Author's Profile Photo

ကိုခန့်

13/07/2024

"ထိပ်ဆုံးသို့" ကဗျာအား ကျွန်တော်နှစ်သက်ရသည့် အကြောင်းအရင်း

4 mins read
Life Style
Personal Development
Poetry
"ထိပ်ဆုံးသို့" ကဗျာအား ကျွန်တော်နှစ်သက်ရသည့် အကြောင်းအရင်း's photo

ချစ်ရတဲ့ စာဖတ်သူတို့ရေ...
ဘဝအတွက်၊ ကိုယ့်ရည်မှန်းချက်တွေအတွက် ကြိုးစားရုန်းကန်ရင်း ပင်ပန်းနေပြီလား ။
"ရှေ့ဆက်ဖို့ မဖြစ်နိုင်ဘူး၊ငါ ဒါကို လုပ်နိုင်တော့မယ်မထင်ဘူး" စသဖြင့် လက်လျှော့ချင်စိတ်တွေ ၊ ကိုယ့်အိပ်မက်က်ို စွန့်လွှတ်ချင်စိတ်တွေဖြစ်နေပြီလား။
ဒါဆိုရင်  ဆရာမ ငွေတာရီရဲ့ "ထိပ်ဆုံးသို့" ဆိုတဲ့ ကဗျာလေးကို သတိရလိုက်ပါ။ဒီကဗျာလေးကို လူတိုင်းကြားဖူးကြမယ်ထင်ပါတယ်။အရမ်းကို ချစ်ဖို့ကောင်းတဲ့ကဗျာလေးပါ။
ကျွန်တော်တို့ အလယ်တန်းတုန်းက ဒီကဗျာလေးကို မြန်မာဖတ်စာမှာ သင်ရတော့ ကလေးပီပီ ဘာမှ မခံစားတတ်ခဲ့ပါဘူး။သူငယ်ချင်းတွေနဲ့ ကဗျာပြိုင်တူရွတ်ရတာကို သဘောကျခဲ့မိရုံပဲ ရှိတာပါ။စကားပြေပြန်ကျက်ပြီး စာမေးပွဲအတွက်ပဲ အာရုံစိုက်ခဲ့မိတာမို့ စာမေးပွဲလည်းပြီးရော ခေါင်းထဲမှာ ဘာမှမကျန်ခဲ့ပါဘူး။
ဒီလိုနဲ့ ၁၀တန်းနှစ်မှာ ဒီကဗျာလေးနဲ့ ပြန်ဆုံခွင့်ရခဲ့တယ်။ကျွန်တော်တို့၁၀တန်းကျောင်းသားတွေ ကျောင်းစာများလို့ စိတ်ဖိစီးပင်ပန်းနေချိန်မှာ ဆရာက ဒီ "ထိပ်ဆုံးသို့" ကဗျာလေးကို ရွတ်ပြပြီး စိတ်ခွန်အားတွေပေးခဲ့ပါတယ်။အဲဒီအချိန်ကတည်းက ဒီကဗျာလေးဟာ ကျွန်တော့နှလုံးသားထဲမှာ နေရာယူခဲ့တယ်ဆိုပါတော့။ အခုအချိန်ထိတိုင် အခက်အခဲတွေကြောင့် စိတ်ညစ်လာရင်ဖြစ်စေ၊ကိုယ့်ရည်မှန်းချက်တွေက ကိုယ့်အတွက် ခက်ခဲလွန်းတဲ့အခါဖြစ်စေ ဒီကဗျာလေးကို ရွတ်ရင်း ဆရာမရဲ့ ကဗျာမှာပါတဲ့ညွှန်ကြားချက်လေးတွေအတိုင်း လိုက်လုပ်ပြီး အားတင်းကြိုးစားလာတာ ဒီနေ့အထိပါပဲ။
     နောက်ပြီး အခုလို ဆောင်းပါးတွေဆက်လက်ရေးနေနိုင်တာလည်း ဒီကဗျာလေးကပေးတဲ့ စိတ်ဓါတ်ခွန်အားတွေကြောင့်ပါ။ "တစ်ချိန်မှာ စာရေးဆရာ ဖြစ်ကိုဖြစ်ရမယ်" ဆိုတဲ့အိပ်မက်ကို အကောင်အထည်ဖော်ရာမှာ ကျွန်တော်လည်း တခါတလေ လက်လျှော့ချင်စိတ်တွေ ဝင်လေ့ရှိပါတယ်။ကိုယ်ရေးတင်လိုက်တဲ့ ဆောင်းပါးက စာဖတ်သူနည်းသွားရင် "သြော်... ငါ့စာတွေက မကောင်းလို့၊ Quality မပြည့်လို့များလား ၊ ငါ့မှာ စာရေးဆရာတစ်ယောက်ဖြစ်ထိုက်တဲ့ အရည်အချင်းတွေ ရှိဟန်မတူပါဘူး၊လက်လျှော့လိုက်ပါတော့မယ် ၊ကျောင်းစာတစ်ခုတည်းကိုပဲ အာရုံစိုက်လုပ်ပါတော့မယ်" ဆိုပြီး အားငယ်စိတ်၊ လက်လျှော့ချင်စိတ်တွေဝင်လေ့ရှိပါတယ်။ဒီလိုအခါတိုင်း ဒီကဗျာလေးကို ပြန်သတိရပါတယ်။ ဒီကဗျာလေးနဲ့ပဲ စိတ်ဓာတ်ခွန်အားပြန်ဖြည့်ရင်း ဒီနေ့အထိ ဆောင်းပါးလေးတွေရေးသားနိုင်တာပါ။
ဒါကြောင့်ဒီနေ့မှာ ဆရာမ ငွေတာရီရဲ့ ထိပ်ဆုံးသို့ ကဗျာလေးကို ပြန်လည်မျှဝေရင်း ကဗျာထဲကနေ ကျွန်တော်သဘောကျတဲ့ သင်ခန်းစာရနိုင်တာလေးတွေကိုပြန်လည်မျှဝေပေးသွားပါမယ်။

