Author's Profile Photo

တင်ညွန့်

22/09/2025

ကျောင်းနှစ်ကျောင်း

4 mins read
Life Style
ကျောင်းနှစ်ကျောင်း's photo

ကျွန်တော်သည် ကျောင်းပိတ်ရက်တွင် ဘုန်းကြီးကျောင်းကိုလာပြီး စာဖတ်လေ့ရှိသည်။
ဘုန်းကြီးကျောင်းအတွင်းရှိ စာအုပ်ဗီရိုများတွင် ဘာသာရေးဆိုင်ရာ စာအုပ်ပေါင်းများစွာရှိသည်။ ပျံလွန်တော်မူ သွားသည့် ယခင် ဆရာတော်ဘုရားကြီးသည် စာအလွန်ဖတ်ပြီး စာတတ်ရဟန်းတစ်ပါးဖြစ်သည်။ ထို ဆရာတော်ကြီး စုဆောင်းထားသည့် စာအုပ်များကို နောက်ဆက်ခံသော ဆရာတော်က ဗီရိုကိုဖွင့်၍ပင် ကြည့်ဟန်မတူပါ။ ကျွန်တော်က စာအုပ်ကို မြတ်နိုးသူတစ်ဦးပီပီ၊ ဗီရိုများကို ရှင်းလင်းပေးခြင်း၊ ခြမတက်စေရန် ဆေးမှုန့်ဖြူးခြင်းများကို လာပြီး ဆောင်ရွက်ပေးသည်။ ထို့ကြောင့် ကျောင်းကိုလာပြီး စာဖတ်ခွင့်ကို လက်ရှိ ဆရာတော်ကပေးထားသည်။

