အိမ်ပြေး ဒိုင်ယာရီ
ဒီနှစ် အစပိုင်းကတော့ နှစ်ကုန်လောက်မှာ အလုပ်ကနေ တစ်လလောက်ခွင့်ယူ၊ စိတ်ရှိလက်ရှိ ခရီးတွေသွားပစ်ဖို့ စိတ်ကူးထားတယ်။ တစ်ယောက်တည်း ရှမ်းပြည်ဘက်ကိုဒိုး၊ အတွေ့အကြုံတွေ စုဆောင်း၊ ရလာတဲ့ အချက်အလက်တွေကို ကုန်ကြမ်းအဖြစ် စာအုပ်မှာ ထည့်ရေး၊ ပီးရင် ပုံနှိပ်တိုက်ကနေ စာအုပ်ထုတ်မယ်။
အဲ့စာအုပ်ပေါက်သွားရင်တော့ အလုပ်ကနေ အပြီးထွက်၊ ရှမ်းပြည်မှာပဲ တစ်ယောက်တည်း အခြေချတော့မယ်ပေါ့။ စာအုပ် မပေါက်လဲ ကိစ္စ မရှိပါဘူး၊ ယုတ်စွအဆုံး စာအုပ် မရေးဖြစ်၊ မထုတ်ဖြစ်တော့လည်းအကြောင်း မဟုတ်ဘူး။ ရှမ်းပြည် တစ်ယောက်တည်းသွား၊ အဲ့မှာပဲ အခြေချနေချင်စိတ်ကသာ လွှမ်းမိုးနေတော့တာ။
ဘာကြောင့် ရှမ်းပြည်လဲ။
ဒီလို သွားနေချင်စိတ်ဟာ ကျွန်တော် ငယ်ငယ် ကတည်းက ဖြစ်ပေါ်လာခဲ့တဲ့ ဆန္ဒ တစ်ခု။ ငယ်ဘဝ အိမ်မက်တွေထဲက တစ်ခုလို့တောင် ပြောနိုင်တယ်။ ငယ်ငယ်က ရှမ်းပြည်ဘက် ရောက်သွားရင် " သား ကြီးလာရင် ဒီမှာပဲ မြေဝယ်ပြီး နေမှာ " ဆိုတဲ့ စကားမျိုး ပြောနေကျ။ မပြန်ချင်ဘူး။ ပင်စင် အရွယ်ရောက်လို့ အသက်တွေကြီးလာတဲ့အခါ ရှမ်းပြည်မှာပဲ အေးအေးဆေးဆေး လာနေတော့မယ်ပေါ့။ ရှမ်းပြည်ရဲ့ အေးချမ်းဆိတ်ငြိမ်မှုနဲ့ အစားအသောက်တွေကို သိပ်သဘောကျတာကိုး။ ပီးတော့ ရန်ကုန်မှာလိုလဲ အပေါ်ယံ ဟန်ဆောင်မှုတွေ၊ ပကာသနတွေ၊ ဟိတ်ဟန်တွေကို သိပ်မတွေ့ရဘူး။ အဲ့လိုထင်ရတာပဲ။ ဟိုးတစ်နှစ်က ကလော၊ တောင်ကြီးဘက် သွားဖြစ်ပြန်တော့လဲ " အသက်ကြီးရင် ရှမ်းပြည်မှာ အခြေချမယ် " ဆိုတဲ့ စိတ်ကူးက ထပ်ပေါ်လာပြန်တယ်။
" သုခမြေပုံ " စာအုပ်ထဲမှာ လူတစ်ယောက်ဟာ ဘယ်ဒေသကို ကိုယ့်အိမ်ကိုယ်ယာ အဖြစ် သဘောထားလဲ သိချင်ရင် မေးရမယ့် မေးခွန်းတစ်ခု ရှိတယ်တဲ့။ " ခင်ဗျား ခေါင်းချချင်တဲ့ ဒေသက ဘယ်ဒေသလဲ " တဲ့။ ကျွန်တော် ခေါင်းချ ချင်တဲ့ အရပ်ကတော့ ရှမ်းပြည်။ ဒါဆို အဲ့ဒေသကို ကိုယ့်အိမ်ကိုယ့်ယာအဖြစ် သဘောထားလို့လား။ တကယ်ရော ဖြစ်နိုင်ပါ့မလား။ လူမှန်းသိတတ်စ ကတည်းက ရန်ကုန်မှာပဲ ကြီးပြင်းလာတဲ့ကောင်။ ရှမ်းပြည်မှာ နေခဲ့တဲ့ရက်က အားလုံး ပေါင်းလိုက်မှ တစ်သက်လုံးမှာ တစ်နှစ်တောင် မပြည့်ခဲ့တဲ့ကောင်က။
အဖြေက ဟိုကို ရောက်ချင်တာ မဟုတ်ဘဲ၊ ဒီနေရာကလွဲလို့ အခြား ဘယ်နေရာ ဖြစ်ဖြစ် ကိုယ်လွတ်ရုန်း ထွက်သွားချင်တာမျိုးရော မဖြစ်နိုင်ဘူးလား။ ဘယ်နေရာ ဖြစ်ဖြစ်တော့ မဟုတ်ဘူး။ ချောင်းသာလို၊ အပန်းဖြေ ကမ်းခြေလို နေရာမျိုးတော့ တစ်ရက်လောက် အားပါးတရ သောင်းကျန်း၊ ပြီးသွားရင်ကို ရိုးအီသွားရော။ ပင်ပန်းပီး အိမ်ပြန်ချင်လာရော။ စူးစမ်း ရှာဖွေ ဖော်ထုတ်ချင်စရာ ဘာမှ သိပ်မရှိလှဘူး။
