Kyaw Zin Htun
လူတိုင်းမှာကြိုးစားခွင့်ရှိတယ်။ နယ်ပယ်အသီးသီးမှာ ကြိုးစားနေတဲ့သူတွေ ဥပမာ-ကျောင်းမှာ စာတော်ဖို့ကြိုးစားနေတဲ့ကလေးတွေ လုပ်ငန်းနယ်ပယ်မှာ ကြိုးစားနေတဲ့သူတွေ စသဖြင့်ရှိကြမှာပဲ။ ကြိုးစားနေရင်း လွဲချော်မှုတွေ အမှားတွေ မမျော်လင့်ပဲ ဖြစ်သွားတဲ့ အရာတွေ တစ်ခုမဟုတ်တစ်ခုရှိကြပါတယ်။ အဲ့အချိန်မှာ ကျောင်းသားမှာဆို မိဘတွေ ဆရာ/ဆရာမတွေ လုပ်ငန်းနယ်ပယ်မှာဆိုအထက်လူကြီးတွေ လုပ်ဖော်ကိုင်ဘက်တွေ စသဖြင့်ရှိကြပါတယ်။ သူတို့လွဲချော်သွားတဲ့ အရာလေးတစ်ခုနဲ့တင် မဖြစ်နိုင်ဘူးဆိုပြီး မြန်မြန်ကောက်ချက်ချတာမျိုး မလုပ်သင့်ပါဘူး။ လုပ်ငန်းထဲမှာဆို အထက်လူကြီးရဲ့ မှတ်ချက်တွေကအရေးကြီးသလို ကျောင်းသားလူငယ်တွေမှာလည်း ဆရာ/မတွေ မိဘတွေရဲ့ မှတ်ချက်တွေက အရေးကြီးပါတယ်။ မင်းကဒါလေးတောင်မလုပ်နိုင်ဘူးလား အသုံးကိုမကျဘူး ဆိုတဲ့စကားရဲ့နောက်ကွယ်မှာ ကြိုးစားနေတဲ့သူရဲ့ စိတ်ကို ရိုက်ချလိုက်သလိုပါပဲ။ စိတ်ပျက်အားလျော့သွားတဲ့စိတ်တွေ သိမ်ငယ်စိတ်တွေ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်တဲ့စိတ်တွေပဲ ကြီးစိုးသွားပါတယ်။ ငါဘယ်လောက်ပဲ ကြိုးစားကြိုးစား အရာမထင်ပါလား။ ငါ့အတွက်နောက်ထပ် ကြိုးစားခွင့်တောင်မပေးပါလား။ ငါဘာလုပ်လုပ်အဆင်မပြေပါလား အဲ့လိုစိတ်တွေဖြစ်ပေါ်လာပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေက ကိုယ့်ကိုယ်ကိုယ် အားပေးပြီး ပြန်ထနိုင်ပေမယ့် စိတ်ဓာတ်ကျလွယ်တဲ့သူတွေကတော့ ပြန်ထဖို့မလွယ်ပါဘူး။ အဲ့လိုအခြေအနေဖြစ်လာရင် ပြုလုပ်ပေးရမှာက မင်းအခုမလုပ်နိုင်ရင် နောက်တစ်ခေါက်တော့ လုပ်နိုင်မှာပါ အားတင်းထား ပြန်ကြိုးစားကြည့် ငါတို့မင်းနဲ့အတူရှိနေမယ် ဆိုပြီး အားပေးစကားပြောသင့်ပါတယ်။ ဒါဟာလူသားဆန်ခြင်းတစ်ခုပဲ။ လူလူခြင်းတန်ဖိုးထားခြင်းပဲ။ ကြိုးစားရင်ဘုရားတောင်ဖြစ်နိုင်တယ်လို့ ဆိုရိုးစကားရှိသလို ကြိုစားနေတဲ့ ကြိုးစားချင်တဲ့စိတ်ကို ရိုက်မချိုးတဲ့သူ ဖြစ်နေဖို့ ရှိနေဖို့လည်း လိုပါသေးတယ်။
Keep Reading