Author's Profile Photo

Panora

2/11/2023

ဘဝမှာ ကိုယ်ဘာဖြစ်ချင်လဲ သေချာသိဖို့ ဒီ (၁၀) ချက်ဖြင့် စစ်ဆေးပါ။

4 mins read
Life Style
Personal Development
General Knowledge
ဘဝမှာ ကိုယ်ဘာဖြစ်ချင်လဲ သေချာသိဖို့ ဒီ (၁၀) ချက်ဖြင့် စစ်ဆေးပါ။'s photo

ကျွန်တော်တို့တွေ ဘဝမှာ ဘာဖြစ်ချင်သလဲဆိုတဲ့မေးခွန်းကို ငယ်စဥ်ကလေးဘဝကတည်းက ခဏခဏမေးခံခဲ့ရပါတယ်။ သူငယ်ချင်း၊ မိတ်ဆွေ၊ မိဘဆွေမျိုးစသည်ဖြင့်ကလည်း အခု အသက်ကြီးလာသည့်တိုင် ဆက်ပြီးမေးနေကြဆဲပဲ။ အလုပ်ခွင်ဖြစ်ဖြစ် နေ့စဥ်ဖြစ်ဖြစ် ကိုယ်စိတ်အားထက်သန်ရာနောက်ကို လိုက်ဖို့ အားပေးတိုက်တွန်းကြတယ်။

ကိုယ်တကယ်စိတ်အားထက်သန်ရာ (Passion) နောက်ကို လိုက်ပါ။ အဲ့လိုဆို ဘဝမှာ အလုပ်လုပ်နေတယ်လို့ ခံစားရတော့မှာ မဟုတ်ဘူးလို့ပြောကြတယ်။ တကယ်တမ်းရော ကျွန်တော်တို့ ကိုယ်တိုင်ဘာဖြစ်ချင်ကြသလဲ။ ဘယ်အရာကို စိတ်အားထက်သန်ကြသလဲ။

ဘဝမှာ ကိုယ်တကယ်စိတ်အားထက်သန်တဲ့အရာနောက်ကို လိုက်ဖို့ အဲ့ဒီအရာကို အရင်ဆုံးရှာဖွေဖို့လိုတယ်မဟုတ်လား။ ဒါဆို စစ်မှန်တဲ့ စိတ်အားထက်သန်မှုဆိုတာဘာလဲ။

စစ်မှန်တဲ့ စိတ်အားထက်သန်မှုဆိုတာဘာလဲ။

စိတ်အားထက်သန်မှုဆိုတာကို အများအားဖြင့် ကိုယ့်ကို စိတ်ပါဝင်စားနေစေသော၊ ရင်ခုန်စိတ်လှုပ်ရှားစေသော အားကောင်းတဲ့ခံစားချက်တစ်ခုလို့ အဓိပ္ပါယ်ဖွင့်ကြတယ်။ ဆက်တိုက်လုပ်နေရသည့်တိုင် နှစ်ခြိုက်နေဆဲဖြစ်တဲ့အရာပါ။ ဥပမာဆိုရရင် ခရီးသွားခြင်းလိုမျိုးပေါ့။


တစ်ခါတစ်လေမှာတော့ ကျွန်တော်တို့ရဲ့ စိတ်အားထက်သန်မှုက အလုပ်မှာရှိတဲ့အရာတစ်ခုခုဖြစ်နေတတ်တယ်။ အလုပ်အပေါ်မှာထားတဲ့ စိတ်အားထက်သန်မှုကတော့ ရင်ခုန်စိတ်လှုပ်ရှားရတာထက် ပိုပြီးတိကျသေချာတဲ့အရာတွေ နောက်ဆက်တွဲပါနေကြတတ်တယ်။

အလုပ်အပေါ်ထားတဲ့စိတ်အားထက်သန်မှုဟာ ခက်ခဲတဲ့ပြဿနာများ၊ စိန်ခေါ်မှုများကို ဖြတ်ကျော်နိုင်ဖို့ရာ စိတ်ခွန်အားပေးနိုင်တယ်လို့ဆိုကြပါတယ်။