ဒါဆို ကချင်ပြည်နယ် တိုက်ပွဲတွေကြား၊ သေနတ်သံ တဒိုင်းဒိုင်းကြားမှာ စေတနာ့ ဝန်ထမ်းသွားလုပ်မလား။ လူတွေတော့ သွားမသတ်ချင်ဘူးလေ။ ရေမြေ အနေအထားက ခက်ထန်မယ်၊ ကြမ်းတမ်းမယ်။ စစ်မြေပြင် ရှေ့တန်းကို သွားနေရင်း တောထဲမှာတင် ငှက်ဖျားမိရင်မိ၊ ချီးပန်းပီး သေရင်လည်း အရင်သေသွားဖို့က ဖြစ်နိုင်ခြေပိုများတယ်။ သေခြင်းတရား နဲ့ ရှင်သန်ခြင်း ဆိုတာကို ပလတ်စတစ်အိတ်လေးပဲ ကာထားသလို ဟိုဘက် ဒီဘက် တိုးလျှိုပေါက် မြင်နေရမယ့် နေရာ။ အပန်းဖြေ ကမ်းခြေမှာ သွားနှပ်ရတာထက်တော့ ပိုစိတ်ဝင်စားစရာကောင်းမှာ သေချာတယ်။ မသေဘဲ ပြန်လာနိုင်ခဲ့ရင် တိုက်ပွဲတွင်း အတွေ့အကြုံများ ဘာညာဆိုပီး စာအုပ်တွေရေးစမ်း။ ပြောနေရင်း၊ စိတ်ကူးတွေယဥ်ရင်း ရောက်ချင်ရာ ရောက်နေပြီ။
ခုလို တစ်ယောက်တည်း ထွက်သွားချင်တာ ကျွန်တော့် ပြဿနာတွေကနေ ရှောင်ပြေးသွားချင်လို့လဲ ဖြစ်နိုင်တယ်။ အာဏာ မသိမ်းခင်ကတည်းက ကျွန်တော့်မှာ ကိုယ်ပိုင် ပြဿနာ တချို့ရှိနေပြီးသား။
ကျွန်တော့် မိသားစုမှာ ချေးထားတဲ့၊ ပြန်ပေးဆပ်စရာရှိတဲ့ လုပ်ငန်း အကြွေး၊ ပုဂ္ဂိုလ်ရေး အကြွေး တွေရှိတယ်။ တွက်ကြည့်လိုက်ရင် ကျွန်တော့် တစ်လစာ ဝင်ငွေရဲ့ အဆ ၅၀၀ လောက်ရှိတယ်။ ဒီမိသားစု ကြွေးမြီပြဿနာတွေကို စသိသိချင်း စိတ်ဓာတ် ဘုံးဘုံးကျသွားတယ်။ လုံးဝ မှောင်မိုက်သွားတယ်။ အနာဂတ်တွေ ပျောက်ဆုံးသွားတယ်။ ငါတော့ တစ်သက်လုံး ပိုက်ဆံတွေရှာပြီးမိသားစုအကြွေးတွေ ဆက်ပေတော့။ ကိုယ်ပိုင် အနာဂတ် မရှိတော့ဘူး။ ပိုက်ဆံတွေရှာ၊ သူဌေး ဖြစ်အောင်ရှာ။ အကြွေးတွေဆပ်၊ ပိုက်ဆံတွေ ထပ်ရှာ။
အဲ့တုန်းက ရတဲ့ လခက တစ်လမှ သုံးသိန်းရယ်။ မဖြစ်သေးဘူး။ အလုပ်ကထွက်ပြီး မိသားစုစီးပွားကို ကိုယ်တိုင် ဦးစီး လုပ်ကိုင်ရမယ်။ ဖေဖော်ဝါရီလလယ်လောက်မှာ အလုပ်ထွက်မယ် ပြောလိုက်တယ်။ မတ်လ အစမှာပဲ မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့ရော။ အိမ်ပြင်တောင်မထွက်ရ၊ ခဲလေသမျှ သဲရေကျတော့တာပေါ့။ ဒီတော့ work from home ရင်း ပုံမှန်အလုပ်လေးကိုပဲ ပေကပ်လုပ်နေရတော့တာပဲ။
