Author's Profile Photo

LY Cho

11/07/2024

လူငယ်တွေကို လူရာသွင်းပါ။

2 mins read
Personal Development
လူငယ်တွေကို လူရာသွင်းပါ။'s photo

စိတ်ကစားတတ်တဲ့လူငယ်အရွယ်ဆိုတာ ကလေးဘဝကနေ ကျော်လွန်ပြီး လူကြီးဘဝကို မရောက်ခင် အရွယ်အပိုင်းအခြားကို ခေါ်တာပါ။ တစ်နည်းဆိုရရင် ကြားကာလ (transition)ပေါ့။ ကလေးတစ်ယောက်လို လမ်းမပေါ် စိတ်ကောက်အော်ဟစ် ငိုယိုလို့မရတော့ဘူး။ လူကြီးတစ်ယောက်လိုလည်း တည်တည်တံ့တံ့ကြီး နေလို့ မရသေးပြန်ဘူး။ လူငယ်တစ်ယောက်ဟာ စိတ်ကောက်ပေမယ့် ငိုချင်စိတ်ကို မျိုသိပ်ထားရတယ်။ လူကြီးလို မရင့်ကျက်သေးတော့ စိတ်ထဲမှာ ကျိတ်ငိုခဲ့ရတယ်။ ဒီလိုနဲ့ လူငယ်တစ်ယောက်ရဲ့ဘဝဟာ ခံစားချက်ကို မျိုသိပ်ရင်း နှလုံးသားနဲ့ဦးနှောက်ကို စတင်အသုံးပြုလာကြရတယ်။ နှလုံးသားနဲ့ ဦးနှောက်ကို ထိန်းညှိ(Adjust) တတ်လာကြတယ်။တစ်ခါတစ်လေ နှလုံးသားက အသာစီးရလိုက်၊ တစ်ခါတစ်လေ ဦးနှောက်က အသာစီးရလိုက်နဲ့ ဒီလိုဖြစ်နေတာကို စိတ်ကစားတယ်လို့ တင်စားရမှာပဲလေ။ ဒီလိုစိတ်ကစားတာကို လူကြီး မိဘတွေအနေနဲ့ အပြစ်လို့ မမြင်ဘဲ သဘာဝလို့ မြင်ပေးသင့်ပါတယ်။ လူကြီးတွေလည်း ဒီလို လူငယ်ဘဝကို ဖြတ်သန်းလာရတာမို့ မေ့ဖျောက်ပစ်ဖို့ မသင့်တော်ပါဘူး။ သူတို့ငယ်ငယ်ကလည်း ရူးနှမ်းတဲ့အလုပ်တွေ လုပ်ခဲ့ကြတာပဲလေ။

လူငယ်ဆိုတာ ကလေးအရွယ် ကျောင်းတက်ချိန်က ကျောင်းဆင်းလို့ အိမ်ပြန်လာရင် အပူအပင်မရှိ ဆော့ကစားရတဲ့အရွယ်မဟုတ်တော့ဘူး။ ကျောင်း ဒါမှမဟုတ် အလုပ်ကပြန်လာရင် ကိုယ့်အိမ်ရဲ့ ကိစ္စအဝဝကို ကူညီလုပ်ကိုင်ပေးကြရသေးတာပါ။ ဒါဟာ ခိုင်းလို့လုပ်တာမျိုးမဟုတ်ဘဲ သူတို့ ရဲ့ ပင်ကိုယ်အသိမှာ အသိတရားရှိကြလို့ပါ။ မိဘတွေ မျက်နှာညှိုးရင် အရိပ်အကဲကြည့်တတ်လာပြီ။ အလုပ်ခွင်လည်း ဝင်မရသေးတဲ့အရွယ်၊ အိမ်အလုပ်လေးတွေ တောက်တိုမယ်ရ လုပ်နေရတဲ့အရွယ် မိမိဝါသနာပါရာ သီချင်းရေးတာ၊ ဂစ်တာတီးတာ၊ စာရေး စာဖတ်လုပ်နေတဲ့ အရွယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ လူငယ်တွေကို လူကြီးတွေက လူရာသွင်းပြီး ဆက်ဆံတာမျိုး မရှိခဲ့ပါဘူး။