အဲ့ဒီလို စိတ်အားထက်သန်မှုက အဖြေတစ်ခုခုကို ရှာဖွေဖို့၊ တစ်ခုခုကို လေ့လာဖို့၊ ပြောင်းလဲမှုတစ်ခုပြုလုပ်ဖို့ ကျွန်တော်တို့ရဲ့ အလိုဆန္ဒတွေကို တွန်းအားပေးကြပါတယ်။

ဒါ့အပြင် ကိုယ့်ရဲ့ စိတ်အားထက်သန်မှုနဲ့ အတွင်းစိတ်ကလာတဲ့စံတန်ဖိုးများကို ကွဲကွဲပြားပြားသိဖို့ရာလည်းလိုအပ်ပါတယ်။ လူတိုင်းဟာ သူတို့ရဲ့ ကိုယ်ပိုင် အတွင်းစိတ်ကလာတဲ့ တန်ဖိုးများရှိတတ်ကြပြီး နေ့စဥ်ဘဝမှာ အဆိုပါတန်ဖိုးများနဲ့နေထိုင်ရှင်သန်ကြပါတယ်။

အားကောင်းတဲ့ အတွင်းစိတ်ကလာသောတန်ဖိုးများကို ဥပမာပြရရင် စည်းကမ်းလိုက်နာခြင်း၊ ဇွဲကောင်းခြင်း၊ လေ့လာလိုခြင်း၊ အကောင်းဆုံးပြုလုပ်ခြင်း၊ မဆုတ်မနစ်ပြုလုပ်ခြင်း စသည်ဖြင့်ပေါ့။

အဲ့ဒီတန်ဖိုးများနဲ့အတူ အလုပ်ရော နေ့စဥ်ဘဝမှာပါ ချိန်ညှိလုပ်ကိုင်နိုင်မယ်ဆိုရင် ဘဝတိုးတက်ရေးအတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ စိတ်အားထက်သန်မှုကို ရှာဖွေလုပ်ဆောင်ခြင်းကတော့ ဘဝတိုးတက်ရေးကို စပြီးထွန်းလင်းလာစေမယ့် မီးတောက်လေးတစ်ခုလို့ပြောလို့ရပါတယ်။

ဒီတော့ ဘဝတိုးတက်ရေးနဲ့ ဘဝကို ဖြစ်တန်ချေအမြင့်ဆုံးရှင်သန်နိုင်ဖို့ မရှိမဖြစ်သိထားရမယ့် စိတ်အားထက်သန်မှုကို အောက်ပါ ၁၀ ချက်နဲ့ဆန်းစစ်ကြည့်ကြစို့။

၁။ ကိုယ့်ရဲ့ Vision Statement (ပုဂ္ဂိုလ်ရေးရာ အမြင်) တစ်ခုဖန်တီးပါ။

  • ဒီလို Vision Statement မှာ ကိုယ့်ရဲ့ အလုပ်ခွင်ရော အပြင်ဘဝမှာပါ အောင်မြင်လိုတဲ့ အချက်ကို ပါဝင်အောင်ရေးသားဖန်တီးနိုင်ပါတယ်။ အဲ့ဒီအရာက ကိုယ့်ကိုယ် သံလိုက်အိမ်မြောင်တစ်ခုလိုပဲလမ်းပြပေးနိုင်ပါတယ်။ ကိုယ်ကဘဝမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချတဲ့အခါ အဲ့ဒီ Statement ကိုပြန်ကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ ကိုယ်ပြီးမြောက်အောင်မြင်အောင်လုပ်မယ့်အချက်ကို ပထမဆုံးချရေးလိုက်တာက ကိုယ့်ရဲ့ စိတ်အားထက်သန်မှုကို ရှာဖွေရာမှာ လမ်းပြပေးပါလိမ့်မယ်။
  • ဥပမာ - ကျွန်တော် အသက် ၃၀ မှာ လူငယ်တွေကို ပြန်ပြီးလမ်းပြပေးနိုင်တဲ့ Mentor ကောင်းတစ်ဦးဖြစ်ရမယ်။ အသက် ၃၅ မှာ အေးချမ်းပြည့်စုံတဲ့ မိသားစုဘဝ တည်ဆောက်မယ်။


