SarPhat Author
ကျွန်တော်တို့လူငယ်တွေဆိုတာဟာ ကမ္ဘာမြေကြီးပေါ် ခြေချကာစ ပျိုးပင်ပေါက်လေးတွေနဲ့တူတယ်။ ကလေးဘဝမှာ လောကဓံရဲ့ရိုက်ခတ်မှုတွေကို ကာကွယ်ပေးမယ့် မိဘတွေရှိမယ်။ လူငယ်ဖြစ်လာပြီဆိုရင်တော့ လောကရဲ့ရင်ဆိုင်တိုက်ခိုက်မှုတွေကိုခံရတော့မှာပဲ။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ကို ကာကွယ်စောင့်ရှောက်ပေးမယ့် မိဘ (မိဘအပြင် ကလျာဏမိတ္တဆိုတဲ့ မိတ်ကောင်းဆွေကောင်းတွေ) ဆိုတာ ရှိချင်လဲရှိနေနိုင်မယ် မဟုတ်လဲ မရှိကြတော့ပဲနေလိမ့်မယ်။ ဘယ်လိုပဲဖြစ်နေပါစေ လောကဓံရဲ့တိုက်ခိုက်မှုတွေကို စတင်ခံစားလာရတဲ့အခါ ကိုယ်တိုင်သာ အားတင်းပြီးရှေ့ဆက်ကြရမယ်။ ဒီလိုအချိန်တွေမှာ လူငယ်တွေအနေနဲ့ ကိုယ့်ရဲ့ဘဝကို ကိုယ်တိုင်နားလည်ဖို့ရယ်၊ ကိုယ်ဟာ ဒီဘဝမှာ ဘယ်လို အခြေအနေမျိုးထိရောက်ချင်တယ်၊ မိမိတို့ရဲ့မိဘတွေကို ဘယ်လိုမျိုးထားချင်တယ်၊ မိမိရဲ့အနာဂတ်ကို ဘယ်လိုဖြစ်လာအောင် ကြိုးစားရမယ်ဆိုတာ နားလည်သိထားဖို့လိုတယ်။ အဲ့လိုမျိုးနားလည်သိထားမှသာလျှင် ကိုယ့်ရဲ့ဘဝကို ကိုယ်တိုင် ကောင်းကောင်းမွန်မွန်တည်ဆောက်နိုင်ပါလိမ့်မယ်။ မိမိတို့ရဲ့ဘဝကို ကြိုးစားတည်ဆောက်နေစဥ်ကာလမှာ ကျွန်တော်တို့ဟာ လောကဓံတင်မက ပတ်ဝန်းကျင်ဆိုတဲ့ မိမိတို့ရဲ့ဘဝကို ဝေဖန်လေကန်ကြမယ့် ဝေဖန်ရေးဆရာကြီးများဟာလဲ အနည်းနဲ့အများပေါ်ပေါက်လာကြတာကို တွေ့ကြရလိမ့်မယ်။ ကျွန်တော်တို့ကြိုးစားနေတာတွေကို အဆိုးမြင်ဝါဒီတွေနဲ့ပြောကြမယ်၊ အရင်ကမှားခဲ့ဖူးတဲ့အမှားတွေကို အပြစ်တင်ကြမယ်၊ လက်လျှော့အောင်ပြောကြမယ်၊ သူတစ်ပါးနဲ့ ခိုင်းနှိုင်းဝေဖန်ကြမယ်။ ကျွန်တော်တို့ကိုကောင်းစေချင်လို့ပြောတာတွေဟာ ရှိကောင်းရှိနိုင်ပေမယ့် ရာခိုင်နှုန်းအားဖြင့်တော့နည်းပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ပတ်ဝန်းကျင်ရဲ့ဝေဖန်မှုတွေအပေါ် ဒေါသထွက် တုံ့ပြန်စရာမလိုအပ်ပါဘူး။ သူတို့တွေဟာ ကျွန်တော်တို့ရဲ့ ဘဝအခြေအနေ၊ ကျွန်တော်တို့ရဲ့စိတ်ခံစားချက်၊ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေကို မသိနားမလည်ကြပါပဲနဲ့ ဝေဖန်နေကြခြင်းသာဖြစ်တယ်။ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ ဘဝကိုသာ နားလည်ထားပြီးတော့ ကိုယ့်ရဲ့ရည်မှန်းချက်အတိုင်း ဖြောင့်ဖြောင့်တန်းတန်း လျှောက်နေဖို့သာလျှင်လိုအပ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ဝေဖန်ထိုးနှက်ချက်တွေကို နားမထောင်ပါနဲ့။ ကိုယ့်ရဲ့ရည်မှန်းချက်အတိုင်း လမ်းကြောင်းပေါ်မှာပဲနေပါ။ ပတ်ဝန်းကျင်ရဲ့ပြောစကားတွေမှာ ကောင်းသောစကား၊ တိုးတက်စေမယ့်စကားလား ကိုယ့်ကို အပြစ်တင်တဲ့စကား၊ ဆွဲချမယ့်စကားလား ကိုယ်တိုင်စဥ်းစားဆုံးဖြတ်ပါ။ ကိုယ့်ကိုတိုးတက်ကောင်းမွန်စေမယ့်စကားကိုသာ နားထောင်ပါ။ ကိုယ်ရဲ့ဘဝကို ကိုယ်တိုင်နားလည်ကြပြီး လူငယ်များအနေနဲ့ မိမိတို့ရဲ့အနာဂတ်ကို လှပစွာ ထုဆစ်တည်ဆောက်နိုင်ကြပါစေကြောင်း ဆုတောင်းရင်း...
သင်္ကြန်သား
14.07.2024
Keep Reading