Author's Profile Photo

SarPhat Author

10/07/2024

စကားပြောရဲဖို့

2 mins read
Life Style
Personal Development
General Knowledge
စကားပြောရဲဖို့'s photo

“ကျွန်တော်သာ ကောလိပ်ပြန်တက်ခွင့်ရရင် အာရုံစိုက်ပြီး လေ့ကျင့်ချင်တာ နှစ်ခုထဲရှိတယ်။ လူတွေ နားလည်အောင် ရေးတတ်ဖို့နဲ့ လူတွေအများကြီးရှေ့မှာ စကားပြောတတ်ဖို့ပဲ။ အကျိုးရှိရှိ ပေါင်းသင်းဆက်သွယ် နိုင်စွမ်းထက် လောကမှာဘာကမှ အရေးမကြီးဘူး။” လူအများအကြားစကားပြောဆိုခြင်းအတတ်ပညာကို မျှဝေပေးနေတဲ့ ဂျရယ်လ်အာဖို့ဒ်က ဒီစကားကို ပြောပြခဲ့တာပါ။ အခြေခံကျကျပြောရရင် တစ်ယောက်နဲ့ တစ်ယောက် နားလည်နိုင်စွမ်းရှိဖို့ ပြောဆိုဆက်သွယ်ခြင်းအတတ်က အရေးကြီးပါတယ်လို့ သူက ဆိုလိုချင်တာပါ။

သူတစ်ပါးနဲ့ ပြောဆိုဆက်သွယ်ဖို့ ကိုယ့်ရဲ့ အမြင်တွေကို ချပြရဲရပါမယ်။ ကျွန်တော်တို့ရဲ့ ရှေးရိုးအစဉ်အလာသွန်သင်မှုက ကိုယ့်ရဲ့ အမြင်ကို ရဲရဲဝံ့ဝံ့ချပြရဲအောင် အားမပေးခဲ့ပါဘူး။ “လူကြီးကို ပြန်မပြောနဲ့”ဆိုတဲ့ စကားနဲ့အတူ “ဆရာကာပြန် အာခေါင်လှန်စူး”၊ “နွားရှေ့ထွန်ကျူး”၊ “မိကျောင်းမင်းရေခင်းပြ”၊ “အဖေထက် သားတစ်လကြီး” စတဲ့ စကားပုံတွေတောင် ရှိပါသေးတယ်။ သူငယ်ချင်းတွေနဲ့ စကားပြောနေရင်းက ဒါမှမဟုတ် အလုပ်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကိစ္စတစ်ခုကို ဆွေးနွေးနေရင်းကမှ သူတို့က ကိုယ့်ကို “မင်းအမြင်ကရော ဘယ်လိုတုန်းလို့” မေးလာတဲ့အခါ စကားတွေ ဆွံ့အသွားခဲ့ဖူးသလား။ ပြန်မဖြေနိုင်ပဲ ချွေးပျံနေခဲ့ရဖူးလား။

စကားအပြန်အလှန် ပြောဆိုနေရာကနေ ကိုယ်တစ်ယောက်ထဲကို မီးမောင်းကွက်ထိုးလိုက်သလို အားလုံးရဲ့အာရုံတွေက ကိုယ့်ပေါ်ရောက်လာတာမို့ လူအများကြားထဲမှာ စကားပြောဆိုရတာ အလေ့အထ ရှိတဲ့သူတွေတောင်မှ တခါတရံ ဒီလိုဖြစ်တတ်ပါတယ်။ ဒါပေမဲ့ စကားပြောကောင်းတဲ့သူတွေကတော့ ဒီအခြေအနေကို ချက်ချင်းထိန်းသိမ်းနိုင်စွမ်းရှိပြီး ဘာဆက်လုပ်ရမလဲဆိုတာကို သိကြပါတယ်။ မိမိရဲ့အတွေး အမြင်ကို ထုတ်ဖော်ပြောဆိုတဲ့ အလေ့အထ အားနည်းနေတဲ့သူတွေကတော့ အောက်ပါ အကြံပေးချက်လေး တွေအတိုင်း လိုက်လံလေ့ကျင့်သင့်ပါတယ်။