"ထိပ်ဆုံးသို့"

တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ။
တစ်တောင် ဆုံးပြန်တော့
တစ်လုံး ကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုး လျှောက်ရပြန်။
ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။
စခဲ့မိဟာပေါ့
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတစ်သွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။
                             ငွေတာရီ

ဒီကဗျာလေးမှာ ဆရာမရဲ့စေတနာတွေ၊ အရေးအဖွဲ့ကောင်းမွန်မှုတွေကို မျက်ဝါးထင်ထင်မြင်တွေ့ရမှာပါ။ဆရာမလည်း ကောင်းရာဘုံဘဝရောက်နေမှာ အသေအချာပါပဲ။

အခုကဗျာလေးကို ဖတ်ပြီးသွားရင် ဆက်ပြီး ဒီကဗျာလေးကနေ ကျွန်တော်ရခဲ့တဲ့ အသိအချို့ကို ဆက်လက်မျှဝေပေးပါရစေ။

၁။ကိုယ့်ရဲ့အောင်မြင်မှုတွေကို မြင်တတ်လာတယ်။

    ကဗျာကိုဖတ်ပြီးတော့ ကိုယ့်ရဲ့ Ability ကို ပိုနားလည်လာတယ်။ခုမှစပြီးကြိုးစားတာမဟုတ်ဘဲ အရင်ကတည်းက၊ ကလေးဘဝကတည်းက ကျောင်းတွေတက်၊ ပညာတွေသင်ပြီး ကြိုးစားခဲ့တာတွေ၊ ကိုယ်အောင်မြင်ခဲ့ဖူးတဲ့ လုပ်ရပ်တွေ ( ကိုယ်တက်ခဲ့ပြီးတဲ့တောင်တွေ) အများကြီးရှိခဲ့တာကို သတိရလာတယ်။
လက်ရှိကိုယ်မလုပ်နိုင်တာကို အပြစ်မဖွဲ့တော့ဘဲ အရင်က လုပ်နိုင်ခဲ့တာတွေအတွက် ကိုယ်ကိုယ့်ကိုယ် ချီးကျူးတတ်လာတယ်။"ငါတော်သားပဲ ၊ အသက်အရွယ်အလိုက်ခက်ခဲတဲ့ ကိစ္စတွေကို ကျော်ဖြတ်နိုင်ခဲ့တာပဲ။အခုလည်း ငါလုပ်နိုင်မှာပါ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်လာပါတယ်။
    ကျွန်တော်တို့အတွက် ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်ခြင်းက တကယ်လိုအပ်ပါတယ်။ကျွန်တော်တို့တွေက တစ်ခုခုလုပ်လို့အဆင်မပြေရင် "ငါမလုပ်နိုင်လောက်ပါဘူး။ဘာမှလည်း သိသိသာသာတိုးတက်မလာဘူး"ဆိုပြီး အားငယ်စိတ်တွေဝင်တတ်ပါတယ်။အတိတ်မှာ ကိုယ်လုပ်နိုင်ခဲ့တဲ့ အောင်မြင်မှုတွေကိုသတိမရကြပါဘူး။(တောင်တွေ ဘယ်လောက်တောင် တက်ခဲ့ပြီးပြီလဲဆိုတာ မေ့နေတတ်ကြပါတယ်)။
ဒါကြောင့် ရှေ့ဆက်ရမယ့်ခရီးတွေကြည့်ပြီးအားမငယ်ပါနဲ့၊ ကိုယ့်ရဲ့ နောက်ဘက်မှာ အောင်မြင်စွာလျှောက်လှမ်းနိုင်ခဲ့တဲ့ ခရီးတွေလည်း မနည်းဘူးလို့ စဥ်းစားရင်း ဆရာမငွေတာရီရဲ့ ကဗျာလေးကို သတိရလိုက်ပါ။

