်။ အရည်‌‌ပျော်ထားသောနှင်းများအား ဖြတ်သန်း တိုက်ခတ်လာသည့် လေသည် ထင်းရှူးပင်များကို နမ်းရှိုက်နေသကဲ့သို့ပင် ဖြေးညှင်းစွာ ဖြတ်သန်းတိုက်ခတ်နေသည်။ ကောင်းကင်ထက်မှာ ကြည်တာရာများကို ငေးကြည့်ရင်း ဂျန် ဘာတွေများလုပ်လိုက်တာလဲ ဟူသည့် အကြောင်းအရာများကို အ‌လေးအနက်ဖြင့် စဥ်းစားခန်း ဖွင့်နေမိသည်။

ဂျန် သည် ကျွန်ုပ်၏ တခြားသောညီမများနှင့် မတူ၊ ကျွန်ုပ်နှင့်တူသော ညီမ တစ်ဦးဖြစ်သည်။ ကျွန်ုပ်ကဲ့သို့ပင် ပြဿနာဆိုသည့် အရာကို မီးခွက်ထွန်း၍ ရှာဖွေတတ် သည့် သူတစ်ဦးဖြစ်သည်။ ဂျန် သည် လူပေါင်းမှားတတ်သူတစ်ဦးဖြစ်သည်။ ထို့အတူ အချိန်မှား၊ နေရာမှားများကိုလည်း မီးခွက်ထွန်းရှာဖွေရာတွင် အင်မတန်မှ ထွန်းပေါက် အောင်မြင်သူတစ်ဦး ဖြစ်သည်။ ကျွန်ုပ်တို့ မောင်နှမနှစ်ဦးသည် ငယ်စဥ်တောင်ကျေး ကလေးဘဝမှ စတင်၍ ကမ္ဘာကြီးအား ရယ်မောလှောင်ပြောင်ကာ အရွဲ့တိုက်ကြသူများ ဖြစ်သည်။ ကျွန်ုပ်ကား တကိုယ်ကောင်းဆန်သူ တစ်ဦးဖြစ်သည်။ ညီမလေး ဂျန် အား တစ်ယောက်တည်းထားခဲ့သူ တစ်ဦးဖြစ်သည်။ ညီမလေး ဂျန် သည် မျက်စိသူငယ်၊ နားသူငယ်ဖြင့် လောကဇာတ်ခုံတွင် ပြဿနာများကို ကစားစရာ လုပ်၍ အသုံးတော်ခံ နေလားဟု ကျွန်ုပ်တွေးတောမိသည်။ 