ကျွန်တော့် အလုပ်မှာလဲ မပျော်တော့ဘူး။ တစ်ပတ်မှာ ၆ ရက်၊ လတစ်လရဲ့ ပထမဆုံး ၂ ပတ်မှာဆို တစ်ပတ် ၇ ရက် အလုပ်လုပ်တယ်။ အစတုန်းကတော့ နင်းကန်လုပ်တာပဲ။ အလုပ်ဇော ကပ်နေတာကိုး။ ရှိသမျှအလုပ် ကိုယ်ချည်း သိမ်းကြုံးလုပ်။ ကိုယ့်ကိုကိုယ် အလုပ်လုပ်နေမှန်းတောင် သတိမထားမိဘူး။ လုပ်လိုက် နားလိုက် သောက်လိုက် အပန်းဖြေလိုက်။ ပြီးရင် ပြန်လုပ်လိုက်။ နားရက် ၂ ရက်မှာတော့ အပြင်လေး ဘာလေးထွက်၊ ဒီလိုနဲ့ နောက်တစ်ကျော့ ပြန်စရတာပဲ။
ကိုဗစ်ကြီး ဝင်လာတော့ work from home ဖြစ်သွားတယ်။ ကိုယ် လုပ်ချင်တဲ့အချိန် လုပ်လို့ရလာတယ်။ အဲ့ဒါ ပြဿနာပဲ။ ကိုယ်ကလဲ ထုံးစံအတိုင်း အချိန်ကို ရရင် ရသလို ဆွဲလိုက်ရမှ။ အဲ့တော့ အလုပ်က မပြီး။ အလုပ်မပြီးသေးသမျှ ကာလတစ်လျှောက်လုံး ခေါင်းထဲ " အလုပ်မပြီးသေးဘူး၊ အလုပ်မပြီးသေးဘူး " ချည်း လာဖိစီးနေတာ။ ကိုဗစ်မတိုင်မီကာလနဲ့တော့ အလုပ်ပမာဏ ဘာမှ သိပ်မကွာသွားဘူး။ ဒါပေမယ့် စိတ်ထောင်းကိုယ်ကြေ ပိုဖြစ်လာတယ်။
ကိုဗစ်ကြီး အရှိန်လျော့သွားတော့ ရုံးပြန်တက်ပီး လုပ်ငန်းတွေ ပြန်လည်ပတ်တယ်။ အဲ့နောက်ပိုင်း စိတ်က ဆတ်ဆတ်ထိမခံ ဖြစ်လာတယ်။ ကျွန်တော် သိပ်မကြိုက်တာ တစ်ခုခုတွေ့ပြီဆို ဒေါသက ထောင်းခနဲ။ အရင်ကဆို တစ်နှစ်လုံး နေမှ ဒေါသထွက်တဲ့ အကြိမ်အရေအတွက်ကို လက်ချိုးရေထားလို့ရတယ်။ ကျွန်တော့်ကို ဒေါသထွက်အောင် လုပ်နိုင်တဲ့သူလဲ တစ်ယောက်တည်း ရှိတယ်။ ကျွန်တော့်ညီမ။ ဒီနောက်ပိုင်းမှာ ရုံးက ကျွန်တော့်သူငယ်ချင်း နောက်တစ်ယောက် ထပ်တိုးလာတယ်။ သူကတော့ ဘာရယ်မဟုတ် ခင်လို့မင်လို့ သူငယ်ချင်းဆိုပီး စနောက် ပုခုံး ပုတ်လိုက်တာပဲ။ ဒါမယ့် အဲ့ပုခုံးမှာ ပြည်တည်နာကြီး ရှိနေတာ သူမသိလိုက်ဘူး။ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ်နဲ့ ကီးမကိုက်တော့ဘူး။နေ့စဉ်နဲ့အမျှ ကိုယ်ဟာ ကုန်းပေါ်မှာသောင်တင်နေတဲ့ ရေလိပ်လို ခံစားလာရတယ်။
လူတိုင်းကတော့ ပြဿနာတွေ ကိုယ်စီ ရှိနေတာပဲ။ တခြားသူတွေရဲ့ ပြဿနာတွေနဲ့ ယှဉ်ရင် ကျွန်တော့်ဟာက ပမွှားလေးပါပဲ။ ပထမ တစ်ခု၊ ထရမ့်တောင် စီးပွားပျက်သေးတာပဲ။ ဘာဖြစ်လဲ၊ ကိုဗစ်ကြီးပြီး ပြန်ထပေါ့။ ဒုတိယတစ်ခု။ အလုပ်က ထွက်လိုက်ရုံ။ မင်း အရည်အချင်းနဲ့ ဘယ်သွားသွား အလုပ်မရှားပါဘူး။ တတိယ တစ်ခု။ ဒါဟာ ပြဿနာလို့ကို ပြောလို့မရတာ။ တချို့လူတွေဆို အချိန်တိုင်းကို စိတ်တို ဒေါသထွက်နေတာ။
