Author's Profile Photo

စမ်းစမ်းနွဲ့ (သာယာဝတီ)

11/07/2024

လူငယ်များနှင့် လွတ်လပ်မှုတန်ဖိုး

3 mins read
Life Style
Art
18 Again
လူငယ်များနှင့် လွတ်လပ်မှုတန်ဖိုး's photo

လွန်ခဲ့သော ၂၃ နှစ်လောက်က ရန်ကုန်မြို့ရဲ့ တခုတည်းသော သင်္ကြန်မဏ္ဍပ်မှာ သံချပ်ပြိုင်ပွဲတွေ အကြီးအကျယ် ကျင်းပခဲ့ဖူးပါတယ်။ အခြေအနေ အကြောင်းကြောင်းကြောင့် အကဲဖြတ်ဒိုင်ချုပ်တာဝန်ယူခဲ့ရသူက ကျွန်မပါ။ ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ဒိုင်ချုပ်ကို တာဝန်တခု ရုတ်တရက်ပေးလာပြန်ပါတယ်။ ငှက်လွှတ်ပေးပါတဲ့။

ကြည့်လိုက်တော့ စင်မြင့်ပေါ်မှာ ငှက်လှောင်အိမ်တွေ ချထားတာ မနည်းမနောပါပဲ။ စာကလေးတွေ ထောင်ဂဏန်း ကျော်မယ်ထင်ပါတယ်။ လှောင်အိမ်တွေ တခုချင်းစီဖွင့်ပြီး ငှက်ကလေးတွေအုပ်လိုက်သင်းလိုက် လွှတ်ပေးရတဲ့ ခံစားမှုဆိုတာ ဘယ်လိုစကားလုံးနဲ့ ဖော်ပြလို့မှမလုံလောက်နိုင်အောင်ပါပဲ။

ခုပြန်တွေးရင် ခုကိုပဲ ကြက်သီးချမ်းမြကြည်နူးရပါတယ်။ လှောင်အိမ်ဖွင့်လိုက်တယ်ဆိုရင်ပဲ အမြင့်ဆုံးကို တဟုန်ထိုးပျံတက်ပြီး လေဟုန်စီးမျောနေတဲ့ အုပ်စု၊ သစ်ပင်ထိပ်ဖျားမှာ ခိုနား ကျန်ရစ်တဲ့အုပ်စု၊ အဝေးဆုံးကို မျက်စိတဆုံး၊ ပျံပြေးပျောက်ကွယ်သွားတဲ့အုပ်စု စသည်ဖြင့် ကွဲပြားခြားနားတဲ့မြင်ကွင်းတွေဟာ ရင်ထဲမှာပုံရိပ်ကျန်ဆဲရှိပါတယ်။

ဘာပဲဖြစ်ဖြစ် ငှက်ကလေးတွေကတော့ သူ့သိစိတ်နဲ့သူ၊ သူ့ကြမ္မာသူ ဖန်တီးသွားကြပြီပေါ့။ လွတ်လပ်ခြင်းဆိုတာ ဒီသဘောပါပဲ။ လူသားတွေအဖို့ကတော့ သိစိတ်ဆိုတာ ကျိုးကြောင်းဆင်ခြင်တုံတရားတွေ၊ ပညာဉာဏ်အမြော်အမြင်တွေ ပေါင်းစပ်လို့မို့ ပိုပြီး နက်ရှိုင်းမြင့်မားပါတယ်။ ဒီအခြေခံတရားတွေနဲ့ လွတ်လပ်မှုကို မြတ်နိုးတန်ဖိုးထားကြတာပါ။

မွေးရာပါအခွင့်အရေးနဲ့ လွတ်လပ်စွာရှင်သန်လာသူတွေအဖို့တော့ လွတ်လပ်မှုဆိုတာကို ခေါင်းထဲထည့်တောင် ထည့်မိကြမှာမဟုတ်ပါဘူး။ ချုပ်ချယ်ကန့်သတ်မှုပုံစံခွက်ထဲမှာ အသက်ရှူရင်း ရှင်သန်လာသူများသာလျှင် လွတ်လပ်မှုရဲ့တန်ဖိုးကို ပိုပြီးနားလည်ခံစားနိုင်မယ်ထင်ပါတယ်။