ကျွန်ုပ်၏ အတ္တများ၊ တကိုယ်ကောင်းဆန်မှုများအား ပြင်ဆင်နိုင်ရန်အတွက် အခွင့်အရေး တစ်ခုရရှိခဲ့လေပြီ။ ဖြစ်နေသည့် ပြဿနာများအား ခြေရာခံရန်အတွက် ကျွန်ုပ်အနေဖြင့် သဲလွန်စများ လိုအပ်လာလေပြီ။ ထို့ကြောင့် အန်ဂျီအား ဖုန်းဆက် သည်။ ပြန်လည်လက်ခံဖြေကြားခြင်းမရှိ။ ထို့နောက် ဒက်ပ် အားဖုန်းဆက်သည်။ မက် ဆေ့ချ်ချန်ထားခဲ့ဖို့ ဖုန်းအော်ပရေတာမှ အလိုအလျောက် ဖြေကြားမှုသာ ကျွန်ုပ် နားဆင် ခဲ့ရသည်။  ဒက်ပ်မှ ကျွန်ုပ်အား ပြန်လည်ဆက်သွယ်မည်လား၊ မဆက်သွယ်မည်လား ကျွန်ုပ်အနေဖြင့် တပ်အပ်မပြောနိုင်။ လတ်တလောတော့ လုပ်စရာရှိသည်များကို ကျွန်ုပ်အနေဖြင့် ဆက်လက်လုပ်ဆောင်ရမည် ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ် စခန်းချရာ နေရာမှ ရွက်ဖျင်တဲကို စတင်၍ သိမ်းဆည်းသည်။ အချိန်သိပ်မကြာလိုက်ပါ။ ရွက်ဖျင်တဲ ကို ကျောပိုးအိတ်ထဲတွင် ထည့်၍ သိမ်းဆည်းပြီးပြီဖြစ်သည်။ ထိုအိတ်ကြီးဖြင့် ကျွန်ုပ် သည် ကမ္ဘာတပတ် အသာလေးပတ်လို့ရသည်။ 
တောက်လောင်နေသည့် မီးဖိုအား ငြှိမ်းသတ်ရန်အတွက် မီးတောက်မီးလျှံ များအား သဲများနှင့် ပက်လိုက်သည်။ သဲများအောက်တွင် မီးပွင့်မီးစများသည် ငြိမ်သက် သွားကြ လေသည်။ ပြီးခဲ့တဲ့ တပတ်အတွင်း ကျွန်ုပ်နေထိုင် စခန်းချရာ နေရာဖြစ်ခဲ့သည့် ဝက်သစ်ချပင်ကြီးအား၎င်း၊ အနီးတဝိုက်တွင်ရှိသည့် လေလာရွက်လှုပ် ပေါ်ပလာပင် များအား၎င်း၊ ထင်းရှူးပင်များအား၎င်း တိတ်တဆိတ်နှုတ်ခွန်းဆက်သ လိုက်သည်။ နောက်ဆုံးရက် နှစ်ရက်တွင် ကျွန်ုပ်အား ကျောတခင်းစာနေရာပေးခဲ့သည့် လီနာတောင် ကြီးအတွက် ကျွန်ုပ်၏ ဦးထုပ်အား ထားရစ်ခဲ့သည်။ အမျိုးသမီးတွေနဲ့ ဝေးနေတာကြာခဲ့ ပြီလေ၊ လီနာဆိုသည့် အမျိုးသမီးနာမည်သည် (၃) နှစ်အတွင်း ကျွန်ုပ်နှင့် ပြန်လည်ဆုံ တွေ့ရသည့် ပထဆုံးသော အမျိုးသမီးတစ်ဦး၏ အမည်နာမပင်ဖြစ်သည်။ ထို့ကြောင့်ဤ လီနာဟု အမည်ရသည့် တောင်ပေါ်တွင် ကျွန်ုပ်အနေဖြင့် အမြတ်တနိုး ဝတ်ဆင်ခဲ့ သည့် ဦးထုပ်ကို ထားခဲ့ခြင်းပင်ဖြစ်သည်။ ထောင်ကထွက်ထွက်ချင်း စျေးပေါပေါပဲပဲဖြင့် ဝယ်ယူထားသည့် ထရပ်ကား ပေါ်သို့ ကျွန်ုပ်တက်ရန် ပြင်ဆင်နေချိန်တွင် ဖုန်းမြည်လာသည်။ ထို့ကြောင့် ကားပေါ်သို့ မတက်သေးပဲ ဖုန်းဖြေကြားလိုက်သည်။

“ဘားဟ် ပါ။” တိုတိုတုတ်တုတ်ပင် ကျွန်ုပ် ဖုန်းဖြေလိုက်သည်။

“နစ်က် ပါ။” တဘက်မှ ပြန်ထူးသံကြားရသည်။

နစ်က် ဆိုတာ ဘယ်သူလဲ ကျွန်ုပ် မသိပါ။ အပေါင်းအသင်းထဲတွင်လည်း နစ်က် ဆိုသူ များ မရှိပါ။

“ငါ ဒက်ပ် ရဲ့ ယောက်ျားပါ။” တဘက်မှ ပြန်ဖြေသံကား နည်းနည်းလေးလေသံမာသည်။

“သြော်” ဟု ကျွန်ုပ် ပြန်လည်ဖြေကြားလိုက်သည်။

“ဒီဖုန်းနံပါတ်ကို ဆက်ပြီးတော့ ခေါ်မနေနဲ့တော့။ ငါ့ မိန်းမက မင်းနဲ့စကားမပြောချင် ဘူး။ သဘောပေါက်တယ်နော်။ နောက်နောင်လဲ မဆက်သွယ်ပါနဲ့။

တဘက်မှ ကျွန်ုပ်၏ အမူအရာများကို တွေ့မြင်နိုင်မှာ မဟုတ်မှန်းသိသိနှင့်ပင် ကျွန်ုပ် ခေါင်းတချက် ညှိမ့်လိုက်သည်။ တချိန်တည်းမှာပင် စုတ်ပြတ်နေသော မိုးကုတ် စက်ဝိုင်း မှ ကျွန်ုပ်အား ခိုးကြောင်ခိုးဝှက် ချောင်းကြည့်နေသည့် လမင်းကြီးကို တချက် ကြည့် လိုက်သည်။ နစ်က် ကား အပေါ်မှ စကားလုံးများနှင့် ရပ်တန့်မသွား။ ကျွန်ုပ်သည် တန်ဖိုး မရှိသည့်၊ မိသားစုအားစွန့်ပစ်ခဲ့သည့် လူယုတ်မာတစ်‌ယောက်သာ ဖြစ်သည်ဟု ဆက်လက် ပြောဆိုခဲ့သည်။ ဒေါသတကြီးဖြင့် နစ်က် ၏ စကားပြောဆို မှုများ ပြီးဆုံး သွားသည့် အခါတွင်မှ ဂျန် ၏ ကိစ္စကို နစ်က် အား ဖောက်သည်ချလိုက် သည်။ ဂျန် သည် ကျွန်ုပ် ကဲ့သို့ပင် ဖြစ်ကြောင်း၊ ဂျန် သည် မည်သို့ပင် ဖြစ်စေ နစ်က်တို့ ဇနီးမောင်နှံသည် ဂရုမစိုက်ကြောင်း စသည်ဖြင့် ကရားရေလွှတ် ကျွန်ုပ်အား ပြောဆို ပါတော့သည်။ ဂျန် သည် ကလစ်ဖ်တန်တွင် သူမ၏ အောက်တန်းစားသူငယ်ချင်းများဖြင့် ပြန်လည် ပေါင်း သင်း၍ မူးယစ်ဆေးဝါးများအား ထပ်မံသုံးစွဲနေသည်ကို နောက်ဆုံးတွင်မှ နစ်က် က ကျွန်ုပ်အား ပြောဆိုပါသည်။ 