ကျွန်တော် ဒီစာဖတ်နေသူကို မေးချင်တာ တစ်ခုရှိတယ်။ ခင်ဗျားသာ ကျွန်တော့်နေရာမှာဆို ခုလို ထွက်ခွာသွားဖို့ ဆုံးဖြတ်မိမှာလား။ ပြဿနာတွေက ရှောင်ပြေးချင်ရင် ပြေးလို့ရတယ်၊ အဲ့လို တစ်ယောက်တည်း အပြင်ဘက် ထွက်သွားစရာ မလိုဘူးလေ။ ဒီကိစ္စက ရှောင်ပြေးရုံ သက်သက်ချည်းလဲ မဟုတ်ပြန်ဘူး။ အဖြေက ရုပ်လုံး ပေါ်မလာသေးဘူး။
ကျွန်တော့်ကို ဒီလို ဖြစ်လာအောင် တွန်းပို့ပေးခဲ့တဲ့ အခြားအရာတွေလည်း ရှိသေးတယ်။ ဒါတွေကမှ အဓိက မိန်း လို့ပြောလို့ရမယ်။ အဲ့ဒါက ကျွန်တော်ဖတ်ခဲ့တဲ့ စာအုပ်တွေ၊ လေးစားအားကျတဲ့ စာရေးဆရာတွေနဲ့ သူတို့ရဲ့ အတွေးအခေါ်တွေ။ ဝတ္ထုမှာဆို မူရာကာမီကို စွဲစွဲမက်မက်ပဲ။ သူ့ရဲ့ အဆုံးသတ်ကို ခန့်မှန်းမရနိုင်တဲ့၊ ထူးထွေဆန်းကြယ်တဲ့ လောကကြီးထဲ ဆွဲခေါ်သွားတဲ့ ဇာတ်လမ်းတွေက ခုလို တစ်ယောက်တည်း လွင့် သွားချင်စိတ်ကို မျိုးစေ့ကြဲပေးခဲ့တာဖြစ်နိုင်တယ်။ နောက်တစ်ယောက်က ဟဲမင်းဝေး။ သူ့ရဲ့ ဘဝစုံတာကြီးကို အားကျတယ်။ ကျွန်တော်ကိုယ်တိုင်က လူပျော့၊ ကျန်းမာရေးကလဲ ချူချူချာချာ။ ဒါမယ့် ဘဝကြီးကို သူ့လို အပြည့်အဝ ရှင်သန်ပစ်ကြည့်ချင်သား။ ဘဝကြီးကို စာမျက်နှာတွေပေါ် ပြန်ချရေးချင်မိသား။ ပြီးတော့ ပါပီယွန်။ နောက်ပိုင်း.. နစ်ရှေး နဲ့ အယ်လန်ဝက် တို့ရဲ့ အတွေးအခေါ် တချို့ကလဲ ဒီမျိုးစေ့ကို ကြီးထွား ရှင်သန်လာအောင် ရေလောင်းပေးခဲ့ပြန်တယ်။ ကျွန်တော် စာအုပ်တွေဖတ်ပြီး စိတ်ကူးအယဉ် လွန်နေပြန်ပီလား။
အပေါ်က အချက်တွေ အားလုံးဟာ ကျွန်တော် ခေါင်းရှောင်ချင်လို့၊ သူရဲဘောကြောင်နေတယ်လို့ အမြင်မခံရဖို့ တမင်ဆွဲထုတ်ပြတဲ့ အကြောင်းပြချက်တွေချည်းလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ အစောပိုင်းမှာ ပြောခဲ့သလိုပဲ ရှမ်းပြည်သွားနေချင်စိတ်ဟာ ငယ်ကတည်းက ရှိနှင့်ပြီးသား။ သို့သော် ခုလိုချိန် အသက်အစိတ်လောက်နဲ့ ထွက်သွားဖြစ်မယ်လို့ အခု စိုင်းခန့်မင်းသော်က လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက စိုင်းခန့်မင်းသော်ကို သွားပြောရင် အဲ့ကောင်က ပြန်ပြောလိမ့်မယ်။ " မင်းရူးနေလား။ ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး "
အကြောင်းက ကျွန်တော်ဟာ သံယောဇဉ်တွေ၊ အစွဲအလမ်းတွေ ကြီးလွန်းတယ်လေ။ မိသားစု၊ သူငယ်ချင်းနဲ့ နေထိုင်ရာ အသိုင်းအဝိုင်းကို မပြောနဲ့။ ဖုန်းထဲမှာ သိမ်းထားတဲ့ ebook pdf လေးတစ်ခု မတော်တဆ ပျက်သွားရင်ကို ရင်တွေ ကွဲရချက်။ ခံစားလွယ်တာလဲ နှစ်ယောက်မရှိဘူး။ တစ်ခါ ကျွန်တော့်သူငယ်ချင်းမ နှစ်ယောက် ရန်ဖြစ်ကြတာ။ တစ်ယောက်နဲ့ တစ်ယောက် စကားတွေ မပြောကြ၊ မခေါ်ကြတော့ဘူး။ သူတို့ ကြားထဲမှာနေပီး တော်တော် စိတ်ထိခိုက်လိုက်သေးတယ်။ သူတို့ချင်းချင်း ဖြစ်တာ၊ ကိုယ်နဲ့လဲ ဖြစ်တာမဟုတ်။