ချုပ်ချယ်ကန့်သတ်မှုများကို အတန်အသင့်ဖြေလျော့ပေးလိုက်ပြီဖြစ်တဲ့ ခုလိုကာလမျိုးမှာ လန်းဆန်းတက်ကြွလှုပ်ရှားနေကြတဲ့ လူငယ်တွေ၊ အသင်းကွန်ရက်တွေကို တွေ့လာနေရတော့ အနုမောဒနာ ပြုမဆုံးနိုင်အောင်ပါပဲ။

အနာဂတ်အိပ်မက်တွေကို ရဲရဲဝံ့ဝံ့ပုံဖော်ထုဆစ်ဖို့ ကြိုးစားနေတဲ့ လူငယ်အစုအဝေးကို ပညာရပ်ဆိုင်ရာ အတွေးအခေါ်ပိုင်းဆိုင်ရာ နယ်ပယ်အသီးသီးကဖွင့်လှစ်တဲ့ သင်တန်းတွေမှာ အားတက်သရော မြင်တွေ့နေရတာကိုလည်း ပေါ်ပင်ကိစ္စမဟုတ်ဘူးလို့ပဲယုံကြည်ပါတယ်။

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ဆိုတဲ့ လွတ်လပ်ခွင့်ကို တန်ဖိုးထားကြတဲ့ လူငယ်တွေကို မြင်တွေ့ရလေလေ ကျွန်မတို့လို လူကြီးများရဲ့ ဘဝနေဝင်ချိန်အတွက် ပိုပြီး စိတ်ချလုံခြုံမှုရလေလေပါပဲ။

နယ်ပယ်အသီးသီးက ကန့်သတ်မှုတွေ လျော့ပြေလာတာနဲ့အမျှ အဲဒီလွတ်လပ်မှုကို တန်ဖိုးထားပုံခြင်း ကွာခြားတာတွေလည်း တွေ့ကြမှာပါ။ လွတ်လပ်မှုကိုတန်ဖိုးထားတယ်ဆိုတာကလည်း ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်တန်ဖိုးထားသလဲဆိုတာမှာ အခြေခံပါတယ်။ ကိုယ်ဟာ လူတယောက်ဖြစ်တယ်။ လူအဖြစ်ကို ဘယ်လိုတန်ဖိုးထားသလဲဆိုတာ စဉ်းစားရပါမယ်။

အသိဉာဏ်အမြော်အမြင်နဲ့ ကျိုးကြောင်းဆင်ခြင်တုံတရားဆိုတာ လူမှာပဲ ရှိနိုင်တာကိုး။ ဘာသာရေးဆန်သွားမှာမို့ ကံသုံးပါးလို့ (ပြောချင်လျက်နဲ့) မပြောလိုသော်လည်း ကိုယ်အမူအကျင့်၊ နှုတ်အမူအကျင့်၊ စိတ်အမူအကျင့်ဆိုတဲ့ အကျင့်သိက္ခာကို ကောင်းနိုင်သမျှကောင်းအောင် ထိန်းသိမ်းနိုင်တာ လူသာလျှင် ဖြစ်ပါတယ်။ ယဉ်ကျေးမှုအဆင့်အတန်းဆိုတာလည်း လူ့အဖွဲ့အစည်းမှာပဲ ရှိပါတယ်။

