Default Profile Photo

SarPhat User

9/07/2024

ကျနော့်ဘဝနှင့် အဖေ

3 mins read
Life Style
Poetry
18 Again
ကျနော့်ဘဝနှင့် အဖေ's photo


ကျနော်က ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀မှာ အထိအခိုက် တော်တော် များခဲ့တယ်လို့ ပြောလို့ရနိုင်တဲ့ လူတယောက်ပဲ။ ဒီလောက်နဲ့တော့ ငါမသေနိုင်သေးဘူးလို့တွေးပြီးပဲ ဘဝရဲ့ အချိန်တော်တော်များများမှာ တိတ်တဆိတ် နေထိုင်နေခဲ့တာ။ တကယ်တော့ လူသားတွေဟာ ကိုယ့်ရဲ့ဖြစ်တည်မှုကို တိတ်ဆိတ်ငြိမ်သက်ပစ်လိုက်တာကလည်း ကိုယ့်ကိုယ်ကိုယ် လုပ်ကြံနေကြတာပဲဆိုတာ အချိန်ကြာလာတာနဲ့အမျှ ကျနော်သိလာခဲ့ရတယ်။ ပြီးတော့ ကျနော်ထင်တယ်၊ အဲဒါက ကျနော့်ရဲ့ အတ္တသက်သက်ပဲလို့လေ။ တခုခုကို တိုက်ခိုက်နေတာ မထိရောက်လို့ ငြိမ်သက်နေပစ်လိုက်တဲ့ နည်းလမ်းနဲ့ တုန့်ပြန်နေလိုက်သလိုမျိုးပေါ့။ ပေါက်ကွဲဖြစ်လိုက်တာထက် ငြိမ်ငြိမ်လေးအခြေအနေမှာ အန္တရာယ်ရှိတဲ့သူပုံစံမျိုးဖြစ်အောင် နေတတ်လာခဲ့တာမျိုး။ ကျနော်က ကျနော့်ရဲ့ပုံစံကိုကြည့်ပြီး အခြားသူတွေ ကြောက်နေခဲ့ရအောင် တမင် တည်ဆောက်ထားခဲ့တာပါ။ သဘောကတော့ သူက ဘာမှမလုပ်ဘူးနော်၊ ဒါပေမယ့် သူက ဘာလုပ်မှာလဲ မသိဘူး၊ သူ့ကို သွားမလုပ်ကြနဲ့ဆိုပြီး ဖြစ်နေရအောင် သူတို့မေးခွန်းနဲ့ပဲ သူတို့ကို ပြန်သတ်ထားခဲတာ၊ အဲဒါက ကျနော့်ဆီမှာလည်း အန္တရာယ်ရှိတဲ့အခြေအနေတခုလိုပါပဲ။ လိုအပ်တာထက်ပိုပြီး တိတ်ဆိတ်နေရတာက သိပ်ကိုကြောက်စရာ ကောင်းပါတယ်ဆိုတာ ကျနော်သိနေခွင့်ရခဲ့တယ်လေ။