၂။ ကိုယ့်တန်ဖိုးများကို ထုတ်ဖော်ပါ။

  • ကိုယ့်အလုပ်ရော ဘဝကိုပါ ပုံဖော်တဲ့နေရာမှာ ကိုယ်ပိုင်စံတန်ဖိုးများက အရေးပါပါတယ်။ ကိုယ့်ရဲ့ တန်ဖိုးများဟာ ရည်မှန်းချက်ပန်းတိုင်များနဲ့ ဦးစားပေးအရာများကို ဆုံးဖြတ်ပေးပါတယ်။ ထိုအရာတွေက ဘယ်လိုလုပ်ငန်းခွင်ကို ရွေးရမလဲဆိုတာမှ အစ ဘဝဆုံးဖြတ်ချက်တွေအထိ လမ်းပြပေးနိုင်ပါတယ်။
  • ဥပမာ- စည်းကမ်းလိုက်နာခြင်း၊ ရိုးသားမှု၊ ပြီးပြည့်စုံမှု။


၃။ ဘယ်အရာက ကိုယ့်အတွင်းစိတ်ကလာတဲ့ ခွန်အားလဲဆန်းစစ်ပါ။

  • ကိုယ့်ရဲ့ စံတန်ဖိုးများ သတ်မှတ်ပြီးတဲ့နောက် ဘယ်အရာက ကိုယ့်ကို အမှန်တကယ်စိတ်ဓာတ်ခွန်အားပေးသလဲ ဆန်းစစ်ဖို့လိုလာပါတယ်။ ဘယ်လို ပန်းတိုင်မျိုးက ကိုယ့်ကိုအရောက်သွားဖို့ တွန်းအားအဖြစ်စေဆုံးလဲ။ ဘယ်အရာကို ကိုယ့်ကို ပြီးမြောက်အောင်မြင်တယ်လို့ခံစားရစေလဲ။ ပြင်ပစိတ်ဓာတ်ခွန်အားပေးတဲ့အရာတွေကမဟုတ်ပဲ ကိုယ်တွင်းကလာတဲ့ စိတ်ခွန်အားက ဘယ်အရာကအစပြုသလဲ။ ကိုယ့်ရဲ့ စစ်မှန်တဲ့ကိုယ်၊ ယုံကြည်မှု၊ ရှင်သန်ရခြင်းရည်ရွယ်ချက်ကို ရှာဖွေပါ။ အဲ့ဒီအချက်ကို သေချာသိခြင်းက ပြည့်စုံတယ်လို့ခံစားရစေမယ့် ဘဝနဲ့နီးစပ်လာပြီလို့ပြောလို့ရပါတယ်။
  • ဥပမာ- ငွေကြေး၊ ချစ်ခြင်းမေတ္တာ၊ ပြည့်စုံအောင်ဖြည့်ဆည်းပေးလိုစိတ်။


၄။ လုပ်ရတာနှစ်သက်တဲ့ အချက်များကို ချရေးပါ။

  • ဒီအချက်ကတော့ ရှင်းပါတယ်။ အလုပ်မှာဖြစ်စေ၊ နေ့စဥ်ဖြစ်စေ လုပ်ရတာနှစ်သက်တဲ့အရာများကို ချရေးပါ။ လူတွေက ကိုယ့်ကိုယ်ကိုယ်သိဖို့ အင်မတန်မှ အရေးကြီးတယ်လို့ ဆိုကရေးတီးကပြောထားပါတယ်။ တကယ်တမ်း ဘဝမှာတော့ ကိုယ့်ကိုယ်ကိုယ် မသိတဲ့လူတွေ အများကြီးရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်အပါအဝင် ကိုယ်တကယ်ဘာကို သဘောကျလဲ။ ဘာကို သဘောမကျလဲဆိုတာ သေချာစဥ်းစားခဲ့ရပါတယ်။ ချရေးကြည့်ပါ။ ကိုယ်တကယ်ဘာကို နှစ်သက်သဘောကျသလဲ။
  • ဥပမာ - ဖန်တီးရတာ သဘောကျတယ်။ (စာရေးရတာ၊ပုံဆွဲရတာ စသည်ဖြင့် ဖန်တီးရတဲ့အရာများ)။ လူတွေနဲ့စကားပြောရတာ သဘောကျတယ်။