ထိုနေ့က ကျွန်တော်စာအုပ်တစ်အုပ်ကိုဖွင့်ပြီး အချက်အလက်များကို ရေးမှတ်နေစဉ်
“ဒကာကြီး ရောက်နေတာကြာပြီလား”
“ကြာပြီဘုရား၊ အရှင်ဘုရား ဟိုဘက်ရွာကို ဆွမ်းစားကြွနေတယ်ဆိုလို့ တပည့်တော် ဒီမှာပဲ စာဖတ်နေတာပါ”
“ဗီရိုသော့ထားသွားတယ်လေ”
“တွေ့ပါတယ်ဘုရား”
“ဒကာကြီး”
“ဘုရား”
“ဦးဇင်းလည်း ဒီလကုန်ရင် မြို့ကိုလိုက်ဦးမယ်”
“တင်ပါ့ဘုရား … တပည့်တော်လည်း လကုန်ရင် လစာထုတ်ဆင်းမယ်ဘုရား”
“ဘယ်နေ့သွားလဲ”
“လမကုန်ခင် တစ်ရက်ကြိုဆင်းမယ်ဘုရား”
“ကောင်းပြီလေ ဦးဇင်းလည်းလိုက်မယ်”
“ဘယ်လောက်ကြာကြာနေမလဲဘုရား”
“မကြာဘူး … ဘဏ်မှာ ငွေသွားထည့်မလို့။ နောက်တစ်နေ့ပြန်လာမှာ”
“ငွေသိပ်များလို့လားဘုရား”
“လက်ထဲ ငွေနှစ်သိန်းလောက်ဖြစ်လာလို့ပါ။ ဒီမှာကလည်း ငွေများများ မထားရဲဘူးလေ။ ဦးဇင်းရှိသမျှ ငွေအားလုံးက ဘဏ်မှာထားတာ”
“မှန်ပါတယ်ဘုရား၊ ခေတ်ကလည်းကောင်းတာမဟုတ်တော့ ဘဏ်ထဲထည့်ထားတာ စိတ်ချရပါတယ်။ အရှင်ဘုရားကျောင်းဟောင်းကြီးကိုပြုပြင်ဖို့လားဘုရား။ ကျောင်းဟောင်းကြီးက နှစ်ပေါင်း ၁၀၀ ‌လောက်ရှိပြီ ထင်တယ်။ ပြိုကျတော့မှာဖြစ်လို့ ပြင်လိုက်ရင် သုံးသင့်တဲ့သစ်တွေပြန်ရမှာပဲဘုရား”
ထိုစဉ် ကျောင်းပေါ်ကို လူတစ်စုတက်လာသဖြင့် ကြည့်လိုက်ရာ ဦးတိုးရီနှင့် မောင်နှမတွေဖြစ်နေသည်။
“လာ … လာ … ဒကာကြီးတို့လာကြ”
ဦတိုးရီ၊ ဦးမောင်ဆင့်၊ ဒေါ်သန်းမြ၊ ဒေါ်ကြည်အေးတို့က ဆရာတော်ကို ဦးချလိုက်ကြသည်။
“အရှင်ဘုရားခေါ်တယ်ဆိုလို့ပါဘုရား။ ဆရာကြီးလည်း ရောက်နေတာကိုး။ ဘာအကြောင်းများလဲ”
ကျွန်တော်က
“အရှင်ဘုရား တပည့်တော်ပြန်တော့မည်ဘုရား” ဟု သူတို့ကိစ္စရှိမည်အထင်နှင့် ရှောင်ထွက်ပေးရန် ဆုံးဖြတ် လိုက်သည်။
“နေပါဒကာကြီး ရပါတယ်” ဟု ဆရာတော်ကဆိုလိုက်သဖြင့် ကျွန်တော် စာဆက်ဖတ်နေလိုက်သည်။
“ဒီလို … ဒကာကြီးတို့ မောင်နှတွေကိုခေါ်လိုက်ရတာက ဒကာကြီးတို့ ဘိုးဘွားမိဘတွေ လှူဒါန်းသွားခဲ့တဲ့ ကျောင်းကြီးက ပြိုတော့မယ်။ အဲဒါ ဒကာကြီးတို့ မောင်နှမတွေက ဘိုးဘွားမိဘတွေရဲ့ အမွေကို ဆက်ခံတဲ့ အနေနဲ့ အဲဒီကျောင်းဟောင်းကြီးကို ပြန်ပြီးတော့ ပြုပြင် အသစ်ဆောက်နိုင်မလားလို့ ခေါ်မေးတာ”
မောင်နှမလေးယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ အစ်ကိုအကြီးဆုံးဖြစ်သူ ဦးတိုးရီက
“အရှင်ဘုရား … တပည့်တော်တို့ ဘိုးဘွားမိဘတွေလက်ထက်က ချမ်းသာခဲ့တာမှန်ပေမယ့်၊ တပည့်တော်တို့ မောင်နှမတွေလက်ထက်မှာ မွဲပြီးရင်း မွဲရင်းပါဘုရား။ တပည့်တော်တို့ မောင်နှမလေးယောက်စလုံး ကိုင်းတွေ လယ်တွေတောင် ရောင်းစားနေရတဲ့ဘဝတွေပါ။ မောင်နှမလေးယောက် တစ်ယောက် လယ်တစ်ကွက်လေးနဲ့ မသေအောင် ရုန်းကန်လှုပ်ရှားနေရတော့ ကျောင်းကြီးကို ပြန်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူးဘုရား”
“အင်း … မွေခံထိုက်စေတဲ့ … ဘိုးဘွားမိဘတွေ ကြိုးစားပြီး ချမ်းသာခဲ့သလောက် ဒကာကြီးတို့လက်ထက်မှာ အမျိုးဂုဏ်ကို ဆက်မှ မထိန်းနိုင်တာပဲ။ မရှိလို့မလှူ … မလှူလို့မရှိဆိုတာလိုဖြစ်နေပြီ”
“တပည့်တော်တို့က ခေတ်ဆိုးခေတ်ကျပ်မှာ မွေးဖွားကြီးပြင်းနေရတာပါဘုရား။ လယ်တွေ ယာတွေလည်း အသိမ်းခံရသေးတယ်။ အစားပြန်ပေးတဲ့ လယ်တွေကလည်း စိုက်စားလို့မရတဲ့နေရာတွေ။ သီးနှံကမထွက်၊ အခွန်ကတက်၊ စပါးထွက်လည်း ဈေးမရ၊ အစိုးရကို ပေးရတဲ့စပါးကလည်း ထက်ဝက်လောက်ကိုရှိတယ်။ ဘယ်မှာ နာလံထူနိုင်လို့လဲဘုရား။ တစ်နှစ်တည်းမှမဟုတ်တာ။ နှစ်ပေါင်းကြာလေ မွဲလေပဲဘုရား။ လှူစရာကို မရှိလို့ပါဘုရား”
“ဒကာကြီးက တစ်ယောက်တည်းအမြင်နဲ့ ပြောနေတာပဲ။ မောင်နှမတွေကိုလည်း မေးစမ်းပါဦး”
“တပည့်တော်လည်း အစ်ကိုကြီးပြောတဲ့အတိုင်းပါပဲဘုရား”
ညီမလေးဒေါ်ကြည်အေးကတော့
“ကိုကြီးတို့ရယ် … အဖေအမေတို့ရဲ့အမွေကို ဆက်ခံတဲ့အနေနဲ့ ကျောင်းကိုဆက်ဆောက်ရအောင်” ဟု ဆိုသည်။
“ညီမလေးရယ် နင့်မှာ ပိုက်ဆံ ဘယ်နှပြားရှိလို့လဲ”
“တစ်ပြားမှတော့ မရှိဘူးပေါ့ အစ်ကိုကြီးရယ် … ရှိတဲ့လယ်လေး ရောင်းချပြီးတော့ လှူကြတာပေါ့”
အစ်မဖြစ်သူ ဒေါ်သန်းမြက ဝင်ပြောသည်။
“ညီမလေး ပေါ့ပေါ့မပြောနဲ့။ လယ်တွေရောင်းလိုက်ပြီး လှူလိုက်ပါပြီတဲ့။ ငါတို့ဘယ်လို ရပ်တည်ကြမလဲ”
“ကဲ … ကဲ … မင်းတို့မောင်နှမတွေကို အကြောင်းကြား အသိပေးချင်လို့ ခေါ်ပြောတာ။ မလှူနိုင်ရင်လည်း ရတယ်။ ကျုပ်ကတော့ ကျောင်းဟောင်းကိုဖျက်ပြီး ကျောင်းသစ်ဆောက်မှာပဲ။ အလှူငွေထည့်ချင်ထည့် မထည့်ချင်နေ။ ကျုပ်က ပြောသင့်တာပြောပြီးပြီ”
ဆရာတော်ကပြောပြောဆိုဆိုနှင့် အခန်းထဲဝင်သွားကာ တံခါးပိတ်လိုက်သည်။
မောင်နှမတွေလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြန်သွားသည်။
ကျွန်တော်လည်း ဖတ်လက်စ စာအုပ်ကိုမှတ်သားပြီး ဗီရိုထဲထည့်ကာ အသာလေးပြန်ခဲ့သည်။
လကုန်သော် ကျွန်တော် မြို့ကိုဆင်းသည်။ လစာထုတ်ရန်ဖြစ်သည်။ ဆရာတော်လည်း လိုက်သည်။ ရွာကထွက်သည့် တစ်စီးတည်းသော ဘတ်စ်ကားတွင် ဆရာတော်က ခေါင်းခန်းမှ နေရာယူထားသည်။ ကားထွက်ခါနီးမှ ဆရာတော်က ခေါင်းခန်းတွင်လာစီးဟုပြောကြောင်း စပယ်ယာကလာပြောသဖြင့် ကျွန်တော် ခေါင်းခန်းကို လာခဲ့သည်။