ကျွန်တော်နဲ့ သက်ဆိုင်သူတွေ အားလုံးကို မခွဲမခွာ ချစ်ချစ်ခင်ခင် စုစုစည်းစည်း ရှိကြစေချင်တာက ကျွန်တော့်ဆန္ဒပဲ။ ကွဲကွာရခြင်းတွေ၊ ခွဲခွာရခြင်းတွေ ဖြစ်လာရင် သိပ်နာကျင်ရတယ်။ တကယ် ဖြစ်လာမှာလဲ စိုးကြောက်တယ်။ ကျွန်တော့် မိဘနှစ်ပါး ကွဲပြီးနောက်ပိုင်း ကျန်ခဲ့တဲ့ ဒဏ်ရာကြီးပေါ့။ အဲ့လို ကြောက်လို့လဲ တော်ရုံဆို ရည်းစား မထားတော့ဘူး။ အချိန်တန် ပြတ်မှာပဲကိုး။ ကျွန်တော် သိပ်သဘောကျတဲ့ ပထမဆုံးချစ်သူနဲ့ ပြတ်သွားတဲ့ အကြောင်းအရင်းကလဲ ဒါကြောင့်ပဲ။ သိပ်ပြီးတွယ်တာလာတယ်။ စွဲလမ်းလာတယ်။ ရှေ့ဆက်သွားနေရင်း မတော်တဆ ပြတ်သွားခဲ့ရင် အထိနာမှာ ကြောက်လာတယ်။ နောက်တော့ သူ့ကို စကားသွားမပြောတော့ဘူး။ ghost လုပ်လိုက်တယ်။ ဆောက်ကျင့်ကတော့ မကောင်းဘူး။
ကျွန်တော်ဟာ ခွဲခွာရခြင်းကြောင့် ဖြစ်လာမယ့် နာကျင်မှုကိုကြောက်တယ်။ တာဝန် ဝတ္တရားဆိုတဲ့ အရာတွေကြောင့် ကိုယ်လုပ်ချင်ရာ မလုပ်ရမှာ ချောင်ပိတ်မိသွားမှာကိုလည်း ကြောက်တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲ့လိုချိန်မှာ စာအုပ်တစ်အုပ်ကို ဖတ်လိုက်မိတယ်။ အဲ့စာအုပ်ကြောင့် အစွဲအလမ်းတချို့ကို ချွတ်နိုင်သွားတယ်၊ ခွဲခွာရခြင်းတွေကို ယဉ်ပါးလာတယ်။ ဒီလိုနဲ့ ကျွန်တော် လွတ်မြောက်မှု လမ်းစကို ရှာတွေ့သွားခဲ့တယ်။
စာအုပ်က Fumio Sasaki ရေးထားတဲ့ Goodbye, things ဆိုတဲ့ စာအုပ်။ သူ့ဟာက Minimalism ဆိုတဲ့ ဘဝနေထိုင်မှုပုံစံ အကြောင်း ရေးထားတာ။ ဘဝကို ရိုးရိုးရှင်းရှင်းလေး နေထိုင်တဲ့ပုံစံ။ minimalism ဆိုတာ ဒီဘက်ခေတ် များများထုတ်၊ များများသုံးဝါဒ ကြောင့်ဖြစ်လာတဲ့ လူ့အဖွဲ့အစည်းကြီးရဲ့ နာမကျန်းမှုတွေကို ကုစားပေးနိုင်တဲ့ ဖြေဆေးတမျိုးလို့ ကျွန်တော်မြင်တယ်။ ဒါကြောင့်လဲ တိုးတက်ပြီး အမေရိကန်တို့၊ ဂျပန်တို့မှာ ဒီအယူအဆက ပိုခေတ်စားလာတာ။
Minimalism ဆိုတာက ကိုယ့်အတွက် အရေးပါတဲ့ အရာတွေအဖို့ အခြားအရေးမပါတဲ့ အရာအားလုံး(နီးပါး)ကို လျှော့ချ၊ လွှတ်ချ၊ စွန့်ခွာပစ်တာ။ စာအုပ် စစဖတ်ချင်းမှာတော့ သူပြောနေတာတွေ အများစုကို ကျွန်တော်နားမလည်ဘူး။ တချို့ဟာတွေကလဲ ရှေ့နောက်မညီသလို ဖြစ်နေတယ်။ တခါတခါလဲ ဒီငစား ဘာတွေ လာကြောင်နေတာလဲဟ လို့တွေးမိတယ် ။ ဘာပဲဖြစ်ဖြစ် အဲ့စာအုပ်ထဲက အတွေးအခေါ်တွေကို ကျွန်တော်ကြိုက်နေမှန်း နှလုံးသားရဲ့ ထောင့်တစ်နေရာက သိနေခဲ့တယ်။ ကျွန်တော်ပြောင်းလဲသွားဖို့ စမ်းကြည့်ရမယ်။ အဆင်မပြေ မကြိုက်တော့လဲ ကိုယ့်နဂိုပုံစံအတိုင်း ပြန်နေလို့ရတာပဲ။ ဘယ်သူမှ လိုက်တားနေမှာ မဟုတ်။
