Author's Profile Photo

Noble

14/07/2024

ကလေးတွေမှာ တွေ့ရလေ့ရှိတဲ့ အပြုအမူဆိုင်ရာ ပြဿနာများ

2 mins read
Life Style
Education
General Knowledge

ကလေးက ဆိုးတယ်….

လူကြီးပြောရင် ပြန်ပြောတယ်….

စိတ်လိုက်မာန်ပါ ပြုမူတယ်… ဆိုရင်…. ဒါက ပုံမှန်ပါပဲ။

ကလေးတွေက သင်ယူနေဆဲဖြစ်လို့ လူကြီးတွေလောက် မရင့်ကျက်သေးတဲ့အချိန်မှာ ဒီလိုအပြုအမူတွေက ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပုံမှန်ထက် လွန်ကဲတဲ့ အပြုအမူတွေ ဖြစ်လာပြီ။ ထိန်းချုပ်ရခက်ခဲလာပြီ ဆိုရင်တော့ သတိထားရပါမယ်။

ကလေးတွေမှာ တွေ့ရလေ့ ရှိတဲ့ Behavioral Disorders (အပြုအမူဆိုင်ရာ ပြဿနာ) တွေကတော့

(၁) ODD (Oppositional Defiant Disorder)

ကလေးက ဒေါသထွက်လွယ်တယ်၊ စိတ်တိုတယ်၊ အထိမခံဘူး၊ မိဘရဲ့ ပြောဆိုဆုံးမမှုကို နာခံမှုမရှိဘူး၊ မိဘနဲ့ တခြားသူတွေ၊ နီးစပ်ရာဆွေမျိုးတွေနဲ့ မကြာခဏဆိုသလို ငြင်းခုံတယ်၊ ဆန့်ကျင်တယ်၊ ကလေးအနေနဲ့ သူ့ကိုယ်သူ တန်ဖိုးထားမှု လျော့နည်းနေတယ်ဆိုရင် ODD ရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ အသက် (၁၂) အောက် ကလေးငယ် ၁၀ ယောက်မှာ (၁) ယောက်ဟာ ODD ဖြစ်နိုင်ပြီး ယောကျာ်းလေးတွေဟာ ပိုအဖြစ်များတာကို တွေ့ရပါတယ်။

(၂) Conduct Disorder (CD)

ဒါကတော့ လူဆိုးလေးလို့ အထင်ခံရစေတဲ့ Disorder တစ်ခုလို့ ပြောရမလားပဲ။ Conduct Disorder ရှိတဲ့ ကလေးတွေဟာ မိဘနဲ့ တခြားတာဝန်ရှိသူတွေဆီက နာခံဖို့ ငြင်းပယ်သူလေးတွေပါ။ မကြာခဏဆိုသလို ကျောင်း ပြေးမယ်၊ ဆေးနဲ့ အရက်တွေကို အရွယ်မရောက်ခင် သုံးမယ်၊ တခြားသူတွေအပေါ် စာနာစိတ်နည်းတယ်၊ လိမ်ညာတာ၊ ခိုးယူတာအပြင် တခြားကလေးတွေအပေါ်မှာ အနိုင်ကျင့် ရိုင်းပြတာတွေအထိ ပြုလုပ်လာနိုင်ပါတယ်။ ဒီလို ကလေးတွေဟာ တခြားသူပေါ်နဲ့ သူကိုယ်တိုင်အတွက်ပါ အန္တရာယ်ရှိနိုင်တာကြောင့် သေချာ ကုသမှု ခံယူရမှာ ဖြစ်ပါတယ်။

(၃) Attention Deficit Hyperactivity Disorder (ADHD)

အာရုံစူးစိုက်မှု အားနည်းပြီး တက်ကြွမှု လွန်ကဲတဲ့ ပြဿနာဖြစ်တဲ့ ADHD ကိုတော့ အများစု ကြားဖူးကြမှာပါ။ ADHD ရဲ့ လက္ခဏာတွေအနေနဲ့ ကလေးက အာရုံကောင်းကောင်း စုစည်းလို့မရဘူး၊ တနေရာထဲမှာ ကြာကြာမနေနိုင်ဘူး၊ ပုံမှန်ထက် တက်ကြွလွန်ကဲတယ်၊ စိတ်လိုက်မာန်ပါဆိုသလို ပြုမူလိုက်တာတွေ ရှိမယ်။ ဒါဆိုရင် ADHD ဖြစ်နိုင်တာကြောင့် သေချာ စစ်ဆေးဖို့ လိုပါမယ်။ ADHD ခံစားရတဲ့ ကလေးတွေဟာ သင်ကြားရေးပိုင်းမှာ သက်ရောက်မှု ရှိသလို အသက်ကြီးလာတဲ့အထိ လက္ခဏာတွေ ရှိနေနိုင်ပါတယ်။

