Author's Profile Photo

SarPhat Author

5/07/2024

လမ်းမဲ့ရထား ရှည်လျားအမှောင် (၄)

1 min read
Art
လမ်းမဲ့ရထား ရှည်လျားအမှောင် (၄)'s photo

" လမ်းမဲ့ရထား ရှည်လျားအမှောင် (၄)"


မောင်လူသစ်


သူ့အမဌေးဌေးလည်း သေမှန်းပျောက်မှန်းမသိ၊ သတင်း စုန်းစုန်းမြုပ်၊ ပ်ုက်ဆံလည်းမလာတော့ဘူးဆိုတော့ အေးအေးခမျာ လူမမယ်ကလေးတွေ ငါးယောက်နဲ့ အရူးမီးဝိုင်းဖြစ်ပြီ။



ကလေးတွေကလည်း စားဖို့ကလွဲပြီး ဘာမှ မသိကြတဲ့အရွယ်။.ငယ်ငယ်ကတည်းက အေးအေးလက်ပေါ်ပဲ ကြီးလာကြတော့ အေးအေးကိုပဲ အမေ လို့ထင်နေကြတာရယ်။


ဘယ်လိုမှ ဆက်နေလို့မရတော့ဘူး။.စားဖို့က အရေးကြီးလာပြီဆိုတော့ အေးအေးခမျာ ရတဲ့စျေးနဲ့ ပန်းရံလိုက်ဆင်းရတော့တယ်။ အုတ်သယ် မဆလာသယ်ပေါ့။ ပန်းရံလူကြမ်းပေါ့။


လားရှိူးရာသီဥတုကလည်း အရိုးကွဲအောင်အေးတယ်။ သူနဲ့ကလေးငါးယောက်က ရှိစုမဲ့စုစောင်လေးတွေနဲ့ စုဝေးပြီးလုံးထွေးအိပ်ကြရတယ်။



ညဘက်ချမ်းတော့ ကလေးတွေက သေးပေါက်ချလိုက်ကြရော။ သေးစိုစောင်တွေကို နေလှန်ူးဖို့နေကမထွက်။ နေထွက်ချိန်ကျတော့ သူက အလုပ်ထဲမှာ ရောက်နေတာမျိူးနဲ့ စောင်တွေဟာ သေးချိူးကပ်ပြီး နံဟောင်စေးထပ်နေတယ်။


အေးအေးက ချမ်းချမ်းစီးစီးနဲ့ မနက်လေးနာရီထ၊ ထမင်းတအိုးတည်တယ်။ ထမင်းကျက်ရင် သူကအဆာပြေဖြစ်သလိုစားတယ်။ ကလေးတွေက အေးလွန်းတော့ မနိုးကြဘူး။ စုပြီးကွေးနေကြတုန်း။မနက်ရှစ်နာရီ ကိုးနာရီမှ နိုးကြမှာရယ်။


အေးအေးက ထမင်းချိူင့်လေးထဲထမင်းထည့်၊ ငြုပ်သီးဆားထောင်းလေးနဲ့ ထည့်ပြီး ကလေးတွေကို ဒီအတိုင်းထားခဲ့ပြီး ပန်းရံသမားတွေနဲ့အလုပ်လိုက်သွားရတယ်။ကလေးတွေက အိပ်ကျန်ရစ်ခဲ့တယ်။


ကလေးဘုစုခရုတွေက မနက်ရှစ်နာရီ ကိုးနာရီမှ နိုးကြတယ်။ မနိုးတဲ့လူလည်း မနိုးပေါ့။ နိုးတဲ့ကလေးက အေးတော့မျက်နှာလည်းမသစ်တာများတယ်။


သူ့ဟာသူထ၊ သေးပေါက်ပြီး ထမင်းအိုးလှန်ပြီး အေးအေးချက်ခဲ့တဲ့ ထမင်းကို အိုးထဲနှိူက် ဆားဖြူးစားတော့တာပဲ။


ကလေးဘုစုခရုတွေက ကလေး ကလေးချင်း ပြန်ထိန်းပြီး တနေကုန် မုန့်မစားရဘူး။ ရေမချိူးရဘူး။ မျက်နှာမသစ်ကြဘူး။.ပေတူးနံစော်ညစ်ပတ်နေကြတယ်။ ချေးလက်လေးသစ့်ဖြစ်နေကြတယ်။ တခါတလေကျရင် အငယ်လေးတွေက ချေးတွေသေးတွေလူးပြီး တနေကုန်နေရသေးတယ်။.ငတ်တလှည့်ပြတ်တလှည့် မသေရုံပေါ့။

အေးလွန်းတော့ ကလေးတွေကိုတစ်ပတ်တစ်ခါ မနည်းရေချိူးပေးရတယ်။


ကလေးတွေက ထုသားပေသားကျပြီး ဆော့ချင်သလိုဆော့၊ နေချင်သလိုနေကြရတယ်။ ညနေ အေးအေး အလုပ်ကပြန်လာရင် ညနေစောင်းပြီ။ မောမောနဲ့ ထမင်းချက်၊ ဟင်းလေးဖြစ်သလိုချက်။ ကမန်းကတန်းရေချ်ူးပြီး ကလေးတွေကို ထမင်းကျွေး။ချာလပတ်လည်အောင် လုပ်ပြီးမှ ထမင်းစားတော့ မှောင်ပြီ၊ အေးပြီ။ မောပြီ။ ကလေးတွေလည်း အိပ်ကြပြီ။ အေးအေးလည်း မောမောနဲ့ ကလေးတွေကြားထဲ ဝင်ကွေးပြီ။ မောနေတော့ ခေါင်းချတာနဲ့ အိပ်ပျော်သွားရော။


အဲသလို ကသီလင်တ အရူးမီးဝိုင်း ချာလပတ်ရမ်းနေတုန်း အေးအေးဘဝထဲကို ဝင်လာတာက ရန်ကုန် လှူ်ုင်သာယာကနေ လားရှ်ူးမှာ ပန်းရံလာလုပ်နေတဲ့ မြကျော်ဆိုတဲ့ ရေမျောကမ်းတင် အပေအတေကောင်။


ဆက်လက်တင်ပြပါမည်


မောင်လူသစ်

၅. ၇. ၂၀၂၄


အလုပ်ရှူပ်နေတာရယ်။ အအေးမိနေတာရယ်ကြောင့် စာမရေးဖြစ်တာခွင့်လွှတ်နော်???

Keep Reading

မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့