ကျနော်ပြောတာ ဘယ်ရောက်သွားပြီလဲ သေချာ မမှတ်မိတော့ဘူး၊ ကျနော်က အဲဒီလိုဖြစ်နေကျပါပဲ။ တကယ်တော့ ကျနော်က အမြဲတမ်းလိုလို ခေါင်းနဲ့မဆံ့တဲ့အတွေးတွေ ပြည့်သိပ်ကြပ်ညပ်နေအောင်တွေးတောရင်းနဲ့ပဲ ဘဝကို အရှိန်ကြီးနဲ့ ကြီးပြင်းလာခဲ့တာ။ တယောက်ယောက်က မင်းဘ၀မှာ အပင်ပန်းဆုံးအရာ ဘာလုပ်ခဲ့ဖူးလဲလို့ မေးလာခဲ့ရင်လည်း ကျနော်ဟာ သေချင်စိတ် ပေါက်လာတဲ့အထိ ထိုင်တွေးနေခဲ့ဖူးပါတယ်လို့သာ ဖြေမိမှာပဲ။ အဲဒီအဖြေကို သူတို့တွေ သဘောကျချင်မှလည်း ကျပါလိမ့်မယ်၊ ဒါပေမယ့် ပြဿနာမရှိဘူး၊ ကျနော်က ကျနော်ပဲလေ။ ကျနော့်ရဲ့ ဖြစ်တည်မှုသည် တယောက်ယောက်ကို ထိခိုက်နစ်နာစေခြင်း မရှိသေးသ၍တော့ ကျနော်ဟာ ကျနော်ဖြစ်နေခဲ့ရတုန်းပဲ မဟုတ်လား။
တခါကဆို ဘာမှမရတဲ့ ဘ၀မှာ ဘာလို့ ဆက်ရှင်သန်နေသေးလဲဆိုတဲ့ မေးခွန်းတခုမေးလာတာကို ကျနော် ကြုံခဲ့ရဖူးတယ်။ ကြာတော့ ကြာပြီ၊ အဲဒီတုန်းက ကျနော်ပြန်ဖြေဖြစ်ခဲ့တာကတော့ ကျနော်တို့ဟာ အရှုံးချည်းပဲ ပေးပစ်မယ်လို့ စဉ်းစားထားတာထက် အရှုံးတော့ ပေးပါ့မယ်ကွာ ဒါပေမယ့် နေပါအုံး အနိုင်ယူသလိုလေးတွေ လိုက်လုပ်ကြည့်အုံးမယ်။ ရရင်လည်း ရမှာပေါ့။ လောကကြီးမှာ သေခြင်းတရားကို ကိုယ့်စိတ်ကြိုက်ရွေးချယ်ခွင့်ရထားတာ တခုနဲ့တင် လူဖြစ်ရတာ တန်နေပါပြီတဲ့။ ကျနော်ဟာ ဘ၀မှာ ကျနော်တို့ တကယ်လိုအပ်တာက ပေါ့ပါးတဲ့ လွှတ်ချမှုတွေပဲလို့ အမြဲ ယူဆပြီး ကျနော်တို့က အဲဒါကို လေးလေးပင်ပင် တည်ဆောက်နေလို့မရဘူးလို့လည်း အထင်ရှိနေခဲ့တဲ့ လူတယောက်ပါပဲ။
တကယ်တော့ အပေါ်ကစာသားတွေက ကျနော့်ရဲ့ စိတ်အစဥ်မကျမှုကို ချရေးထားတာသတ်သတ်ပဲ။ ကျနော် အခု တွေးနေမိခဲ့တာက အဖေ့ရဲ့အကြောင်းပါ။ အဖေ့ရဲ့အကြောင်းကို အစပြုရရင် အဖေနဲ့ပတ်သက်ပြီး သီးခြားမှတ်မိနေခဲ့ရတဲ့အပိုင်းတွေကတော့ ဖေဖော်ဝါရီ ၁၄ အရမ်းအေးတဲ့ ညမှာ အဖေဟာ suicide လုပ်သွားခဲ့တာ။ အဲညကိုကျနော်ကောင်းကောင်းမှတ်မိပါတယ်။ အဲညက ကြယ်တွေက အများကြီးနဲ့ အအေးဓာတ် အရိုးတွင်းထဲထိစိမ့်အောင်အေးနေတာ။ အဲညက သူ့ငယ်ချင်းတွေရယ်၊ အဖေရယ်၊ ကျနော်ရယ် ဘေးမှာအတူတူရှိနေခဲ့တာ မှတ်မှတ်ရရ။ အဖေဟာ တစ်ယောက်ယောက်လာခေါ်တယ်အမှတ်နဲ့ အိမ်က မသိမသာမထွက်သွားခဲ့တာ။ အဖေ့ dead body ရဖို့ ၄ရက်လောက်ရှာခဲ့ရတယ်။ ကျနော်ဟာ အမေဝမ်းနည်းမှာစိုးလို့ ကျနော့်ဝမ်းနည်းမူ့တွေကိုအတတ်နိုင်ဆုံးပိတ်ထားခဲ့တာ။ တစ်ချို့လူကြီးတွေကပြောကြတယ် - ကိုယ့်အဖေအလောင်းမတွေ့သေးတာတောင် ပုံမှန်လိုနေနေနိုင်တယ်ဆိုတဲ့စကားတွေပါ။ တကယ်တော့ သူတို့မသိတာက ကျနော်ဟာ ကျန်ခဲ့တဲ့သူတွေအတွက် တံတိုင်းဖြစ်ပေးရတော့မယ်ဆိုတာပါ။
အဖေဟာ စကားနည်းတယ်၊ ပုံမှန်မိသားစုမှာ သူ စိတ်လိုလက်ရ စကားပြောတာရှားပါတယ်။ အဖေနဲ့ ကျနော်က ငယ်ငယ်ကဆို သားဖလိုနေကြတယ်၊ ကြီးလာတော့ တစ်ယောက်ယောက်နဲ့ တစ်ယောက်သူစိမ်းလိုတောင်ဖြစ်လာတယ်။ မိသားစုမှာ အဆင်မပြေမူ့တွေကြုံတိုင်း အဖေက အရက်သောက်ပြီး မိသားစုကိုပဲ မဲခဲ့တယ်။ အဖေမှာ ဒေါသတစ်ခုရှိတယ် အဲတာကတော့ မူးလာရင် သူ့ကိုယ်သူမကျေနပ်တာပါပဲ။ ထားပါဒါတွေ အဲက side effects တွေက အဖေ စိတ်ရောဂါ ရသွားတဲ့အထိပဲ။ ကျနော်ဟာ အဖေနဲ့ နွေးထွေးတဲ့ဆက်ဆံရေးတစ်ခုရှိချင်ခဲ့ပါတယ်၊ဒါတွေပက်သက်ပြီးကျနော်ဟာထုတ်မပြောခဲ့ပါဘူး။
မှတ်မှတ်ရရ အဖေနဲ့ကျနော်နဲ့ သူငယ်ချင်းနဲ့ လယ်ကွင်းထဲမှာ အရက်သောက်ခဲ့တာပါပဲ အဖေဟာ ကျနော့်ကို ဆုံးမစကားတွေအများကြီးပြောခဲ့တာပဲ။ သူဟာသူ့လိုကျနော့်ကိုမဖြစ်စေချင်ကြောင်း အရိပ်အမြွတ်အတော်ပြောခဲ့တယ်။ အဖေ့စိတ်ကျန်းမာရေး အခြေအနေအတော်ဆိုးလာတော့ အဖေကိုယ်တိုင်လဲ သူ့အခြေအနေကို သူရိပ်မိလာပါတယ်။ တစ်ခါတစ်လေ အဖေက ထမင်းဝိုင်းမှာ ဟင်းမထည့်ပဲ ထမင်းကြီးစားနေတာတွေ၊ တစ်ခါတစ်လေ စကားလာပြောရင်ပြန်မပြောပဲသူ့ခေါင်းတွေဘာတွေတွေးနေမှန်းမသိတာတွေ၊ တစ်ခါတစ်လေ ဘာမှမပြောပဲ အကြာကြီးငြိမ်နေတာတွေ၊ အဖေဟာ သူဒီလိုဘဝမှာ မနေချင်ကြောင်း ကျနော့်ကိုအခါခါပြောခဲ့ပါတယ်။ ရောဂါဖြစ်တော့ ဘေးဖယ်ခံထားရတဲ့အဖေ့အတွက် ရွှေးချယ်စရာအရက်ပဲရှိမှန်း အခုတော့ကျနော်ရိပ်မိခဲ့ပါတယ်။ အဖေဟာမူးနေတုန်း ကျနော်ကိုဆုံးမစကားတွေတအားပြောပါတယ်။ အဖေဟာ ကျနော့်ကို အတော်ကြီးမျှော်လင့်ထားကြောင်းသိသာပါတယ်၊ အဖေအဲတုန်းကပြောခဲ့တဲ့စကား "ငါ့သားလုပ်စာအဖေစားချင်သေးတယ်ကွာ" ဆိုတဲ့စကားပါ။ အဖေ suicide cases ဖြစ်သွားတော့ ကျနော်ကိုယ်တိုင်ကျနော်လဲ ပြန်ရှာလို့မရခဲ့ပါဘူးအခုဒီစာကိုရေးနေတဲ့အထိ။