“ဖုန်းခေါ်တဲ့ အတွက်တော့ ကျေးဇူးတင်ပါတယ်ဗျာ။”

ကျွန်ုပ် အနေဖြင့် ဘာဆိုဘာမှ ပြန်မပြောနိုင်ခင်မှာတင် နစ်က် က ထိုစကား လုံးများကို ပြောဆို၍ ဖုန်းချသွားသည်။ ထို့နောက် ထရပ်ကားပေါ်သို့ ကျွန်ုပ်ပြန်တက် လိုက်သည်။ အက်ကွဲ၍ ဟောင်းနွမ်းနေသည့် ဒက်ရှ်ဘုတ်ပေါ်သို့ ကျွန်ုပ်၏ ဖုန်းကို ပစ်တင် လိုက်သည်။ ကားသော့ကိုလှည့်၍ နှိုးလိုက်သည်။ ဘာသံမှမကြားရ။ ကားထဲမှ ပြန်ထွက်လိုက်သည်။ ကား၏ ဘေးပါးခြမ်းများကို ခြေထောက်နှင့်ကန်သည်။ စက်ဖုံးကို လက်သီးများဖြင့် ထုသည်။ ကားအား ကျေနပ်အားရသည်ထိ ကန်ကျောက်ထုနှက်ပြီးမှ ကားထဲပြန်ဝင်၍ စက်နှိုးကြည့်သည်။ ကားပြင်ဆင်မှုနှင့် ပတ်သက်သည့် ကျွန်ုပ်၏ ကျွမ်းကျင်မှုကား စာဖွဲ့လောက်သည်။ ဂျုံးဂျုံးကျနေသည့် အင်ဂျင်သည် သံစုံတီးဝိုင်း ပုံစံ ဖြင့် အသံမျိုးစုံထွက်ကာ စတင်လည်ပတ်လာသည်။ ဆူညံသံ တဝုန်းဝုန်း တဒိုင်းဒိုင်းဖြင့် ပင် တောင်ဘက်စူးစူးသို့ ကျွန်ုပ်သည် စတင်မောင်းထွက်လာခဲ့တော့သည်။

လရောင်အားကိုးဖြင့် ကျွန်ုပ်သည် တောင်တက်၊ ‌တောင်ဆင်းလမ်းများကို မောင်းနှင်လာခဲ့သည်။ မောင်းနေရင်းပင် စတီယာရင်ကို လက်နှစ်လက်ဖြင့် တဘုန်း ဘုန်း ရိုက်သည်။ ကားမကောင်း၍ စတီယာရင်က တုန်ခါသကဲ့သို့၊ လက်နှစ်ဖက်ဖြင့် တဘုန်းဘုန်း ရိုက်နှက်မှုကြောင့်လဲ စတီယာရင်မှာ တုန်ခါလာသည်။ ထောင်ကလွတ် လွတ်ချင်း ဒေါ်လာ ၂၀၀ နှင့် ကျွန်ုပ်ဝယ်ယူလာသည့် ပစ်ကပ်ထရပ်ကားသည် ပန်းမရှိ သော တာယာများဖြင့်ပင် နယ်စပ်ကိုဖြတ်ကျော်လာကာ ယူတာပြည်နယ်ထိရောက်ရှိ လာခြင်းဖြစ်သည်။ အိုမင်းရင့်ရော်နေသည့် သံမဏိများ၏ ‌အော်ဟစ် ညီးညူသံများဖြင့် ရှေ့ဆက်မည့် ခရီးကိုချောချောမွေ့မွေ့ ရောက်ရှိနိုင်ပါ့မလားဟူသော ကျွန်ုပ်၏  သံသယ စိတ်များသည်လည်း ကြီးထွားလာခဲ့သည်။