လူငယ်လေးတွေ ပျက်စီးမသွားဖို့ အရေးကြီးဆုံးက ပတ်ဝန်းကျင်ပါ။ ပတ်ဝန်းကျင်ဟာ မိတ်ဆွေဖြစ်သလို ရန်သူလည်း ဖြစ်နိုင်ပါတယ်။ လူငယ်တစ်ယောက်နေထိုင်ကျင်လည်ရတဲ့ပတ်ဝန်းကျင်ဟာ လူငယ်ကို ပုံသွင်းတော့မှာမို့ပါ။ ပတ်ဝန်းကျင်က အရေးကြီးတယ်ဆိုပေမယ့် ပတ်ဝန်းကျင်ကို ရွေးချယ်ခွင့်ရတဲ့ ကိစ္စကတော့ လွယ်ကူတဲ့အရာမဟုတ်ပါဘူး။ တံငှာသည်မိဘနှစ်ပါးက မွေးဖွားလာပြီး တံငှာသည်ရပ်ကွက်မှ နေထိုင်တဲ့ လူငယ်အဖို့ ငါးညှီနံ့ကိုကောင်းစွာ ရှုရှိုက်နိုင်ရပါမယ်။ ငါးကို အလေးနဲ့ ထုရိုက်သတ်တတ်ရမယ်။ ဒါဟာ ဘဝပဲဖြစ်ပါတယ်။ လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ လက်ခံရမှာပါပဲ။ ဒီလို ရွေးစရာမရှိတဲ့ဘဝမျိုးရောက်နေတာကို လူတော်ဖြစ်ဖို့ အသိတရားရှိဖို့ဆိုတာဟာ မလွယ်ကူနိုင်ပါဘူး။ မလွယ်ပေမယ့် အောင်မြင်နိုင်တဲ့ နည်းလမ်းသစ်ရှာနိုင်တဲ့သူတွေပဲ ထူးချွန်သူဖြစ်လာကြတာပါ။ အောင်မြင်သူတွေရဲ့ အဓိက အချက်ကို ကြည့်တတ်ဖို့ လိုပါတယ်။ အမေရိကန် သမ္မတဖြစ်ခဲ့တဲ့ လင်ကွန်း၊ လူသားတွေအတွက် လိုအပ်တဲ့ပစ္စည်းကိုတီထွင်ပေးခဲ့တဲ့ သောမက်အယ်ဒီစင်တို့ဟာ ဒီလို ရွေးစရာမရှိတဲ့ဘဝထဲက ရုန်းထွက်ခဲ့ကြတာပါ။ သူတို့ဟာ အတန်းပညာကို ပြီးစီးအောင် မသင်ယူခဲ့ရပါဘူး။ သူတို့ဟာ သူတို့ပတ်ဝန်းကျင် ဉခွံကျဉ်းလေးထဲကနေ ရုန်းထွက်ခဲ့ကြတယ်။ ရုန်းထွက်ဖို့ ခွန်အားပေးလိုက်တာက စာပေဖတ်ရှုခြင်းပါပဲ။ စာဖတ်ခြင်းကနေ မတူညီတဲ့ဘဝတွေကို လှမ်းမြင်နိုင်တယ်၊ ခံစားနိုင်တယ်။ လက်တွေ့မရောက်နိုင်သေးတဲ့ အနာဂတ်ကို စာပေနဲ့ကြိုတင်မှန်းဆနိုင်တယ်။ မိမိရဲ့လက်ရှိဘဝကို ရွေးခွင့်မရပေမယ့် မိမိအနာဂတ်ကိုတော့ ရွေးပိုင်ခွင့်ရှိတယ်၊ မရောက်သေးတဲ့အနာဂတ်အတွက် လက်ရှိဘဝကို ပြင်ဆင်နေထိုင်လို့ရတယ်။ လူချင်းတူပေမယ့် အသက်ရှူခြင်း ကွဲပြားနေကြသလို လူချင်းတူပေမယ့် ဘဝတွေက ကွဲပြားနေတာ။ တစ်ချို့လူငယ်တွေ အောင်မြင်နေသလို တစ်ချို့ လူငယ်တွေ ကျရှုံးနေကြတာ။


လူ့သက်တမ်းတွေ ပြည့်တဲ့အခါ လူ့ဘဝဟာချုပ်ငြိမ်းသွားတယ်။ ဒါဆိုရင် မိမိ ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျောက်မှာရော အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းခဲ့ရဲ့လား?