ကျွန်တော့် ကိုယ်ပိုင် minimalism ခရီးစဉ်ကို စလိုက်တယ်။ ကိုယ့်အတွက် အသုံးမလိုတော့တဲ့ အရာတွေက စပြီး အမှိုက်ပုံးထဲ သွားလွှင့်ပစ်တယ်။ ဟိုဂျောင် ဒီဂျောင်မှာ ညှပ်နေတဲ့ ဈေးဝယ်ပြေစာတွေ၊ ဖိုင်ကြိုဖိုင်ကြားတွေက ဟိုတစ်စ သည်တစ်စ A4 စာရွက်ဟောင်းတွေ၊ နောက်တစ်ခေါက် သုံးဖြစ်တော့မှာ မဟုတ်မှန်းသိနေတဲ့ စာရေးကိရိယာ အတိုအစတွေ။ ရှင်းချပလိုက်တယ်။ နောက်တော့ ဒိုင်ယာရီ စာအုပ်ဟောင်းတွေနဲ့ ၉ တန်း၊ ၁၀ တန်းတုန်းက ရခဲ့တဲ့ ကော်ရုပ် ( ငယ်တုန်းကတော့ အဲ့ဒါကိုရဖို့ အသေအလဲ လုပ်ခဲ့ရတယ်။ ပညာရည်ထူးချွန်ဆု ဆိုလား၊ အဲ့ဒါတွေဟာ တကယ့်ဂျင်းတွေ ) ၄၊၅ ခုလောက်ကိုလဲ စွန့်လာနိုင်တယ်။
ဒီလို စွန့်ခွာလိုက်ချိန်မှာ ရလိုက်တဲ့၊ စိတ်ထဲ ပေါ့ပါးသွားတဲ့ ခံစားချက်ကို ကျွန်တော်ကြိုက်လာတယ်။ တခြားပစ္စည်းတွေကိုလဲ တဆင့်ချင်း ဖြည်းဖြည်းချင်း လျှော့ချကြည့်တယ်။ ဗီရိုထဲမှာ မဝတ်ဖြစ်ဘဲ သိမ်းထားတဲ့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အင်းကျီတွေ၊ မတော်တော့တဲ့ အင်းကျီတွေ။ နောက်ဆုံး.. လောကမှာ ကျွန်တော် တန်ဖိုးအထားဆုံး ပစ္စည်း၊ သေရင် အခေါင်းထဲထိ ယူသွားမယ်လို့ ထင်ရတဲ့ ပစ္စည်းကိုပါ စွန့်ခွာ နိုင်လာခဲ့တယ်။ ကျွန်တော့် စာအုပ်တွေလေ။
ကျွန်တော်ပိုင်တဲ့ ပစ္စည်းတွေဟာ နည်းသထက်နည်းလာတယ်။ နည်းလာတာနဲ့အမျှ ရှိတဲ့ ပစ္စည်းလေးတွေကို ပိုတန်ဖိုးထားတတ်လာတယ်။ ပိုပေါ့ပါးလာတယ်။ ပိုလွတ်လပ်လာတယ်။ ပစ္စည်းတွေနဲ့ စခွဲခွာခဲ့တာ ၂၀၁၉ နှစ်ကုန်ပိုင်းလောက်က။ အသည်းတွေ ကွဲခဲ့ပီး နောက်ပိုင်းပေါ့။ ခုဆို ကျွန်တော့်မှာရှိတဲ့ ပစ္စည်းမှန်သမျှကို တန်းစီရွတ်ပြနိုင်တဲ့ ပမာဏထိကို နည်းသွားပီ။ ကျွန်တော့်အတွက် တကယ်မလိုအပ်တဲ့ အပိုဆာဒါးတွေကို ရှင်းချနိုင်ခဲ့တဲ့ အောင်မြင်မှုကြီး။