ကျွန်ုပ်၏ မျက်လုံးများသည် ကျိန်းစပ်လျက်ရှိပြီး၊ ကျွန်ုပ်ရှေ့မှလမ်းများသည် လည်း မှုန်ဝါးနေသည်။ ကျွန်ုပ်အနေဖြင့် အိပ်စက်အနားယူဖို့ရန် အာသီသဖြစ်ပေါ်လာ သော်လည်း၊ အဲဒီအစား တခွက်တဖလား ယမကာမှီဝဲမည်ဟု ကျွန်ုပ် ဆုံးဖြတ်လိုက် သည်။ ကျွန်ုပ်၏  ဘေးထိုင်ခုံဖြစ်သော၊ ခရီးသည်ထိုင်ခုံပေါ်တွင် ရှိနေသည့် စက္ကူအိတ်ကို လှမ်းဆွဲလိုက်သည်။ စက္ကူအိတ်ထဲမှ ယမကာပုလင်းကိုထုတ်ကာ ပေါင်နှစ်လုံးကြား တွင် ထည့်လိုက်သည်။ ရဲဆေးတင်လိုက်သည့် အခါတွင်မူ ကျွန်ုပ်အနေဖြင့် ယူကွန် သို့ သွားရောက်အခြေချမည့် စိတ်ကူးယဥ်သည် ပျက်သုဥ်းသွားသော်လည်း ကျွန်ုပ်၏ ဇာတိ ချက်ကြွေ မွေးရပ်မြေသို့ ပြန်လည်ခြေချရမည့် အရေးသည်လည်း မဆိုးလှဟု ကျွန်ုပ် ထင်မြင်မိသည်။ ကျွန်ုပ်အနေဖြင့် စိတ်ပြေနေကောင်း ဤအတွေးတွေးနေသည်ကို တော့ သိပ်ပြီးသ‌ဘောမတွေ့လှ။ ဂျန် ၏ ဖုန်းခေါ်ဆိုမှုသည် မိုင်ပေါင်းထောင်ပေါင်းများ စွာတွင်၊ နှစ်ပေါင်းများစွာ ကျွန်ုပ်အနေဖြင့် မြှပ်နှံခဲ့သည့် အတိတ်ဆိုးများ၏ အမှတ်တရ များကို စေ့ဆော်ပေးလိုက်ခြင်းပင် ဖြစ်သည်။ ဂျန် ၏ ဖုန်းခေါ်ဆိုမှုသည် ကျွန်ုပ်အနေဖြင့် မေ့ပစ်ထားသည့် အရာတော်တော်များများကို ပြန်လည်မှတ်မိလာစေခဲ့သည်။ 
အဖေသည် မိသားစုကိုထားခဲ့ကာ မည်သို့အရပ်သို့ ကြွမြန်းသွားသည် မသိ။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာသလို အမေသည်လည်း တမ်းပါးသွားသည်။ ထို့နောက် တွင်တော့ ကျွန်ုပ်သည်၊ ကျွန်ုပ်၏ ဇီဝိန်ကို ကြွေစေနိုင်လောက်သည့် အပြုအမူတစ်ခုကို ပြလုပ်ကာ မရဏမင်းကို စိန်ခေါ်ခဲ့သည်။ ဂျန် ကတော့ မရဏမင်းထံမှ ကျွန်ုပ်၏ အသက်ဇီဝိန်ကို ပြန်လည်လုယူရန်အတွက် ကျွန်ုပ်ထက်ပင် ပိုမိုဆိုးရွားသည့် လုပ်ရပ် တစ်ခုကို လုပ်ဆောင်ခဲ့သည်။ ကျွန်ုပ်တို့၏ လုပ်ရပ်များကို အာဏာပိုင်အဖွဲ့အစည်းများ သိရှိပါက ထောင်ဒဏ်တသက်တကျွန်းဖြင့် ကိစ္စချောကြမည်ဖြစ်သည်။ ဂျန် သည် တိုးတိုးတိတ်တိတ်ဖြင့် ကျွန်ုပ်အား လွတ်မြောက်စေခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်သည်လည်း ဂျန် အကူအညီတောင်းသည့် ကိစ္စကို စွမ်းစွမ်းတမံ လုပ်ဆောင်ရမည်မှ လွဲ၍ အခြားမရှိတော့ပြီ။ 

Keep Reading

Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ အနုပညာနည်းလမ်းနှစ်သွယ်အ‌တွေးအစအနများပိထောက်ခတ်ဖြင့်သာလွင့်မျောနှင်းစက်များOppenheimer ရုပ်ရှင်ကိုလေ့လာခြင်းကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့ နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၃) ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၁)