အတိတ်တွေကိုပြန်ကောက်ကြည့်ရင် ကျနော်တို့မိသားစုဟာ အတော်အဆင်မပြေတဲ့မိသားစုထဲပါပါတယ်။ အဖေဟာ ဘဝတစ်လျောက်လုံးသူ့ငယ်ဘဝမိသားစုမှာလဲအတော်ရုန်းကန်ခဲ့ရကြောင်း သူ့မိတ်ဆွေပြောစကားတွေ အဖေပြောတာတွေအရ ကျနော်သိရပါတယ်။ အဖေက ငယ်ငယ်ကမူးလာရင် "ငါ့သားလာဦးကွာ" ဆိုပြီးသူ့ရင်ဖက်ထဲထည့်ထားလေ့ရှိပါတယ်။ မှတ်မှတ်ရရ ကျနော်ကျောင်းတတ်တုန်းက အနိုင်ကျင့်ခံလာရတာ အမေကတော့ ဆရာမတွေဆရာတွေနဲ့ သွားတိုင်မယ်လို့ပြောခဲ့ပေမယ့်၊ အဖေကတော့ "မင်းမနိုင်ခဲ့ဘူးလား" လို့ဆိုတော့စကားပဲမေးခဲ့ပါတယ်။ အဖေက ကျနော်ပျော့ညံ့နေတာကို လုံးဝမကြိုက်ခဲ့ပါဘူး။ အဖေက အရမ်းရိုးသားပါတယ်၊ ရိုးသားလို့လူတွေက သူ့အပေါ်အမြဲ ဗိုလ်ကျခဲ့ပါတယ်။ ကျနော့်စာတွေက အဆက်အစပ်မဲ့နေပါပြီ၊ တစ်ချို့ ဘဝတွေ တစ်ချို့နေရာတွေမှာ ကျနော်တို့စာတွေဖတ်လို့နားမလည်နိုင်တာတွေအများကြီးရှိပါတယ်။ တစ်ချို့အသိတွေက နောက်ကျလို့မရပါဘူး၊ တစ်ချို့ အသိညဏ်မဲ့မူ့က ကိုယ်ချစ်ရတဲ့သူတွေကိုဆုံးရူံးရစေပါတယ်။ တစ်ချို့စကားတွေက ကိုယ်ချစ်ရတဲ့သူတွေကိုသတ်နိုင်ပါတယ်။ တစ်ချို့စကားတွေကရှိတုန်းပဲပြောလို့ရတာပါ။
အဖေဆုံးတော့ ကျနော်ဟာ လောကကြီးကို အရွဲ့တိုက်ချင်စိတ်တွေဖြစ်ခဲ့တယ်။ လူတိုင်းကို အပြစ်တင်ချင်ခဲ့တယ်။ နောက်ဆုံးမှာ ကိုယ့်အမှားနဲ့ကိုယ်၊ ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင်ခြင်းနဲ့ပဲ အဆုံးသတ်ရလေတယ်။

ကျနော်စိုးရိမ်ထိတ်လန့်မိပါတယ်၊ ကျနော်ရဲ့စိတ်ဝိဉာဥ်ဟာ ၁၈နှစ်အရွယ်မှာပဲ ထာဝရ ပိတ်မိသွားမှာကိုပေါ့။ ညစဥ်ညတိုင်းမက်တတ်တဲ့ အိပ်မက်ဆိုးတွေအရတော့ အခုထိ ကျနော်ဟာ ချောက်နက်ထဲက မလွတ်မြောက်နိုင်သေးတဲ့ လူတစ်ယောက်ဖြစ်နေတုန်းပါပဲ။

ဒီလောက်ပါပဲ။

ကျနော့်စာတွေ အဆက်အစပ်မဲ့နေပြီထင်တယ်။

ကျနော်ဒီစာကို အဖေ့အကြောင်းပြန်တွေးမိရင်း ရေးလိုက်တာပါ။

Refer: Chit Min Wai

Keep Reading

အာရုံစူးစိုက်မှုစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်