Author's Profile Photo

SarPhat Author

9/07/2024

လမ်းမဲ့ရထားရှည်လျားအမှောင် (6)

3 mins read
Art
လမ်းမဲ့ရထားရှည်လျားအမှောင် (6)'s photo

င** လမ်းမဲ့ရထား ရှည်လျားအမှောင် (၆)


မောင်လူသစ်


မြကျော်ပြောလိုက်တဲ့စကားကို အေးအေးက တီးတိုးရေရွတ်ကြည့်တယ်-


" အသိုက်ပျက်ငှက်တွေ "


တကယ်တွေးကြည့်တော့လည်း မြကျော်ပြောသလို သူတို့ဟာ အသိုက်ပျက်ငှက်တွေ ပါပဲ။ ဒါဆိုရင် သူတို့ဘဝဟာ တစ်သက်လုံး အခုလို အသိုက်မရှိပဲ လေနှင်ရာလွင့်နေရတော့မှာလား။ သူတို့ဘဝမှာ နားခိုမှေးစက်ရမဲ့ အသိုက်ဆိုတာ ရှိမလာနိုင်တော့ဘူးလား အေးအေးတွေးမိတယ်။


" မြကျော်ရယ်၊ နင်တို့ငါတို့ဟာ ဒါဆိုရင် ဒီလိုပဲ အသိုက်ပျက်ငှက်ဘဝနဲ့ ရာသက်ပန် ရေုစုန်မျောနေရတော့မှာလားဟင်။ငါတို့သာမက ဒီကလေးတွေအထိပါ မျိူးဆက်လိုက် ရေစုန်မျောနေရတော့မှာလား၊ ငါတို့အတွက် အသိုက်ဆိုတာရှိမလာနိုင်တော့ဘူးလားဟင် "


" အေးအေးရယ်၊ ငှက်ကျေးလေးတွေတောင် သူတို့အသိုက်ကလေးကိူ သူတို့ ဖြစ်တဲ့နည်းနဲ့ဆောက်ကြသေးတာပဲ။ ငါတို့လည်းနားခိုရာ အသိုက်ကို တတ်နိုင်သလောက်ကလေးဆောက်ကြရမှာပဲပေါ့။ ဒါပေမဲ့ အသိုက်ဆိုတာကလည်း သစ်ပင်ကြီးကြီး၊ အန္တရာယ်ကင်းကင်းနေရာမျိူး၊ လေကွယ်မိုးကွယ်နေရာမျိူးမှာ ဆောက်မှ ရေရှည်မှာပေါ့။ မုန်တိုင်းထန်နေတဲ့အခြေအနေမျိူး၊ အရာရာဖေါက်ပြန်ယိုယွင်းနေတဲ့အနေအထားမျိူးမှာ ငါတို့လို ငနင်းပြားတွေ ဖြစ်သလိုဆောက်ထားတဲ့ အသိုက်မျိူးဟာ ဘယ် ခိုင်ခံ့ပါမလဲဟာ၊ လွင့်စင်ပျက်စီးသွားမှာပဲပေါ့။ အခု နင်ရော ငါရော မိဘမဲ့ခဲ့ကြတယ်။ဒီကလေးတွေလည်း မိဘမဲ့နေကြတယ်။ငါတို့တတွေ မိဘမဲ့ခဲ့ကြရတာဟာ အတိတ်ဘဝကုသိုလ်ကံကို တရားခံအဖြစ် ပုံချလို့မရဘူး။ လက်ရှိဘဝမှာ ဖြစ်နေရတဲ့ အရာရာ ဆင်းရဲခြင်းကနေ မြစ်ဖျားခံလာတာပဲလို့ငါထင်တယ်။ ဆင်းရဲခြင်းကနေ စတင်လိုက်တော့ စာမတတ် တာတွေ၊ အသိတရားနည်းလာတာတွေ၊ ဖြစ်သလို ကြုံသလို စားနေရတော့ အာဟာရမ

ပြည့်၊ အာဟာရမပြည့်တော့ အားနည်း၊ အားနည်းတော့ ရောဂါဝင်၊ ရောဂါဝင်တော့ ဆေးမကုနိုင်၊ ဆေးမကုနိုင်တော့ ခပ်မြန်မြန်သေ၊ မိဘတွေခပ်မြန်မြန်သေတော့ သားသမီးတွေ မိဘမဲ့ဖြစ်၊ မိဘမဲ့ဖြစ်တော့ ချာလပတ်လည်ပြီး ဆောက်တည်ရာမရဖြစ်ကုန်ကြတာပေါ့ဟာ၊တကယ်တော့ ဆင်းရဲတယ်ဆိုတာဟာ မျိူးဆက်နဲ့ရော အကျိူးဆက်နဲ့ပါ ဆိုင်တယ်ဟ၊ နင်တို့ငါတို့မိဘတွေ ဆင်းရဲတယ်၊ သူတိုလည်းစာမသင်ခဲ့ရဘူး၊ သူတို့ဆင်းရဲတော့ ငါတို့လည်း ဆင်းရဲပြီး စာမသင်ရပြန်ဘူး။ဒီတော့ ငါတို့နောက်က ဒီကလေးတွေလည်း ဆင်းရဲပြီး စာမသင်ရပြန်ဘူး။ အကျိူးဆက်တွေ မျိူးဆက်တွေ ပေါ့အေးအေးရယ် "


" ငါ ချမ်းသာချင်တယ်မြကျော်ရယ်၊ ချမ်းသာမှ ဒီဒုက္ခတွေက လွတ်မယ် "


" အေးဟာ ၊ အဲဒါလည်း မှန်တာပါပဲ။ ဒါပေမဲ့ အခု နင့်အမတွေ၊နင့်ခဲအိုတွေ၊ နင်တို့ရွာသားတွေ၊ ငါတို့ လူမျိူး တွေ တရုတ်ပြည်ကို မျက်နှာငယ်ငယ်နဲ့သွားပြီး ကျွန်သပေါက်ဘဝနဲ့ အလုပ်သွားလုပ်နေကြတာဟာ တရုတ်ပြည်က ချမ်းသာလွန်းလို့၊ငါတို့က ဆင်းရဲလွန်းလို့မဟုတ်ဖူးဟ။ ငါတို့ တိုင်းပြည်က အရမ်းချမ်းသာတယ်။ငါတို့မြေကြီးက အရမ်းချမ်းသာတယ်။ ငါတို့တတွေကသာ ဖောင်စီးရင်းရေငတ်နေကြတာဟ "


" ဟင် နင်ပြောတာ ငါ နားမလည်ဘူး "


" အေး ငါလည်း နားမလည်ဘူး ဟ။ သိပ်နားလည်သွားူရင်လည်း မကောင်းဘူးလို့ ငါ့ဆရာတစ်ယောက်ပြောဖူးတယ်၊ အခု ငါ အရက်ကြိုက်တယ်၊ငါ သောက်နေတဲ့ အရက်ဟာ မကောင်းဘူး၊ အဆိပ်အတောက်ဆိုတာ ငါ အမှန်တကယ် နားမလည်သေးလို့သာ သောက်နေတာလို့ငါထင်တယ်၊နားမလည်သေးသမျှ ကောင်းသလိုလို ရှိပြီး နားလည်သွားရင် မကောင်းတော့ဘူးထင်ပါတယ်ဟာ၊"


"နင်ပြောခါမှ ပိုတောင် နားမလည်တော့ဘူးဟာ "


" နားမလည်တာပဲကောင်းတယ်၊ "


အေးအေး ဘာမှ ဆက်မတွေးတတ်တော့ဘူး။ မြကျော်လည်း ဒီထက်ပိုပြီး ဘာမှ ဆက်မတွေးတတ်တော့ဘူး။


မြကျော်နဲ့အေးအေးဟာ လားရှိူးမှာ ပန်းရံလုပ်နေရင်းနဲ့ သူတို့ဆောက်နေတဲ့ ဆိုဒ်တွေက ပြီးသလောက်ဖြစ်လာတယ်၊ ပန်းရံရဲ့ အခန်းကဏ္ဍ ကုန်တော့မယ်။အခြားအလုပ်တစ်ခုခုကို ရှာမှ ဖြစ်တော့မယ့် အနေအထားကို ရောက်လာပြီ။ လားရှိူးမှာကလည်း ဆောက်လုပ်ရေး ခွင်တွေက နည်းသလို သူ့ လူနဲ့ သူချည်းပဲ။


အဲဒီ အချိန်မှာ မြကျော်က သူ အရင်နေခဲ့တဲ့ ရန်ကုန်

လှိူင်သာယာမှာ ဆောက်လုပ်ရေးလုပ်ငန်း အဆက်အသွယ်ပြန်ရတယ်။ လုပ်ငန်းက များပြီး ကြီးတော့ သုံး လေး နှစ်လောက် လုပ်ရမယ်။ လူလည်း အတော်လိုတယ်ဆိုတာနဲ့ မြကျော်နဲ့ အေးအေးဟာ ကလေးတပြုံကြီးနဲ့ ရန်ကုန် လှိူင်သာယာကိူ ရောက်လာရော ။


ကလေးတပြုံကြီး နဲ့ ရန်ကုန်ရောက်လာတော့ အေးအေးခမျာ မျက်စိသူငယ် နားသူငယ်ဖြစ်ရတယ်၊ ဒီလောက်

ရှုပ်ထွေးပွေလီ ဆူညံပွက်လောရိုက် ပြီး ပူအိုက်လောင်မြိုက်နေတဲ့ ရန်ကုန်ဆိုတဲ့မြို့ကြီးမှာ သူ မနေတတ်ဘူး။