၅။ ကိုယ်မနှစ်သက်တဲ့အရာတွေကို ချရေးပါ။

  • အထက်မှာ ပြောခဲ့သလိုပဲ ကိုယ်သဘောကျတဲ့အရာတွေအပြင် ကိုယ်ဘာကို သဘောမကျလဲဆိုတဲ့အချက်ကိုလည်း သေချာသိဖို့လိုပါတယ်။ အဲ့လိုသိထားခြင်းက ကိုယ့်ဘဝဆုံးဖြတ်ချက်တွေချတဲ့အခါ အများကြီးအထောက်အကူဖြစ်ပါတယ်။
  • ဥပမာ - ကျဥ်းကြပ်တာ သဘောမကျပါ။ အလုပ်မရှိသလို နေရခြင်းကို သဘောမကျပါ စသည်ဖြင့်။


၆။ ကိုယ့်ရဲ့ အားသာချက်နဲ့ ပြီးမြောက်အောင်မြင်မှုများကို သတိပြုပါ။

  • ကိုယ့်ရဲ့ စစ်မှန်တဲ့ကိုယ်ကို ရှာဖွေတွေ့ရှိနိုင်ဖို့ ကိုယ့်ရဲ့ အားသာချက်များကိုလည်း သတိပြုမိဖို့လိုအပ်ပါတယ်။ လူအများစုမှာ သူတို့ရဲ့ အကောင်းဆုံးသော အားသာချက်တွေက နဂိုကတည်းက ကိုယ့်ဆီမှာရှိနေပြီးသားအချက်တွေဖြစ်ပါတယ်။ ကိုယ့်က ကိုယ့်ရဲ့အားသာချက်တွေကို သိတဲ့အခါ ထိုအရာတွေကို ပိုမိုကောင်းမွန်ပြီး ကြီးမားတဲ့ ပြီးမြောက်အောင်မြင်မှုတွေကို ဖန်တီးနိုင်ဖို့ ကြိုးစားနိုင်ပါတယ်။
  • ဥပမာ - စာရေးမြန်ခြင်း၊ တီထွင်ဖန်တီးနိုင်စွမ်းကောင်းခြင်း၊ ဟာသဥာဏ်ရွှင်ခြင်း။


၇။ ဂျာနယ် (Journaling) ရေးသားခြင်း အလေ့အထကိုမွေးမြူပါ။

  • ဂျာနယ်ရေးတာ စိတ်အားထက်သန်မှုကို ရှာဖွေခြင်းနဲ့ ဝေးနေတဲ့အချက်လို့ ထင်ရကောင်းထင်ရနိုင်ပါတယ်။ သို့ပေမယ့် ဂျာနယ်ရေးခြင်း အလေ့အထက ကိုယ်တကယ်ဘာကိုချစ်သလဲ။ ကိုယ်နေ့စဥ်ဘယ်လိုခံစားရသလဲ ထင်ဟပ်စေတာမို့ ကိုယ့်ရဲ့ စိတ်အားထက်သန်မှုကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ကိုယ့်နေ့စဥ်ရေးထားတဲ့အချက်တွေကို ပြန်ဖတ်ရင်း လေ့လာသုံးသပ်နိုင်စေပါတယ်။
  • ဥပမာ - နေ့စဥ် စာအုပ်အလွတ်ထဲ ကိုယ်တစ်နေ့တာ အကောင်းဆုံးလုပ်နိုင်ခဲ့တဲ့အချက်များ ချရေးခြင်း။


၈။ စိတ်ငြိမ်းချမ်းမှုအလေ့အထကို ကျင့်သုံးပါ။

  • စိတ်အေးအေးထားပြီး ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ခြင်းက “စိတ်အားထက်သန်မှုဟာ ကိုယ်တွင်းမှာရှိပြီး ကိုယ့်ကိုယ်ကိုယ်သိပြီးသား”ဆိုတဲ့ အချက်ကို သိရှိစေပါတယ်။ အချိန်ပေးကာ ကိုယ့်အတွင်းစိတ်ကို ပြန်လည်သုံးသပ်ခြင်းက ဘဝကိုရှင်သန်ခြင်းမှာ အင်မတန်အရေးပါပါတယ်။
  • ဥပမာ - တရားထိုင်ကာ သုံးသပ်ခြင်း။