(၄) Learning Disability

တချို့ကလေးငယ်တွေမှာ သင်ကြားမှုဆိုင်ရာ အခက်အခဲတွေ ရှိနိုင်ပါတယ်။ အထူးသဖြင့် စာရေး၊ စာဖတ်တဲ့ နေရာမှာ အခက်အခဲရှိတာ၊ ဆရာသင်တာကို လိုက်မလုပ်နိုင်တာ၊ မမှတ်နိုင်တာ၊ အာရုံမစူးစိုက်နိုင်တာ၊ စကားလုံးတွေကို နားလည်ရခက်ခဲတာ စတဲ့ ပြဿနာတွေ ရှိနေတာမျိုးပါ။ ဒီလို ကလေးငယ်တွေမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတချို့လည်း ရှိလာနိုင်တာကြောင့် သင်ကြားရေးပိုင်းမှာ သေချာ ညွှန်ပြပေးဖို့ လိုသလို ကလေးရဲ့ အားနည်းချက် ၊ အားသာချက်အရ လိုသလို သင်ကြားပေးရမှာ ဖြစ်ပါတယ်။

အခုပြောခဲ့တဲ့ အပြုအမူဆိုင်ရာ ပြဿနာတွေရဲ့ လက္ခဏာတွေကို ကလေးမှာ တွေ့ရပြီဆိုရင် မိဘတွေအနေနဲ့ တတ်ကျွမ်းနားလည်သူနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။ ဒီလက္ခဏာတွေဟာ disorder တစ်ခုနဲ့ တစ်ခု ဆင်တူတာတွေ ရှိနေနိုင်ပြီး ကျွမ်းကျင်သူအနေနဲ့ စနစ်တကျ စစ်ဆေးမှသာ တိကျတဲ့ အဖြေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒီလို အပြုအမူဆိုင်ရာ ပြဿနာတွေ ဖြစ်လာပြီဆိုရင် မိဘနဲ့ဆရာ ပူးပေါင်းပြီး သင်ကြားပေးတာတွေ၊ Cognitive Behavioral Therapy (CBT) သိမှုဆိုင်ရာ အပြုအမူ ကုထုံးနှင့် ကုသခြင်းအပြင် တခါတရံမှာ ဆေးဝါးကုသမှုတွေအထိ လိုအပ်လာတာမျိုး ရှိနိုင်ပါတယ်။

‘ဆိုးတဲ့ ကလေးဆိုတာ မရှိပါ’ တခါတရံမှာ ကလေးကို ပြုစုပျိုးထောင်တဲ့ ပုံစံ၊ ကလေးရဲ့ ပတ်ဝန်းကျင်အနေအထား၊ ကလေးရဲ့ မွေးရာပါဗီဇနဲ့ အခုလို အပြုအမူဆိုင်ရာ ပြဿနာတွေကြောင့်သာ ကလေးတွေဟာ လူဆိုးလေးတွေအဖြစ် ခေါင်းစဉ်တပ်ခံနေရတာ ဖြစ်ပါတယ်။ ဒါတွေဟာ နောက်ဆက်တွဲအနေနဲ့ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုတွေ ရှိလာနိုင်တာကြောင့် အုပ်ထိန်းသူအနေနဲ့ သတိပြုမိဖို့ လိုကြောင်း ဗဟုသုတ အနေနဲ့ မျှဝေလိုက်ရပါတယ်။

Reference

https://www.betterhealth.vic.gov.au/health/healthyliving/behavioural-disorders-in-children

https://www.psychiatry.org/patients-families/adhd/what-is-adhd

#Parenting
#BehavioralDisorder
#ChildPsychology
#Noble

Keep Reading

ပျော်စရာနေ့စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း