ကျွန်တော့် အနေနဲ့ ကျွန်တော့်အတွက် အရေးမပါတဲ့ အရာတွေကို စွန့်လွှတ်ခြင်း၊ ခွဲခွာခြင်း ဆိုတဲ့ ပညာရပ်၊ တစ်နည်း decluttering ဆိုတဲ့ ပညာရပ်ကို level တစ်ခုထိ တတ်ကျွမ်းလာပီလို့ ခံစားရတယ်။ ခုချိန်များ ကျွန်တော် အနှစ်သက်ဆုံး ( ဈေးအကြီးဆုံး ) အရာဖြစ်တဲ့ iPad ကြီး မရှိတော့ကြည့်။ အရင်ကလို ဖုန်းထဲက ebook လေး တစ်အုပ် ပျက်သွားတာလောက်တောင် ပူဆွေး ဝမ်းနည်းနေတော့မယ် မထင်ဘူး။ လွမ်းနေလိမ့်မယ် မထင်ဘူး။ ဘာလို့ဆို၊ iPad ကို ကျွန်တော်ကြိုက်ပေမယ့် သူဟာ ကျွန်တော့်ဘဝအတွက် မရှိမဖြစ် အရာတွေထဲမှာ မပါဘူးလေ။ အရေးကြီးစာရင်းထဲလဲ မပါပြန်ဘူး။ ပြောရရင် သက်မဲ့ပစ္စည်း အတော်များများကို သံယောဇဉ်မတွယ်ဘဲ detach လုပ်နိုင်သွားတယ်လို့ ဆိုရမယ်။
သက်မဲ့ပစ္စည်းတွေကို detach/ let go လုပ်တာအောင်မြင်လာတယ်။ သံယောဇဥ်တွယ်လွန်းတာ၊ အစွဲအလမ်းကြီးလွန်းတာတွေ သိပ်မရှိတော့ဘူး။ minimalism က ကျွန်တော့် အတွက် အလုပ်ဖြစ်တယ်။ နောက်တစ်ခုကို လွှတ်ချဖို့ ကြိုးစားကြည့်တယ်။ ကျွန်တော့် ဘဝတစ်ခုလုံးကို အမြဲတစေ ခြောက်လန့်နေတဲ့ အရာပေါ့။ ရှက်ရွံ့ကြောက်လန့်လွန်းခြင်း။
ကျွန်တော်ဟာ အရှက်အကြောက်ကြီးသူ တစ်ယောက်။ ဒါနဲ့ ကျွန်တော် ဘာကို ရှက်နေတာလဲ။ အရှက်ဆိုတာကရော ဘာကြီးလဲ။ အဲ့အဖြေကို Susan Cain ရဲ့ Quiet ဆိုတဲ့ စာအုပ်မှာ တွေ့လိုက်ရတယ်။ Shame ဆိုတာက fear of judgement ပဲတဲ့။ ကိုယ့်ပတ်ဝန်းကျင်က လူတွေ၊ ကိုယ်တန်ဖိုးထားတဲ့ လူတွေက ကိုယ့်လုပ်ရပ်ကို ဝေဖန်မှာ၊ ကဲ့ရဲ့မှာ၊ ငြင်းဆန်မှာကိုကြောက်တာ။ ကျွန်တော်ဆို ချီးမွမ်းခံရမှာ ကြောက်တာလဲ ပါနေပြန်တယ်။ လူအုပ်ကြားထဲရောက်နေရင် ကိုယ်ပျောက်ဝတ်ရုံကြီး ခြုံထားပီး နေချင်နေတာမျိုး။
သေချာပြန်စဉ်းစားကြည့်တော့ ကျွန်တော်ဟာ တခြားသူတွေရဲ့ အမြင်ကို စောက်ရမ်း အလေးထား၊ အာရုံစိုက်နေတာ။ " ငါ့ကို အထင်များ သေးသွားမလား။ ငါ့ကို ငကြောင်လို့ပဲ မြင်သွားမလား။ ငါ့ကို ဘာမှ မသိ နားမလည်တဲ့ကောင်လို့ပဲ မြင်သွားမလား။ "စသဖြင့် ခေါင်းထဲမှာ တစ်ချိန်လုံးတွေးနေတာကိုး။ တကယ့် လက်တွေ့မှာက ဘယ်သူကမှ ကိုယ့်ကို အဲ့လို တောက်လျှောက်ကြည့်ပီး ဝေဖန်မနေဘူး။ အဲ့လို ဝေဖန်ရအောင် ကိုယ်ဟာ ဘာကောင်ကြီးမှလဲ ဟုတ်မနေဘူး။ ဝေဖန်လဲ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းလောက်ပေါ့။ လူဆိုတာ ကိုယ့်ပြဿနာတွေနဲ့ကိုယ် တွေးပူနေကြရတာပဲမလား။
ဘာဖြစ်လို့ ကျွန်တော် သူများအမြင်ကို အဲ့လောက် တွေးကြောက်နေရသလဲ။ အမှန်တရားက နည်းနည်းတော့ခါးတယ်။ ကျွန်တော့်ရဲ့ စိတ်အာရုံဟာ " ငါမှ ငါပဲ " ဖြစ်နေလို့။