ကားထွက်ပြီ။ ကျွန်တော့်ကို ဆရာတော်က
“ခက်တယ်နော် ဒကာကြီး လူတွေက မွေခံထိုက်စေဆိုတာကို နားမလည်ကြဘူး။ ဘိုးဘွားမိဘတွေက တည်ဆောက်လှူနိုင်ခဲ့သလောက် သားသမီးတွေလက်ထက်ကျတော့ ဖွတ်ကျားတွေဖြစ်ကုန်တော့တာပဲ”
ဆရာတော် ဘာကိုဆိုလိုမှန်း ကျွန်တော်သိသည်။

“တင်ပါ့ဘုရား … ခေတ်ကာလက ကွာတယ်လေဘုရား။ ခုခေတ်က ချမ်းသာရင်ကြောက်နေရတဲ့ခေတ်လေ။ သူတို့မှာလည်း တကယ်မှမရှိတာဘုရား။ ပြန်ပြီးတော့ မဆောက်နိုင်လဲ ဘာဖြစ်သလဲဘုရား၊ ခုဆိုရင် အရှင်ဘုရားကပဲ ဦးစီးပြီးတော့ ဆောက်တော့မှာ မဟုတ်ဘူးလား”
“ဆောက်မှာပါ။ ဒါပေမဲ့ ခုတစ်ခါတည်း မြို့ရောက်တုန်း ဘုန်းကြီးပင့်တွေပါ လုပ်ရဦးမှာ”
“ဘာအတွက်လဲ ဘုရား”
“လာမယ့်တန်ခူးလမှာ တရားပွဲတွေလုပ်မယ်လေ။ ကျောင်းထဲမှာ ကျောင်းဆောင်သစ်ဆောက်ရန် ဆိုပြီး မြို့က နာမည်ကျော် တရား‌ဟော ဓမ္မကထိကနှစ်ပါးကိုပင့်ပြီး တရားပွဲကြီးလုပ်မှာ။ ၇ ရက်တရားစခန်းလည်း ဖွင့်မှာ။ အဲဒီတရားပွဲပြီးရင်တော့ ကျောင်းကြီးဆောက်ဖို့ အတော်လောက်နေမှာ”
ကျွန်တော်ဘာမျှစကားမဆက်နိုင်တော့။ အဝေးကို ငေးကြည့်နေမိသည်။
“ဒကာကြီး”
“ဘုရား”
“တရားစခန်းဝင်မယ့် သူတွေကို ဒကာကြီးစာသင်ကျောင်းမှာ ညအိပ်ထားချင်တယ်”
“အဲဒါတော့ မဖြစ်ပါဘူးဘုရား”
“ဘာဖြစ်လို့လဲ”
“တပည့်တော်စာသင်ကျောင်းလေးကလည်း ပြိုတော့မှာဘုရား။ စာသင်ကျောင်းကိုဘယ်သူမှ စိတ်ဝင်စားတာ မဟုတ်ပါဘူးဘုရား။ ကျောင်းပြိုကျရင် ဌာနကလည်း တပည့်တော်ကို အရေးယူဦးမယ်။ ကျောင်းပြန်ဖွင့်ရင် ကလေးတွေအတွက် စာသင်ဖို့နေရာ မရှိဘဲ ဖြစ်နေဦးမယ်။ တပည့်တော်ကျောင်းမှာတော့ လက်ခံဖို့မဖြစ်နိုင် ပါဘူးဘုရား”
ဆရာတော်က ကျွန်တော့်ကို ဘာမျှပြန်မိန့်ခြင်းမရှိတော့။