ကိုယ်ကျိုးစွန့်အနစ်နာခံမှုဆိုတာလည်း လူ့ဂုဏ်သိက္ခာသာ ဖြစ်ပါတယ်။ ဒီလူ့အရည်အသွေးတွေနဲ့ အကဲဖြတ်ကြည့်ရင် လူတယောက်ဟာ သူ့ကိုယ်သူ ဘယ်လောက်တန်ဖိုးထားတယ်၊ ဘယ်လိုတန်ဖိုးထားတယ်ဆိုတာ သိနိုင်ပါပြီ။ တန်ဖိုးထားသလို ရွေးချယ်သွားကြတဲ့ မျိုးဆက်သစ်လူငယ်လောကကို ခြုံငုံကြည့်လိုက်ရင် ကျွန်မတော့ အားရကျေနပ်မှုကများပါတယ်။

တချို့လူငယ်လေးတွေက အပျော်လွန်နေကြတယ်လို့ ဆိုပါတယ်။ အပျော်အပါး ပွဲလမ်းသဘင်တွေလည်း များလာတယ်လို့ စိတ်ရှုပ်သူတွေ စိတ်ရှုပ်နေကြပါတယ်။ အဓိက အရေးမပါဘဲ ပုံကြီးချဲ့နေတဲ့ရှိုးပွဲတွေ မများလွန်းဘူးလားလို့လည်း မေးခွန်းထုတ်သူကထုတ်ပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာ အင်တာနက်စာမျက်နှာတွေပေါ်တက်လာတဲ့ ပရမ်းပတာစုံတွဲပုံ၊ တကိုယ်တည်းပုံတွေနဲ့အတူ ခေတ်ကြီးကတော့ ပျက်ပါပြီ၊ ‘သင်္ကြန် ယဉ်ကျေးမှုကို ဖျက်ဆီးသူများ´ စတဲ့ မှတ်ချက်တွေ၊ ပိုစိုးပက်စက် ဝေဖန်ထားတဲ့ စာတိုစာရှည်တွေ ဖတ်ရတော့ ထားလိုက်ကြပါ၊ ခေတ်နဲ့မဆိုင်ပါဘူး၊ သူ့စရိုက်နဲ့သူပါ” လို့ပဲ ပြန်ဖြေ လိုက်ရပါတယ်။

ဒါတွေဟာလဲ လူ့အဖြစ်ကို တန်ဖိုးထားတဲ့၊ သူတို့ကို သူတို့ တန်ဖိုးထားတဲ့ အဆင့် အတန်းပေါ့။ စည်းရုံးဖို့၊ ဆိုဆုံးမဖို့ အချိန်မကျသေးဘူး ထင်ပါတယ်။ ဖြတ်သန်းကြပါစေ၊ သူတို့ကိုယ်သူတို့ရိပ်မိလာတဲ့တနေ့ သူတို့ကိုယ်တိုင် ပြောင်းလဲမှာပါ။ ဘာကြောင့်လဲဆိုရင် အရွယ်ရောက်နေကြပြီမို့ပါ။

အရွယ်ရောက်ပြီးဖြစ်တဲ့ လူငယ်တွေကို ကျွန်မတို့လူကြီးတွေက ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ဆန္ဒမစောမိဖို့၊ ဒေါသမလွန်မိဖို့လိုပါတယ်။ တခေတ်က လူငယ်တွေ ဆံပင်ရှည်ထားတာကို ကြည့်မရတဲ့ လူကြီးတွေ၊ အဖွဲ့အစည်းတွေ ရှိဖူးပါတယ်။

စီမံချက်တရပ်လို ဆံပင်ရှည်ထားတဲ့လူငယ်တွေကို ဖမ်းခေါ်ပြီး ခေါင်းတုံးရိတ်လွှတ်တာ၊ ဆံပင်ကွက်ကြားရိတ်ပြီး လွှတ်တာတွေ လုပ်ခဲ့ကြဖူးပါတယ်။ ဒီလိုအနိုင်ကျင့်ဆုံးမတာမျိုးတော့ ကျွန်မ ဘယ်လိုမှလက်မခံနိုင်ပါဘူး။ ဆံပင်ရှည် ဘုတ်သိုက်ပဲထားထား၊ ဆံပင်ရှည် ပိုနီတေးလ်စည်းပဲထားထား၊ ကိုယ်ကျင့်တရားသိမ်မွေ့ပြီး တစုံတရာ ထူးချွန်တဲ့လူငယ်တွေကို ကျွန်မတလေးတစား ဆက်ဆံဖူးပါတယ်။