လောကကြီး တစ်ခုလုံးက " ငါ့ " ကို ဗဟိုပြုပီး လည်ပတ်နေတယ်လို့ထင်နေတာ။ " ငါ " အပြင်ထွက်တဲ့နေ့ကျမှ မိုးကလည်း.. မသိရင်ဘဲ သိကြားမင်းက ကိုယ့်ကို အမြဲစောင့်ကြည့်ပီး တမင်လိုက် ရွာချနေသလို။ " ငါ "နောက်ကျနေပါတယ်ဆိုနေမှ ဆောက်ရေးထဲ ကားကလာပိတ်နေတယ်။ ဘာလို့ " ငါ့ " ကျမှ ဒါမျိုးတွေ လာဖြစ်နေရတာလဲ။ Why always me? ပေါ့။
တကယ်တမ်းက ကျွန်တော်တို့ဟာ လောကကြီးမှာ သေးမွှားတဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်လှုပ်ရှားနေကြတာ။ အဲ့ " ငါ " မရှိတော့ကြည့်။ လောကကြီးက သူ့ ပုံမှန် အတိုင်း လည်ပတ်နေဦးမှာပဲ။ ကခုန်နေဦးမှာပဲ။ သည် အရေးမပါတဲ့ " ငါမှ ငါ " အစွဲကြီးကို လွှတ်ချနိုင်ခဲ့တာလဲ minimalism ရဲ့ ကျေးဇူးတွေလို့ ပြောရပါမယ်။
ခုချိန်ထိ ကျွန်တော် တမင် မပြထားဘဲ ထိမ်ချန်ထားတဲ့ တစ်ကွက် ရှိသေးတယ်။ ခုလို ထွက်သွားချင်နေရတာ ကျွန်တော့်မှာ ချစ်သူ မရှိလို့။ ချစ်သူရည်းစား ရှိစဥ်က ကျွန်တော် ဒီလိုစိတ်ကူးတွေ တွေးဖို့ သတိတောင် မရခဲ့ဘူး။ အားလဲ မအားခဲ့ဘူး။ အဲ့တော့ ထွက်မသွားဖြစ်အောင် တစ်ယောက်လောက်ပဲ ကောက်တွဲလိုက်ရမလား။ မဖြစ်ဘူး။ အဆုံးသတ်ကို ကျွန်တော်ကြိုသိနေတယ်လေ။ အဲ့လိုဆို ကျွန်တော့် ဘဝကြီး ပိတ်မိသွားလိမ့်မယ်။
ကျွန်တော်ဟာ ချစ်ခြင်းမေတ္တာကို မမျှဝေပေးနိုင်လောက်အောင် အတ္တကြီးလွန်းနေပြန်ပြီလား။ ကျွန်တော်ဟာ တစ်သီး ပုဂ္ဂလ လွတ်လပ်ခွင့်ကို စိတ်ကူးယဉ် ကိုးကွယ်နေသူ တစ်ယောက်လေပဲလား။ ကျွန်တော်ကိုယ်တိုင်လဲ ကောက်ချက် မချတတ်တော့ပါ။ ဒီစာရေးရတာကလဲ ခင်ဗျားရဲ့ နားလည်ပေးမှုကို လိုချင်နေလို့ပဲလား။ ကျွန်တော့်ဘဝကို ခုံရုံးတင်ပီး တရားခံစစ်နေတဲ့ ကျွန်တော်ပဲ မှားနေသလား။ ဘဝဆိုတာကြီးမှာ မရှင်သန်ဘဲ ဒီလိုဖင်ယားပီး လျှောက်တွေးနေတဲ့ ကျွန်တော်ကိုယ်တိုင်ပဲ မှားနေသလား။ မသိတော့ပါ။
.
.
.
.
.
.
.
.
နောက် နှစ်ရက် နေတော့ ကျွန်တော် အဖြေရသွားတယ်။
အဲ့လမ်းသွားဖို့
ကျွန်တော်ကိုယ်တိုင်ပဲ ရွေးချယ်ခဲ့တာ။
ဒါဆို မသွားဖို့ကိုရော ကျွန်တော် မရွေးချယ်နိုင်ဘူးလား။
အဲ့ချိန် Carl Jung ရဲ့ စကားသံတွေ
ပြန်ကြားယောင်သွားတယ်။
" You are not what had happened to you,
You are what you choose to become. "
နောက်တစ်ခု။ " ခင်ဗျား မပျော်ရွှင်ရတာ ခင်ဗျားရဲ့ အတိတ်ဒဏ်ရာဟောင်းတွေကို မခြစ်ထုတ်နိုင်သေးလို့။ "
ကျွန်တော် ဒဏ်ရာဟောင်းတချို့ကို ကုတ်ဖဲ့လိုက်မိပြီထင်ပါတယ်။
8.4.2021
Keep Reading