ကျွန်တော်လည်း မြို့နယ်ပညာရေးမှူးရုံးကိုရောက်လာသည်။
ပြီးခဲ့သည့်နှစ်က လျှောက်လွှာတင်ထားသည့်အတွက် ကျောင်းပြင်ဆင်စရိတ် ကျ၊ မကျ ဝင်စုံစမ်းသည်။ အခြားမူလတန်းကျောင်း ၁၂ ကျောင်းပြင်ဆင်စရိတ် မစို့မပို့ရကြသည်။ ကျွန်တော့်ကျောင်းအတွက် တစ်ပြားမျှ မပါ။
ရွာကိုလည်း ကျောင်းပြန်ဆောက်ပေးရန် ပြောရသည်မှာ အာပေါက်နေပြီ။
ထိုနွေတွင် ရွာ၌ တရားစခန်းနှင့် တရားပွဲကြီးကို ခမ်းနားစွာကျင်းပကြသည်။
ရွာကြီး ၅ ရွာမှ တရားနာပရိသတ်တွေနှင့် ဘုန်းကြီးကျောင်းအတွင်း စည်ကားသည်။
အလှူငွေ သိန်းရာချီရသည်။

ဘုန်းကြီးကျောင်းအတွင်း ကျောင်းအဟောင်းကိုဖျက်ပြီး ကျောင်းဆောင်သစ်ဆောက်သည်။
ကျောင်းဟောင်းကဖျက်ထားသော သစ်တွေကို ရွာလူကြီးတွေနှင့်တိုင်ပင်ပြီး စာသင်ကျောင်းကိုလှူပေးရန် ဆရာတော်ဘုရားကို သွားလျှောက်ကြသည်။
ဆရာတော်က မပေးနိုင်ဟု ပြတ်ပြတ်ပြေသည်။
“ဇရပ်ကလေးတစ်ဆောင်ထပ်ဆောက်မလို့။ ပေးလို့မရဘူး”
ကျွန်တော်တို့ ပြန်လာခဲ့ကြသည်။
ရွာကိုလည်း ကျွန်တော်ဘာမျှမပြော။
ဌာနကိုလည်း ထပ်မတောင်းတော့။

နောက်တစ်နှစ်တွင် ကျွန်တော်ပြောင်းရွှေ့တင်သည်။ မြို့နှင့်နီးသော ကျောင်းတစ်ကျောင်းကိုရောက်လာသည်။
နောက် ၂ နှစ်အကြာတွင် ကျွန်တော်လုပ်ခဲ့သော ထိုကျောင်းလေး ပြိုသွားကြောင်း သတင်းကြားသည်။
ဘုန်းကြီးကျောင်းထဲတွင်တော့ သိမ်သစ်ကြီးတစ်ဆောင် ထပ်ဆောက်နေသည်။
ရွာက သိန်း ၃၀၀ ရှာပေးရသည်။
တစ်ချိန်ကဖြစ်သည်။

တင်ညွန့်
၂.၅.၂၀၂၅

Keep Reading

ကျောင်းနှစ်ကျောင်းစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအိန္ဒိယပညာရေးအကြောင်း တစေ့တစောင်း‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ဟဲမင်းဝေး နေ့စဉ်ဘဝပျော်စရာနေ့အမွေအနှစ်လား လံကြုပ်လား အပိုင်းတစ်ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုး