SarPhat Author
ကျုပ်ဘဝရဲ့ မနက်ခင်းကတော့ ရိုးရှင်းတယ်။ ကျုပ်ရဲ့ အကောင်းဆုံးအမှိုက်ပုံအိပ်ရာကနေ နေကောင်းကျန်းမာစွာနဲ့ ထလာနိုင်ခဲ့ပြီး နေ့တစ်နေ့ရဲ့အစကို စတင်လိုက်ပါတယ်။ ဘေးဘီကို ဝေ့ကြည့်လိုက်တဲ့အခါ ကျုပ်ဘော်ဒါတွေတောင် သူတို့လုပ်ငန်းကို စနေကြပြီပဲ။ ကျုပ်လည်း သူတို့ကိုမြင်တာနဲ့ အသံကုန်ဟစ်ကာ နှုတ်ဆက်လိုက်တယ်။
ကျုပ်တို့အားလုံးစုံသွားတဲ့အခါ အမှိုက်ပုံနဲ့ မလှမ်းမကန်းက ရေကန်ဆီကို အရင်ဆုံးဦးတည်သွားကြပါတယ်။ တစ်နေ့တာလုံးမှာ ကျုပ်တို့ ပြေးလွှားနိုင်ဖို့အတွက် ရေဓာတ်ဖြည့်ဖို့ လိုအပ်တယ်မလား။ ကြည်နေတဲ့ ရေကန်ပြင်မှာ ပေါ်နေတဲ့ ကျုပ်တို့ရဲ့ မတူညီတဲ့ရုပ်တွေ။ ကျုပ်ဖြင့် မကြည့်ချင်ဘဲ နေ့တိုင်းကြည့်ခဲ့ရ။ ကြည့်နေရဆဲ။ ကျုပ်သူငယ်ချင်း ဂုတ်ကျားက ပြေးတာသိပ်မြန်တဲ့ကောင်။ ထောင်ချောက်နဲ့တွေ့တော့ အပြေးသန်တာလည်း အသုံးမဝင်တော့ပါဘူး။ အပြေးသန်လှပါပြီဆိုတဲ့ အဲ့ခြေထောက်တွေကပဲ ထောင်ချောက်ကို တက်နင်းပစ်ခဲ့တာမဟုတ်လား။ အဲ့ကောင်ကတော့ ရေပြင်ပေါ်က သူ့မျက်နှာကိုကြည့်ရင်း သဘောကျနေလေရဲ့။ သိပ်အလှကြိုက်တဲ့ကောင်။ တစ်ဖက်ကျိုးနေတဲ့ ခြေထောက်ကိုတော့ သတိမရဘူးထင်ရဲ့။ ဟိုဘက်က အဖြူရောင်လေးက မိဖြူတဲ့။ နာမည်ကသာ မိဖြူပါဗျာ။ အမြဲအမှိုက်ပုံတိုးနေရတော့ မိညိုလို့တောင် ပြောင်းခေါ်ရမလားမသိတော့ဘူး။ ဟိုး ရေကန်ဘေးမှာ ထိုင်နေတဲ့ကောင်က ဘိုနီတဲ့။ သူကတော့ သိပ်အစားပုတ်တဲ့ကောင်။ ဒီကောင်က ရေသောက်ရင် ဘယ်တော့မှ ရေပြင်ကိုမကြည့်ဘူး။ အိမ်တစ်အိမ်ရဲ့ အမဲသားတွဲကို ခိုးစားတာ မိသွားလို့ သူ့ပါးစပ်တွေ စုတ်ပြတ်နေအောင် အရိုက်ခံလိုက်ရတယ်လေ။ အနာတွေ ပျောက်သွားပေမယ့် ဒီကောင် ခုထိ နာကျည်းနေတုန်းပဲ။ သိပ်အငြှိုးကြီးတဲ့ကောင်။ သူများသာ ပြောနေတာဗျာ ရေပြင်မှာပေါ်နေတဲ့ ကျုပ် မျက်နှာမှာ နားရွက်တစ်ဖက်ပြတ်နေတယ်။ အဲ့နေ့က ကျုပ်ကို ဓားနဲ့လှန်းပစ်လိုက်တဲ့သူရဲ့ မျက်နှာကို ကျုပ်ခုထိ မေ့မရဘူး။ အမှိုက်ပုံးလေး သွားဆွဲတာ အဲ့လောက်လုပ်စရာလိုလို့လား။ အင်းပေါ့ဗျာ ကျုပ်တို့က လမ်းဘေးခွေးကိုး။
ရေဓာတ်ဖြည့်ပြီးတဲ့အခါ ကျုပ်တို့ရဲ့တစ်နေ့တာလုပ်ငန်း အစပြုဖို့ လမ်းခွဲသွားကြရတယ်။ မိဖြူသွားတဲ့ လမ်းဘက်ကို ဘိုနီကလိုက်တော့ မိဖြူက ဟောင်ကာ မလိုက်ဖို့ငြင်းတယ်။ ဘိုနီပါလာတဲ့အခါ မိဖြူမှာ လာဘ်ပိတ်မယ်မဟုတ်လား။ မိဖြူကို ပိုးနေတဲ့ ဟိုဘက်ရပ်ကွက်ကကောင်တွေက ဘိုနီထက်တော့ မိဖြူကို အစာပိုရှာကူပေးနိုင်လိမ့်မယ်။ သူတို့ရပ်ကွက်ကွက်အကြောင်းကို သူတို့က နှံ့နှံ့စပ်စပ်သိတာကိုး။ မိဖြူ ဘိုနီကို ပြန်မချစ်နိုင်တာ မဆန်းပါဘူးလေ။ ဂုတ်ကျားကတော့ ဆင်ခြေဖုန်းရပ်ကွက်ဘက်ပဲ ဦးတည်သွားလေတယ်။ မပြေးနိုင်တော့တဲ့ သူ့ခြေထောက်တစ်ဖက်ကြောင့် အရင်လိုအားမရှိတော့ဘူး။ အဲ့ရပ်ကွက်ဘက်က သူ့အတွက် အဆင်ပြေတယ်။ အစားကောင်းတွေ မရရ ဗိုက်ဝမယ့်အစာတစ်ခုခု ရရင် တော်ပြီတဲ့။ ဗိုက်ဝမယ့် အစာတစ်ခုခုတဲ့။ အင်း....လွန်ခဲ့တဲ့ တစ်လလောက်က မိဝါရဲ့အဖြစ်ကိုတောင် သတိရသွားတယ်ဗျာ။ ဗိုက်ဆာလွန်းလို့ အမှိုက်တောင်းထဲ ဝင်ရှာရင်း ဖန်ကွဲစတွေထည့်ထားတဲ့အိတ်ကို ဆွဲဖြဲမိလို့ အသက်ပါ ပေးလိုက်ရတယ်။
နေ့တိုင်း လမ်းဘေးက ရေကိုသောက်ရတယ်။ လမ်းဘေးက တွေ့တဲ့အစာကို စားရတယ်။ လမ်းဘေးမှာပဲ အိပ်ရတယ်။ မဆန်းပါဘူး။ ကျုပ်တို့က လမ်းဘေးခွေးကိုး။ ကဲ ကျုပ်လည်း အစာရှာထွက်ရအုံးမယ်။ ဘယ်အရပ်ဘယ်ဆီကို ခြေဦးတည်ပြီး ဘယ်လိုအစားအစာမျိုး ကျုပ်ဒီနေ့ ရနိုင်မလဲ။ ကျုပ်ဗိုက်တွေ ဆာလောင်နေပြီ။ တစ်လမ်းဝင်တစ်လမ်းထွက်နဲ့ အစာက ခုထိ ရေရေရာရာမရသေးဘူး။ လမ်းဘေးက ကြွပ်ကြွပ်အိတ်မှာကပ်နေတဲ့ အကပ်တွေကို စားရတာ ကျုပ်လမ်းလျှောက်လာရတဲ့နှုန်းနဲ့မှ မမျှဘဲကိုး။ ဆုတောင်းတွေသာ တကယ်ပြည့်မယ်ဆို ကျုပ်ဒီနေ့ အမဲသားတုံး အကြီးကြီး စားချင်တယ်ဗျာ။
ဦးတည်ရာ လျှောက်လာရင်း၊ ဘေးဘီကိုလျှောက်ကြည့်ရင်း ကျုပ်နှာခေါင်းမှာ အနံ့တစ်ခုကို ရလိုက်တယ်။ ကျုပ် သိပ်ကြိုက်တဲ့ ဒီအနံ့။ အနံ့သာရှူခဲ့ရပြီး တစ်လနေလို့ တစ်ခါမစားရတဲ့ ဒီအနံ့။ အနံ့ရှိရာဘက်ကို ကျုပ်အာရုံခံလိုက်တော့ မိန်းမကြီးတစ်ယောက် အမဲသားတွဲကို ခုတ်မလို့ ခုံပေါ်မှာတင်ထားတယ်။ ဓားကို ရေဆေးရင်း ခဏနေတော့ အိမ်ထဲကိုပြန်ဝင်သွားတယ်။ ကျုပ် ဘာလုပ်ရမလဲ။ အမဲသားတွဲကို သွားဆွဲလိုက်ရမလား။ သူ ခုနဆေးနေတဲ့ ဓားက ကျုပ်အတွက်များ ဖြစ်သွားမလား။ ဒါပေမဲ့ ကျုပ် ကြောက်နေလို့မှ မရဘဲ။ ကျုပ်ဗိုက်ဆာနေပြီ ပြီးတော့ ဒါက ကျုပ်အရမ်းကြိုက်တဲ့ အမဲသား။ ကျုပ်ခြေထောက်တွေကို အားကုန်သုံးပြီး အမဲတွဲကို ချီလာခဲ့တယ်။ ကျုပ်ဦးတည်ရာကတော့ ကျုပ်တို့အမှိုက်အိမ်ဆီပေါ့။ မိန်းမကြီးက အိမ်ထဲက ထွက်လာကာ ပတ်ဝန်းကျင်ကို အော်ခေါ်ရင်း ကျုပ်ဆီက အမဲသားတွဲကို ပြန်ယူဖို့ ကြိုးစားနေတယ်။ ဗလတောင့်တောင့် လူကြီးတွေ တုတ် ဓား ကိုင်ရင်း ကျုပ်နောက်ကို ပြေးလိုက်နေကြပြီ။ ကျုပ်အမြန်ပြေးမှ ရမယ်။ ကျုပ်အိမ်ကို အမြန်ပြေးမှရမယ်။ ကျုပ်ဒီနေ့ အစားကောင်းကောင်းစားရဖို့ အစွမ်းကုန်ပြေးမှရမယ်။ ကျုပ်သူငယ်ချင်းတွေဖို့ ကျုပ်အမြန်ပြေးမှရမယ်။ ကျုပ်အသက်မသေဖို့ ကျုပ်ရှင်သန်ဖို့ မနက်ဖြန်မှာ နိုးထလာနိုင်ဖို့ ကျုပ်ပြေးမှ ရမယ်........။
Trisaphoto_crd
Keep Reading