၉။ လမ်းပြသူများထံမှ အကြံပြုချက်များရယူပါ။

  • အခြားကိုယ့်ထက်အတွေ့အကြုံများသူများထံမှ အကြံပြုချက်များရယူခြင်းကလည်း တကယ်အရေးကြီးသလို အကူအညီအင်မတန်ဖြစ်ပါတယ်။ ဖြတ်သန်းလာခဲ့တဲ့အတွေ့အကြုံများအရ ကောင်းမွန်တဲ့အကြံဥာဏ်ပေးနိုင်တဲ့လူတွေကို မှန်ကန်စွာရွေးချယ်တတ်ဖို့တော့လိုပါတယ်။


၁၀။ ကိုယ့်ပတ်ဝန်းကျင်ကို “ကိုယ်ဖြစ်ချင်သူ”များနဲ့ ဝန်းရံပါ။

  • ကိုယ့်ဘဝမှာ ကိုယ့်ပတ်ဝန်းကျင်က အလေ့အထအကျင့်စရိုက်တွေဟာ အနည်းနဲ့အများဆိုသလို ကူးစက်လွှမ်းမိုးစေပါတယ်။ ကိုယ့်ရဲ့ စိတ်အားထက်သန်မှုကို အနည်းအကျဥ်းသိလာပြီဆိုရင် ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်ဖြစ်လာချင်သူ၊ ကိုယ်လေးစားရသူများနဲ့သာ ဝန်းရံထားပါ။ အဲ့လိုအသိုက်အဝန်းတည်ဆောက်ထားနိုင်ခြင်းက အချင်းချင်း အပြန်အလှန် လုံခြုံမှု၊ စိတ်ဓာတ်ခွန်အား၊ လေးစားအားကျရမှုများနဲ့ ကောင်းမွန်တဲ့ဘဝတည်ဆောက်ဖို့ ခွန်အားရစေပါတယ်။


အဆိုပါ ၁၀ ချက်ကို ပြန်ချုံပြီး သုံးသပ်ကြည့်ရရင် ကျွန်တော့်အနေနဲ့ ကိုယ်ပိုင်စံတန်ဖိုးများကို ကောင်းကောင်းသိပြီး ကိုယ်ဘာကို နှစ်ခြိုက်သဘောကျလဲ။ ဘယ်အရာကို လုံးဝသဘောမကျလဲ သေချာဆုံးဖြတ်ကာ ကိုယ်ပိုင် “Statement” တစ်ခုတည်ဆောက်ပြီး ကိုယ့်ကိုယ်ကိုယ်ပြန်လည်ဆန်းစစ်ကာ အသိုင်းအဝန်းကောင်းတစ်ခုတည်ဆောက်ခြင်းဖြင့် ဘဝမှာ ကိုယ်ဘာဖြစ်ချင်သလဲရှာဖွေနိုင်ပါတယ်။

ကိုယ်တိုင်လည်း စိတ်အားထက်သန်တဲ့အရာကို ရှာဖွေနိုင်ခဲ့ပြီး အချက် ၁၀ ချက်ကို လက်တွေ့ကျင့်သုံးနေတာဖြစ်လို့မျှဝေပေးလိုက်ပါတယ်။ ဝါသနာနဲ့ စစ်မှန်တဲ့ စိတ်အားထက်သန်မှုကို ကွဲကွဲပြားပြားသိပြီး ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေကို လက်တွေ့ဖော်ဆောင်နိုင်ဖို့ မျှော်လင့်ရင်းမျှဝေပေးလိုက်ပါတယ်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး‘မိအေး နှစ်ခါနာတဲ့ Victim များ’စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု စာစောင်လေးဆယ် - အလိုကြီးအရနည်း မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုးစာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်း