ဘဝကို တန်ဖိုးရှိရှိ ဖြတ်သန်းသွားနိုင်အောင် စတင်ရမှာ လူငယ်ဘဝပါ။ အတိတ်က ဖြတ်သန်းလာတဲ့ ကလေးဘဝဆိုတာ စားလိုက်၊ ကစားလိုက်၊ ကျောင်းသွားလိုက်၊ အိပ်လိုက်နဲ့ပဲ အချိန်ကုန်ခဲ့ကြတာပါ။ လူငယ်ဘဝဆိုတာ ကလေးလို နေထိုင်လို့မရတော့ဘူး။ မိသားစုတာဝန်၊ ရပ်ရွာတာဝန် ၊ တိုင်းပြည်တာဝန်၊ မိမိဘဝတိုးတက်အောင် ကြိုးစားရမယ့် တာဝန် စတဲ့တာဝန်အသီးသီးကို ပခုံးပေါ် လွှဲပြောင်းယူကြရမှာပါ။

လူငယ်ဘဝကနေ တည်ငြိမ်တဲ့ လူကြီးဘဝကို တဖြည်းဖြည်း ကူးပြောင်းကြရတော့မယ်။ ထိုအချိန်မှာ အရေးကြီးဆုံးက မိသားစုပါ။ ပထမဆုံးလူငယ်ကို မိသားစုမှာ မှန်ကန်တဲ့နေရာတစ်ခုပေးရမယ်။ မိဘများနဲ့အတူထမင်းစားခြင်း၊ စကားပြောရင် လူငယ်ကို ပါဝင်ပြောဆိုခွင့်ပြုခြင်း၊ ထိုလူငယ်ပေးလာတဲ့အကြံကိုစိတ်ရှည်စွာနားထောင်ပေးခြင်း၊ အသိအမှတ်ပြုပေးခြင်းနဲ့ လူငယ်ကို လူရာသွင်းရပါမယ်။ ဒါမှ လူငယ်ဟာ မိမိကိုယ်ကို ယုံကြည်မှုရှိလာမယ်။ ပြောရဲဆိုရဲရှိလာမယ်။ပြောတတ်ဆိုတတ်ဖြစ်လာမယ်။ ပြောရဲဆိုရဲဆိုတာ ရိုင်းရိုင်းစိုင်းစိုင်းပြောတာ၊ အခြေအနေမကြည့် ပြောတာမျိုးကို မိဘတွေက ထိန်းကျောင်းပေးရမှာပါ။ လူငယ်လုပ်ချင်တဲ့အလုပ် ၊ ကိစ္စတစ်ခုခုကို ခိုင်ခိုင်မာမာတောင်းဆိုလာရင် အတတ်နိုင်ဆုံးလိုက်လျောပေးရမယ်။သူတောင်းဆိုတာကို လိုက်လျောပေးတာက လူငယ်အပေါ်မှာ အားအင်တိုးစေတယ်၊ ယုံကြည်မှုတိုးစေတယ်၊ ခွန်အားဖြစ်စေပါတယ်။ အကယ်၍ လူငယ်လုပ်တဲ့အလုပ်မှာ အမှားအယွင်းဖြစ်သွားရင်လည်း ခွင့်လွှတ်ပေးလိုက်ပါ။ ဆူပူကြိမ်းမောင်းတာမျိုးမလုပ်ပါနဲ့။ အဲ့ဒီအမှားကို လူငယ်နဲ့အတူဖြေရှင်း၊ နည်းလမ်းပြတာမျိုးလုပ်ပေးပါ။ သူ့အမှားကို ဝန်ခံတတ်ပြီး နားလည်လာအောင် ဆုံးမကူ‌ညီပေးရမှာပါ။

ဆိုတော့ လူငယ်တွေ စိတ်ဓာတ်ရေးရာ ရင့်ကျက်လာဖို့ လူငယ်ကိုယ်တိုင် လူရာဝင်အောင်ကြိုးစားရပါမယ်။မိသားစုများ၊ ပတ်ဝန်းကျင်မှာရှိတဲ့လူကြီးများက ဝိုင်းဝန်းပြီး လူရာသွင်း နေရာပေးရပါမယ်။ ဒါမှ အဖိုးတန်တဲ့လူငယ်တွေ ၊ တိုင်းပြည်ကိုအကျိုးပြုမယ့် လူငယ်တွေ ဖြစ်လာမှာ ဖြစ်ပါတယ်ဗျာ။


စာဖတ်သူတစ်ဦးချင်းစီကို ကျေးဇူးအထူးတင်လျက် ??

စာရေးသူ - လရောင်ချို

11/7/2024(Thursday)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးလိုမှသုံးပါ"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"အင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်