၂။နားဖို့သတိရလာတယ်။
   
  အနားယူခြင်းကလည်း ကျွန်တော်တို့တွေအတွက် တကယ်အရေးကြီးပါတယ်။ပုံမှန်အားဖြင့် ကျွန်တော်တို့အကုန်လုံးဟာ ပညာရေး၊မိသားစုရေးတွေအတွက် စိတ်နှစ်၊ ကိုယ်နှစ် ကြိုးစားကြရင်း နားဖို့မေ့နေတတ်ကြပါတယ်။အခုလို အပြိုင်အဆိုင်တွေ များလာတာနဲ့အမျှ သူထက်ငါသာရမယ်ဆိုတဲ့စိတ်နဲ့ ရေကုန်ရေခမ်းကြိုးစားကြပါတယ်။အမှန်တော့ကြိုးစားတာကောင်းပါတယ်။ဒါပေမယ့် တစ်ခုသတိထားရမှာက ကျွန်တော်တို့ရဲ့ Energy တွေက ရုပ်ပိုင်းရော၊စိတ်ပိုင်းမှာပါ အကန့်အသတ်နဲ့ ရှိနေတယ်ဆိုတာပါပဲ။ဒါကြောင့် အောင်မြင်မှုမှာပဲ အမြဲနှစ်မြှုပ်ထားတတ်တဲ့ ကျွန်တော်တို့ရဲ့စိတ်ကို အနားပေးရမယ်။၂၄ နာရီပတ်လုံး စိတ်ကြိုက်ခိုင်းလာခဲ့တဲ့ ကိုယ့်ခန္ဓာကိုယ်ကို အနားပေးရမယ်။
   ရှေ့မဆက်ချင်လောက်အောင် ပင်ပန်းလာတဲ့အခါ အနားယူကာ အားပြန်ဖြည့်ပြီးမှ ဆက်လက်ကြိုးစားရပါမယ်။မနားဘဲ ပေကပ်ပြီးဆက်ကြိုးစားနေမယ်ဆိုရင် ဓါတ်ဆီကုန်တဲ့ကားကို တွန်းသွားနေသလို ပင်ပန်းတာပဲ အဖတ်တင်မှာပါ။ လိုရာရောက်မှာမဟုတ်ပါဘူး။ကားကိုဆီပြန်ဖြည့်ပြီးဆက်မောင်းမှ လိုရာပန်းတိုင်ကိုရောက်မှာဖြစ်ပါတယ်။ဒါကြောင့် မအောင်မြင်ရင်လက်မလျှော့ပါနဲ့ဦး။အနားယူကာ Energy ပြန်ဖြည့်ပြီး ဆက်ကြိုးစားပါ။
ကျွန်တော်ကတော့ ခက်ခဲပင်ပန်းလွန်းလို့ လက်လျှော့ချင်စိတ်တွေပေါ်လာတိုင်း အနားယူဖြစ်ပါတယ်။အဲဒီလိုနေ့တွေမှာ ညနေ၆နာရီလောက်ဆိုရင် ကျောင်းပန်းခြံလေးထဲသွားပြီး ကိုယ့်ကိုယ်ကိုယ် အနားပေးဖြစ်ပါတယ်။အဲဒီမှာ ကော်ဖီတစ်ခွက်သောက်ရင်း ကိုယ်ကြိုက်တဲ့စာအုပ်လေး ဖတ်ရတာ၊ သစ်ရွက်လေတိုးသံ၊ကျေးငှက်တွေရဲ့ အော်မြည်သံလေးတွေ နားထောင်ရတာလည်း တကယ်စိတ်အေးချမ်းစေပါတယ်။ နောက်ပြီး သဘာဝနဲ့ ထိတွေ့လိုက်ရတော့ လူက အလိုလို ပင်ပန်းတာပျောက်သွားတယ်။တခါတလေ နှာသီးဝက ဝင်လေထွက်လေလေးကို စိတ်နဲ့မှတ်ပြီး တိတ်ဆိတ်စွာနေလိုက်တာကလည်း လူကိုလန်းဆန်းစေပါတယ်။ဒါကြောင့်နားပါ။ အနားယူတာက အချိန်ဖြုန်းတာမဟုတ်ဘဲ ကဗျာမှာပါတဲ့ တောင်တက်သမားလို နောက်တစ်တောင်ကို ထပ်တက်ဖို့ ၊ ကိုယ့်ရည်မှန်းချက်၊ ကိုယ့်ပန်းတိုင်ကို ရောက်အောင်သွားဖို့ အားဖြည့်တာဖြစ်လို့ ပင်ပန်းလွန်းရင် ခဏအနားယူစေလိုပါတယ်။