၁။ နားထောင်တတ်ဖို့ လေ့ကျင့်ပါ။
တခြားသူတွေနဲ့ စကားပြောတဲ့အခါ ဘာပြောနေတာလဲဆိုတာကို သေချာအာရုံစိုက် နားထောင်ပါ။ မရှင်းတာရှိရင် ပြန်မေးဖို့ မတုံ့ဆိုင်းပါနဲ့။ ဒီလို လုပ်ခြင်းအားဖြင့် ပြောဆိုတဲ့အကြောင်းအရာကို သေချာနားလည်နိုင်စွမ်း ရှိလာမယ့်အပြင် ပြန်လှည်တုံ့ပြန်ပြောဆိုဖို့လိုလာတဲ့အခါ အကျိုးသင့်အကြောင်းသင့် ပြောဆိုနိုင်ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။

၂။ ဗဟုသုတ ကြွယ်ဝပါစေ။
စာများများဖတ်ပါ။ လေ့လာသင်ယူမှုမပြတ်ပါစေနဲ့။ အကြောင်းအရာအများစုကို နှံ့နှံ့စပ်စပ်သိဖို့ ခက်ခဲပေမယ့် ယေဘူယျအားဖြင့် တီးမိခေါက်မိရှိပါစေ။ ဒီလို လုပ်ခြင်းအားဖြင့် အကြောင်းအရာအများစုနဲ့ ပတ်သက်ပြီး ဝေါဟာရကြွယ်ဝမှု ရှိလာစေပါမယ်။

၃။ အချိန်ယူပါ။
ပြန်လှည်တုံ့ပြန်ပြောဆိုဖို့လိုလာတဲ့အခါ အချိန်ယူပြီး သေချာစဉ်းစားပါ။ မစဉ်းစားမဆင်ခြင်ပဲ ပြောမိတဲ့စကား ထက် အချိန်ယူသေချာစဉ်းစားပြီးမှ ပြောတဲ့စကားက အကျိုးရှိပါတယ်။

၄။ လေ့ကျင့်ပါ။
ကိုယ့်အတွက် စကားပြောဆိုဖို့ စိတ်ဖိစီးမှုမဖြစ်စေတဲ့ ပုဂ္ဂိုလ်၊ သူငယ်ချင်း၊ မိသားစုဝင် စတဲ့သူတွေနဲ့အရင် ပြောဆို လေ့ကျင့်ကြည့်ပါ။ မတူညီတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြည့်ပြီး ကိုယ့်ရဲ့ အမြင်ကတော့ ဘယ်လိုရှိတယ်ဆိုတာကို ထုတ်ပြောပြကြည့်ပါ။ ဒီကမှတဆင့် ကျပန်းစကားပြောပွဲတွေ၊ စကားရည်လု ပြိုင်ပွဲတွေမှာ ပါဝင်ကြည့်ပါ။

၅။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။
ကိုယ်ပြောဆိုမယ့်အကြောင်းအရာကို ကျွမ်းကျင်ပိုင်နိုင်ခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တိုးပွားစေပါတယ်။

           နိဂုံးချုပ်အနေနဲ့ ပြောရရင် ဘယ်လောက်ပဲ စကားပြောကောင်းတဲ့သူဖြစ်ပါစေ အမှားနဲ့ မကင်းနိုင်ပါဘူး။ ဒါပေမဲ့ ရပ်တန့်မသွားပဲနဲ့ ကိုယ်ပေးချင်တဲ့ သတင်းစကား၊ အကြံဉာဏ်၊ အသိအမြင်တစ်ခုခုကို ကိုယ်ပေးလိုတဲ့သူ ဆီရောက်အောင် ပေးပို့နိုင်ဖို့၊ ကိုယ်ပြောချင်တဲ့စကားကို သူနားလည်သဘောပေါက်သွားဖို့ကသာ စကားပြော ဆက်သွယ်ခြင်းရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တယ်ဆိုတာကို သတိရပါ။ ကမ္ဘာပေါ်က စကားပြောကောင်းတဲ့သူတွေ အကြောင်းနဲ့ ငယ်ငယ်ကစကားပြောမကောင်းခဲ့ပေမယ့် လူတိုင်းအမှတ်တရရှိနေတဲ့စကားတွေ ပြောနိုင်ခဲ့တဲ့ သူတွေအကြောင်း နောက်များမှ တင်ဆက်ပေးပါဦးမယ်။

-ယဉ်မင်းပိုက်
၁၀.၀၇.၂၀၂၄




Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)