တကယ်တကယ် ရောက်လာတော့ ရန်ကုန်ဆိုတာ အနေကြပ်၊ အသေကြပ်ဘဝနဲ့ အရေးတကြီး ပြေးလွှားနေရတဲ့ နေရာကြီးပါလားလို့ အေးအေးတွေးမိတယ်။


မြကျော်နဲအေးအေးဟာ လှိူင်သာယာဆိုတဲ့မြို့ရဲ့ အစွန်အဖျား ချောင်ဂလောင်တနေရာမှာရှိတဲ့ ကျူးကျော်တနေရာမှာ ကျူးအဆောင်လေးကို ငှားပြီးနေကြရတယ်။ကျူးကျော်နေရာတွေကလည်း ဘယ်သူပိုင်လို့ ပိုင်မှန်းမသိပေမဲ့ လူမိုက်လိုလို ဘာလိုလိုအုပ်စုကြီးတွေက ဆရာကြီးလုပ်ပြီး ဒီနေရာတွေကို ကြီးစိုးထားကြတာတွေ့ရတယ်။


အေးအေးတို့ဟာ အဆောင်ခန်းလေး ငှားနေရင်းလှိူင်သာယာက ဆောက်လုပ်ရေးခွင်တစ်ခုမှာ အလုပ်ရတယ်။

သူတို့နေတဲ့ ကျူးကမ္ဘာလေးမှာက သူတို့လို ရေမျောကမ်းတင် ရွက်ကျပင်ပေါက် အသိုက်ပျက်ငှက်တွေ လိုလိုချည်းပါပဲ။ ကျူးရပ်ကွက်ဆိုတော့ ရေကလည်းရှား၊ မီးကမရှိ၊ လူတွေကများ၊ ခြင်တွေက ကိုက်၊ စရိုက်တွေက စုံ ၊ ကလေးတွေက များ ၊အိမ်သာကလည်းရှား၊ ရေတွေတက် ဗွက်တွေနစ်ပြီး တကယ့်စိတ်ပျက်သရာကြီးပေါ့ ။ အခြားနေရာမှာလည်း.မငှားနိုင်တော့ မဖြစ်မနေ အောင့်အည်းနေရတဲ့ဘဝ။


မြကျော်ကလည်း လှိူင်သာယာရောက်လာပြီးမှ သူ့လို ဘဝတူတွေနဲ့ ပေါင်းမိပြီး အရက်က ပိုသောက်လာတယ်။ လားရှိူးမှာ နေတုန်းက မနက်ဖက် မသောက်ပေမဲ့ လှိူင်သာယာရောက်မှ မနက်ဖက်ပါ သောက်လာတယ်။

သူတို့သောက်တဲ့အရက်ကလည်း စပ်ရေ လို့လည်း ခေါ်ကြသလို ဖောရှော လို့လည်း ခေါ်ကြတဲ့ အရက်အညံ့စားပါ။


အညံ့စားဘဝတွေအတွက် အညံစား အရက်တွေရှိနေတာကိုကျေးဇူးတင်တယ်လို့ မြကျော်က မူးလာရင် ပြောတတ်သေးတယ်။


အဲသလို မြကျော်က ပြောတော့ အေးအေးက တွေးမ်ပြန်တယ်။ သူဟာလည်း အညံ့စားယောက်ျားတစ်ယောက်ကိုရထားတဲ့ အညံ့စား မိန်းမ တစ်ယောက်လားပေါ့။


အဲသလို တွေးကြည့်မိတော့ ဘာကို စိတ်နာလို စိတ်နာရမှန်းမသိ၊ ဘာကို ဒေါကန်လို့ ကန်ရမှန်းလည်းမသိ၊ အဲသလို အဖြေရှာမရတုန်း ဗိုက်ဆာလို့တအီအီ ဂျီကျနေတဲ့သူ့တူမလေး တစ်ယောက်ကို မရိုက်စဖူးသုံးလေးချက်လောက် ရိုက်ပစ်လ်ုက်တယ်။ ဒီတော့မှ ကလေးလည်း ကြောက်ပြီး အငိုတိတ်သွားသလို အေးအေးလည်း အဲသလို ရိုက်လိုက်ရတာကို ကြေနပ်သလိုလို၊ အကြောလျှော့သွားသလိုလို ခံစားမိသွားရတယ်။


ကလေးတွေကို ရိုက်ပြီး တင်းကြပ်နေတဲ့ စိတ်ကို ထွက်ပေါက်ပေးမိတဲ့ စိတ်ဟာ အေးအေးဆီမှာ စွဲကပ်လာခဲ့ပြီလေ ။ ။


ဆက်လက်တင်ပြပါမည်


မောင်လူသစ်

၉. ၇. ၂၀၂၄

Keep Reading

မိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie ReviewElio (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်