၃။လက်မလျှော့ဖို့သင်ပေးတယ်။

ကျွန်တော်တို့တွေဟာ ကိုယ့်အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ကြိုးစားရာမှာ ကြိုးစားမှုတွေမထိရောက်တဲ့အခါဖြစ်စေ၊ အခက်အခဲတွေ ကြုံလာခဲ့ရင်ဖြစ်စေ ကိုယ့်အိပ်မက်တွေက ကိုယ်နဲ့မထိုက်တန်ပါဘူးဆိုတဲ့ အတွေးတွေနဲ့ အရှုံးပေးတတ်ကြပါတယ်။ပင်ပန်းလို့ ညည်းညူတယ်ဆိုတာ အမှားမဟုတ်ပါဘူး။ရှေ့မဆက်တော့ဘူးဆိုတာက အမှားပါ။ကဗျာထဲလို " စခဲ့မိဟာပေါ့၊တစ်နေ့မှာဆုံးရာရောက်ပါလိမ့် ၊ အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့" လို့အားတင်းရင်း ရှေ့ကိုဆက်လျှောက်တတ်ပါစေ။"ခရီးတစ်ဝက်မှာရောက်နေပြီ၊ ဆက်ပြီး ထိပ်ဆုံးကို ရောက်အောင်သွားရမယ်"ဆိုတာကို သတိရ ရမှာဖြစ်ပါတယ်။အထက်မှာပြောခဲ့သလို ကိုယ့်ရဲ့အောင်မြင်ခဲ့တဲ့ အတိတ်တွေကိုကြည့်ပြီး အားယူရပါမယ်။အနားယူပြီး ကိုယ့်ရဲ့ ရုပ်ရော၊စိတ်ရောကို အားပြန်ဖြည့်ရမယ်။လန်းဆန်းသွားပြီဆိုတာနဲ့ စိတ်ခွန်အားအပြည့်နဲ့ ကိုယ့်ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။
အမှန်တော့ ကျွန်တော်တို့တွေရဲ့ စိတ်တွေဟာလည်း အမြဲရွှင်လန်းတက်ကြွနေမှာ မဟုတ်ပါဘူး။ဒီလိုပဲ အိပ်မက်တွေအတွက် ကြိုးစားလိုက်၊အခက်အခဲတွေကျော်ဖြတ်လိုက်၊စိတ်ဓါတ်ကျ ပင်ပန်းတဲ့အချိန်မှာ အနားယူလိုက်၊ ရှေ့ဆက်ကြိုးစားလိုက်နဲ့ပဲ နောက်ဆုံးမှာ ဆရာမငွေတာရီ​ ပြောသလို ထိပ်ဆုံးကိုရောက်အောင်သွားနိုင်မှာဖြစ်ပါတယ်။အဲဒီအခါ ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်တဲ့ လူတော်လူကောင်းတစ်ဦးဖြစ်လာမှာ သေချာပါတယ်။

ဒီတော့ ချစ်ရတဲ့စာဖတ်သူတို့ရေ....

  အထက်မှာပြောခဲ့သလို ကိုယ့်အိပ်မက်တွေအတွက် ကြိုးစားရာမှာ လက်လျှော့ချင်စိတ်တွေပေါ်လာခဲ့ရင် ဆရာမငွေတာရီရဲ့ ကဗျာလေးကိုသတိရပါ။
ကဗျာမှာပါတဲ့ လမ်းညွှန်ချက်တွေအတိုင်း ကြိုးစားကြပါလို့တိုက်တွန်းလိုက်ပါရစေ။


စာဖတ်သူများအားလုံး "ထိပ်ဆုံးသို့ "ရောက်အောင်သွားနိုင်သော လူတော်လူကောင်းတွေ ဖြစ်ကြပါစေခင်ဗျာ။

ကိုးကား - ဆရာမ ငွေတာရီ၏ "ထိပ်ဆုံးသို့"ကဗျာ



****
ကိုခန့်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်အဆုံးသည်......အသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်