ကျွန်မက အိုမင်းပြီး သူတို့ကလူကြီးဖြစ်လာကြတဲ့အခါမှာလည်း သူတို့မှာ ခိုင်မာတဲ့ရပ်တည်မှုတွေနဲ့ ရင့်ကျက်နေကြပါပြီ။ ကျွန်မတို့နားလည်ပေးရမှာက လူငယ်တွေဟာ လူကြီးမဟုတ်သေးဘူးဆိုတာပါပဲ။ ဒီသဘောထားဟာ လူငယ်တွေကို လျှော့တွက်တာမဟုတ်ဘဲ မျှော်လင့်တာ ဖြစ်ပါတယ်။

လူ့အဖွဲ့အစည်းကို ခြေပြတ်ပြီး ကျရာခွင်၊ ရောက်ရာဝန်းကျင်မှာ အပျော်လွန်နေသူလူငယ်များအတွက် နည်းနည်းတော့ စိုးရိမ်မိပါတယ်။ ရှေ့အနာဂတ်မှာ ကိုယ်ခံအားဆွံ့ပါးရင် ဘဝကို ရင်ဆိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ နိုင်ငံရဲ့ပြောင်းလဲမှု၊ ခေတ်စနစ်ပြောင်းလဲမှုမှာ လူပီပီသသကြီးပြင်းပြီး လူလိုသူလို အိုမင်းချင်ရင်တော့ ကိုယ်ခံအားကို ဖြည့်ဆည်းဖို့ မမေ့မလျော့ နားလည်ရပါမယ်။

ကိုယ်ခံအားဆိုတာက စည်းကမ်းတကျ နေထိုင်မှု၊ တတ်သိနားလည်မှုနဲ့ အလုပ် ကြိုးစားမှုတို့ပဲ ဖြစ်ပါတယ်။ စည်းကမ်းတကျနေထိုင်မှုဆိုတာ ကိုယ့်ကိုယ်ကိုယ်လူအဖြစ် တန်ဖိုးထားပြီး ကိုယ်တိုင်စဉ်းစား လိုက်နာကျင့်ကြံရမယ့် ကိစ္စတွေပါ။

တတ်သိနားလည်မှုရှိအောင်တော့ သင်ယူစရာတွေ အများကြီးထဲက ရွေးချယ်သင်ယူရပါမယ်။ အလုပ်လုပ်ရမယ်ဆိုတာက ကိုယ့်ဘဝ ရှင်သန်ရေးအတွက် အထက်ပါ အချက်နှစ်ချက်ပေါ် အခြေခံပြီး လှုပ်ရှားရမယ့်ကိစ္စပါ။ ကိုယ့်အတွက်သာမက ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ ကောင်းကျိုး ဆောင်နိုင်မယ်ဆိုရင်တော့ အင်မတန်မှ လူဖြစ်ရကျိုးနပ်ပြီပေါ့။

ဒါကြောင့် လွတ်လပ်မှုအခွင့်အရေးကို တန်ဖိုးထားပါရင် လှောင်အိမ်ဖွင့်လွှတ်လိုက်တဲ့ ငှက်ကလေးများလို ဦးတည်ရာမဲ့စွာဖြင့် တခါတည်းပျံသန်းသွားကြတာမျိုး မဖြစ်စေဘဲ၊ လူ့အဖြစ်ကို တန်ဖိုးထား၊ ကိုယ့်ဘဝကို တန်ဖိုးထားပြီး ကိုယ်ခံအားမဆွံ့ပါးတဲ့ လူငယ်များ ဒီနေ့ထက်ပိုပြီး မြင်ချင်တွေ့ချင်လှပါတယ်။

လူငယ်နှင့် လွတ်လပ်မှုတန်ဖိုး၊
စက်တင်ဘာလ၊ ၂၀၁၂။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး