ရိန်ဇော်
မိုးကောင်းကင်အလွန်က ကြယ်တွေနဲ့ စကားပြောခြင်း
(၁) ကြယ်တွေရဲ့ည
နွေတစ်ည ဖြစ်မယ် ထင်တယ်။ အလယ်တန်းကျောင်းသား အရွယ်ကပေါ့။ အိမ်ထဲမှာ အိုက်စပ်တယ်။ မီးမမှန်တဲ့ မြေလတ်ဒေသက နယ်မြို့လေးဆိုတော့ အိမ်ရှေ့က တန်းလျားခုံလေးပေါ်မှာ ပက်လက်လန် လှဲလျောင်းရင်း အိမ်ခေါင်မိုး၊ သစ်ကိုင်းတွေကနေ လွတ်နေတဲ့ ကောင်းကင်ပြင်ကြီးကို ကြည့်မိတယ်။ ယပ်တောင်လေး တခတ်ခတ်နဲ့။ ညဉ့်နက်လာတော့ အိမ်ကလူတွေလည်း အခန်းထဲ ဝင်သွားကြပြီ။ ကျွန်တော်ကတော့ တွေးကောင်းကောင်းနဲ့ တွေးနေမိတယ်။ ကျွန်တော် ကြယ်တစ်လုံးကို သေချာကြည့်နေလိုက်တယ်။ အဲဒီကြယ်က အနီရောင်ကြယ်လေးတစ်လုံးပါ။ ကြယ်တွေမှာ လိမ္မော်၊ အဝါ၊ အဖြူ၊ အပြာစတဲ့ အရောင်တွေလည်း ရှိကြတယ်။ မှိတ်တုတ်၊ မှိတ်တုတ်မြင်ရတာမို့ ကြယ်တစ်လုံးဆိုတာ သေချာတာပေါ့။ အလင်းနှစ် သန်းပေါင်းများစွာဝေးတဲ့ နေရာကနေ သူ့အလင်းကို ကျွန်တော် မြင်နေရတယ်။ ကြယ်ဆိုတာ နေတစ်လုံးလို့ သိပ္ပံပညာမှာ သင်ရတယ်။ ဒါဆို ကောင်းကင်မှာ နေတွေ မရေမတွက်နိုင်အောင် ရှိနေတယ်။ ဂလက်စီတစ်ခုမှာတောင် ကြယ်တွေ အနန္တပဲ။
"ဒါဆို ငါတို့က ဘယ်မှာလဲ။"
ကျွန်တော်တို့ခေါ်နေတဲ့ နေဆိုတာ ကြယ်တစ်လုံးပဲ မဟုတ်လား။ ဂြိုဟ် ၈လုံးက လှည့်ပတ်နေတယ်။ အရင် ဂြိုဟ်၉လုံး သတ်မှတ်ရာက ပလူတိုကို ဂြိုဟ်အဆင့်က ဖြုတ်ချလိုက်တယ်။ ထားပါတော့။ ဒီဂြိုဟ် ၈လုံးထဲက ဂြိုလ်ပြာလေးပေါ်မှာ နိုင်ငံတွေ။ ထိုနိုင်ငံရဲ့ မြို့လေးတစ်ခု၊ ရပ်ကွက်တစ်ခု၊ အိမ်လေးတစ်ခုရဲ့ ခုံတန်းလျားဆိုတဲ့ နေရာသေးသေးလေးတစ်ခုပေါ်မှာ လူဆိုတဲ့ သက်ရှိလေးတစ်ယောက်။ စကြဝဠာနဲ့ယှဉ်ရင် အစက်တစ်စက်စာ နေရာတောင်ရှိမလားမသိတဲ့ ကမ္ဘာဆိုတဲ့ ဂြိုဟ်ပေါ်က လူသားတစ်ယောက်။ ကိုယ့်ကိုယ်ကိုယ် မိုက်ခရိုစကုပ်မှာ မြင်ရတဲ့ ဗိုင်းရပ်တစ်ကောင်ထက် သေးသွားတယ်လို့ ခံစားလိုက်ရတယ်။ "ငါဆိုတာ ဘာမှ မဟုတ်ပါလား"ဆိုတဲ့ ခံစားချက်တစ်ခု ရရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီသေးငယ်လှတဲ့ လူသားတစ်ယောက်မှာ ခံစားတတ်တဲ့ စိတ်လေးရှိနေတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် အရမ်းထူးဆန်းတဲ့ ဖြစ်စဉ်အနေနဲ့ ပြန်လည်တွေ့ရှိခဲ့ရပါတယ်။
(၂) စိတ်ရဲ့ ခြေရာ
အဲဒီစိတ်ဆိုတဲ့ ဖြစ်တည်မှုလေးကို အရမ်းထူးဆန်း အံ့ဩသွားတာ။ လူဆိုတာ ရုပ်နဲ့စိတ် တွဲစပ်ထားတဲ့ ဖြစ်တည်မှုတစ်ခု ဆိုပေမဲ့ ရုပ်က အခရာမကျဘူးလို့ ကျွန်တော် ယူဆတယ်။ ဥပမာဆိုရရင် ကျွန်တော့်အဘွားဆုံးတုန်းကပေါ့။ ဆေးရုံမရောက်ခင် ရက်တုန်းက သူဟာ အိမ်ကြီးရဲ့ အရှင်သခင်။ ဆုံးဖြတ်ချက်တွေကို ချမှတ်ပေးသူ။ ကျွန်တော့် အဖေရော၊ အမေရောကလည်း အဘွားရဲ့ စီမံခန့်ခွဲမှုတွေကို လိုက်နာရတဲ့ သူတွေအဖြစ်သာ နေကြရတယ်။ အဘွား ရုတ်တရက် ထွက်ခွာသွားတော့ သူ့ရဲ့ စိတ်နဲ့ ကိုယ်နဲ့ ကွာသွားပြီလေ။ ဒီအခါမှာ အဘွားဟာ မေးရင်လည်း မထူးတော့ဘူး၊ ငြိမ်သက်စွာ လှဲလျောင်းလို့ နေနေတာပေါ့။ မကြာဘူး။ နောက်ရက်လည်းကျရော ထုံးစံအတိုင်း အဘွားလို့ သတ်မှတ်ခဲ့တဲ့ ရုပ်ဖြစ်တည်မှုကို မြေကြီးထဲ ပို့လိုက်ကြတယ်။ ဒီလို မဖြစ်ခင်က ရုပ်နဲ့ စိတ် တွဲစပ်နေစဉ်တုန်းက စိတ်ကလေး မရှိတော့တာနဲ့ ရုပ်က အလကားသာသာဖြစ်တော့တာပါလဲ။ အဲဒါဆို အဘွားရဲ့စိတ်က ဘယ်ကို ရောက်သွားခဲ့တာပါလဲ။ ကျွန်တော် ထူးဆန်းမှုတစ်ခုကို ထပ်မံ တွေ့ရှိခဲ့ပြန်ပါတယ်။
(၃) မေးခွန်းများနဲ့လူ
အမေ့ကို ကျွန်တော် မေးကြည့်မိတယ်။ လူတွေက သေရင် ဘယ်ကို ရောက်သွားကြတာလဲ အမေ။ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာအတွက် ကျွန်တော် သိပ် မသိလိုပါဘူး။ ဘာလို့လဲဆိုတော့ လူသားတွေရဲ့ ကျောက်ဖြစ်နေတဲ့ မေးရိုးတွေကိုလည်း မြင်ဖူးတယ်လေ။ မံမီတွေကိုလည်း တွေ့နေရတာပဲ။ သဘာဝအလျောက် အေးခဲနေတဲ့ နှင်းတောထဲက လူတွေ၊ သဲကန္တာရမှာ မပျက်မစီးရှိနေတဲ့ လူတွေလည်း တွေ့ဖူးတာပဲ။ အများဆုံးကတော့ မြေကြီးကလာသူတွေ မြေမှုန်အဖြစ် ပြန်သွားကြတာပါပဲ။ ရေထဲမှာ ပြာမှုန်တွေ ဖြစ်သွားတာတွေလည်း ရှိမှာပေါ့။ ကျွန်တော် စဉ်းစားဆက်စပ်နိုင်တဲ့ ယုတ္တိဗေဒထဲမှာပါ။ ကျွန်တော် သိလိုတာက သူတို့ရဲ့ စိတ်တွေ ဘယ်ရောက်သွားသလဲ ဆိုတာပဲ။
နွေဥတုမှာ သစ်ရွက်ကြွေလေး ဝဲလာရင် လွမ်းတတ်တယ်ဆိုတာ ခံစားနေရတဲ့ လူသားရဲ့စိတ်၊ ကန်ရေပြင်ကို ဖြတ်သန်းလာတဲ့ လေပြည်အေးကို ထိတွေ့သာယာစိတ်၊ နှင်းဖုံးနေတဲ့ တောင်တန်းကြီးတွေကို ချစ်စိတ်စသဖြင့် ခံစားမှုတွေဟာ လူတွေမှာ ဖြစ်ပေါ်နေတယ်။ အမေတစ်ယောက်ရဲ့ သားငယ်အပေါ်မှာ ကြင်နာမှု၊ အားငယ်ချို့တဲ့ နေသူအပေါ် ကူညီမှု၊ မေတ္တာရဲ့ သင်္ကေတညွှန်းဆိုချက်များကို ဖော်ဆောင်တတ်တဲ့ လူတွေရဲ့ စိတ်တွေ သေပြီးသွားတဲ့အခါ ဘယ်ရောက်သွားသလဲ။ ဒီလိုစိတ်တွေအပြင် နေရတဲ့ တစ်သက်တာအပိုင်းအခြားလေးမှာ လူသားအချင်းချင်း အနိုင်ကျင့်လိုစိတ်၊ တစ်ကိုယ်ကောင်းဆန်မှု၊ အာဏာမက်မောမှုစတဲ့ လူရဲ့ စိတ်တွေက သူသေပြီးနောက် ဘယ်ရောက်သွားတာလဲ။
(၄) လူတွေရဲ့ အဖြေ
လူတွေ အများစုက ဖြေကြပါလိမ့်မယ်။ လူတွေ သေပြီးတဲ့အခါ သူတို့ ယုံကြည်ရာ ဘုရားရဲ့ စစ်ဆေးမှုကို ခံယူရလိမ့်မယ်။ ပြီးမှ ကောင်းကင်ဘုံ၊ ငရဲဘုံသို့ ရောက်မယ်။ ယုံကြည်နေသူတွေအတွက် ဒီအဖြေဟာ မှန်ပါလိမ့်မယ်။ သူတို့ရဲ့ သံသယကင်းတဲ့ ယုံကြည်မှုအတွက် ကျွန်တော် ဝမ်းသာပါတယ်။ ကျွန်တော့်အတွက်ပဲ ကျွန်တော် အဖြေမရှိဖြစ်နေတာပါ။ ကိုယ့်ဒုက္ခကိုယ်ရှာသူလို့ပဲ သတ်မှတ်ပေးပါ။ ကျွန်တော့်အဖို့ ထာဝရဘုရားကို ကိုးကွယ် ယုံကြည်သူတစ်ယောက် မဟုတ်တော့ ဒီအဖြေဟာ လက်ခံရ ခက်တယ်။ ဘာလို့လဲဆိုတော့ သေပြီးတဲ့ လူတွေက ကမ္ဘာပေါ်ကို ပြန်လာပြီး ဘာမှ မပြောနိုင်တော့လို့ပေါ့။ လူသားတွေဟာ မွေးဖွားနေသလို သေဆုံးနေကြတယ်။ နောက်ဆုံးလူသားက ဘယ်သူလည်းလို့ ခန့်မှန်းဖို့ကို မလုပ်ဆောင်နိုင်ဘူး။ လူသားတွေအကုန် မရှိတော့မှ တရားစီရင်မယ်ဆို လူသားတွေရဲ့ စိတ်က ဘယ်လောက်ကြာအောင် ဘယ်နေရာမှာ သွားနေရမလဲ။ သူတို့က ရပ်တန့်နေကြသလား။ ခရီးထွက်နေကြသလား။ အကယ်၍ ရှိခဲ့မယ်ဆို ကျွန်တော် သိချင်တာပါ။
ဗုဒ္ဓဘာသာအဖို့ အဖန်ဖန်ကျင်လည်ခြင်းဆိုတဲ့ သံသရာကို ဟောပြန်တယ်။ ဒါကိုလည်း ကျွန်တော် မေးခွန်းထုတ်မိပါတယ်။ ကျွန်တော်တို့ လူသားအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် တပ်မက်တဲ့ စိတ်လေးဟာ ပါသွားပါသလား။ ကဗျာဆရာတွေ ပြောသလို နောက်ဘဝရှိရင်လည်း ကဗျာဆရာပဲ ဖြစ်ချင်တယ်ဆိုတဲ့ စိတ်လေး ဆက်ရှိနေမှာလား။ ကျွန်တော့် အတွေးနဲ့ ကျွန်တော် ဒုက္ခရှာသူလို့ပဲ သတ်မှတ်ပေးပါ။ တကယ်လို့ သင်ဟာ ဗုဒ္ဓရဲ့ သင်ကြားမှုကို အဆုံးမဲ့ ယုံကြည်သူဆိုရင်လည်း သင့်ရဲ့ အေးချမ်းမှုကို ကျွန်တော် အားကျမိပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်ဉာဏ်နဲ့ တွေးဆလို့ မရတဲ့ မသေချာမှုတွေအတွက် မသိသေးလို့သာ ခံယူထားတဲ့ လူတစ်ယောက်မို့ ဆက်လက်အဖြေရှာပါရစေ။ သင်တို့ရဲ့ ယုံကြည်ကိုးကွယ်မှုအတွက် ကျွန်တော်က အနှောင့်အယှက်ဖြစ်ခဲ့ရင်လည်း တောင်းပန်ပါရစေ။ ကျွန်တော့်ကြောင့် သင်တို့ရဲ့ အေးချမ်းမှု မပျက်စီးစေ,လိုသူပါ။
(၅) မှတ်ဉာဏ်သီအိုရီ
သေသွားတဲ့အခါ လူရဲ့ စိတ်က အစိတ်စိတ်အမွှာမွှာ ပြန့်ကြဲသွားပြီး ရှင်သန်နေသူတွေရဲ့ မှတ်ဉာဏ်ထဲမှာ ကိန်းအောင်းသွားသလား။ ဒီလို ဖြစ်မယ်ဆိုလည်း လူသားတွေ မသေမီကတည်းက အခြားသူတွေရဲ့ မှတ်ဉာဏ်တွေထဲမှာ ဝင်ရောက်လျက်ပေါ့။ အချို့လူတွေဟာ သူရဲကောင်းတွေအဖြစ်၊ တချို့လူတွေဟာ မဟာကရုဏာရှင်များအဖြစ်၊ တချို့လူတွေဟာ သနားစဖွယ်ပုံရိပ်လွှာတွေအဖြစ်၊ တချို့လူတွေကျတော့ စက်ဆုပ်ရွံရှာဖွယ်အဖြစ် ရှင်သန်နေဆဲ ကာလမှာပင် လူသားတို့ မှတ်သားထားကြပါတယ်။ တချို့ဆို သေဆုံးပြီး နှစ်ကာလရာချီကြာခဲပေမဲ့ ခုခေတ်လူငယ်လေးရဲ့ မှတ်ဉာဏ်မှာ ထိုးဖောက် ဝင်ရောက်ဆဲပဲ ဖြစ်ပါတယ်။ တချို့လူတွေကျ သူတို့ရဲ့စိတ်ကို ရှင်သန်နေစဉ်မှာ ပြသခဲ့ပေမဲ့ လူတွေက မမြင်တတ်ကြလို့ အားလျှော့သွားသူတွေလည်း ရှိတယ်။ ဥပမာ၊ ဗင်းဆင့်ဗန်ဂိုးလို လူတွေပေါ့။ ဒါပေမဲ့ သူလည်း မရှိရော သူဖွင့်ဆိုခဲ့တဲ့ ကမ္ဘာကို လူတွေ တချို့တစ်ဝက် မြင်တွေ့သွားပြီး လူသန်းပေါင်းများစွာရဲ့ မှတ်ဉာဏ်ထဲ သူဝင်ရောက်လာပြန်တယ်။ ကျွန်တော် သိလိုတဲ့ အချက်က အဲဒီ ဖြစ်ပေါ်လာတဲ့ မှတ်ဉာဏ်ဟာ ကာယကံရှင်ကိုယ်တိုင်က လက်ခံယူခဲ့တာလား၊ သေဆုံးသွားသူရဲ့ စိတ်အပိုင်းအစလားဆိုတာကိုတော့ အခုထိ မသည်းကွဲပြန်ဘူး။ ဘာလို့လဲဆိုတော့ မစ္စတာဗန်ဂိုးသာ မရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့ သူရဲ့ စိတ်တွေကို မှတ်ဉာဏ်ထဲမှာ ဖော်လို့ရမှာ မဟုတ်သလို ဒီမှတ်ဉာဏ်တွေကို လက်ခံသူကိုယ်နှိုက်က သိမ်းမထားရင်လည်း စိတ်တွေက ဘယ်မှာ ရောက်သွားမလဲပေါ့။ ဒါဆိုရင် ကမ္ဘာကြီးပေါ်မှာ နေထိုင်ခဲ့ဖူးတဲ့ လူတွေရဲ့ အနည်းငယ်ကပဲ ကျွန်တော်တို့ မှတ်ဉာဏ်ထဲမှာ ဆက်လက် ရှင်သန်နေပါတယ်။ ဒါဆိုရင် မှတ်ဉာဏ်ထဲမှာ ပေါ်မလာတဲ့သူတွေရဲ့ စိတ်တွေက ဘယ်ရောက်သွားကြပါသလဲ။ လူသားတွေ ပျောက်ဆုံးသွားခဲ့ပြီလား တွေးစရာ ဖြစ်နေပြန်တယ်။ သင် စိတ်ရှုပ်သွားတယ်ဆိုလည်း တောင်းပန်ပါတယ်။ ကျွန်တော့် အတွေးပါ။
(၆) မာမာကိုကိုး
လူသားတွေဟာ အခြားသူတွေရဲ့ မှတ်ဉာဏ်ထဲမှာ ရှင်သန်တယ်ဆိုတဲ့ အမြင်နဲ့ ဆက်စပ်ပြီး "အန်နီမေးရှင်း"ဇာတ်လမ်းလေးတစ်ခုကို အမှတ်ရသွားတယ်။ "CoCo" ဆိုတဲ့ သတိတွေ မေ့နေတတ်တဲ့ အဘွားကြီးတစ်ယောက်ပါတဲ့ ကြေကွဲဖွယ်ဇာတ်လမ်းလေး။ ဇာတ်လမ်းကျောရိုးကတော့ မက္ကဆီကိုဒေသမှာ ဟက်တာဆိုတဲ့ ဂီတပညာရှင်တစ်ယောက် ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပြီး သူရေးခဲ့တဲ့ သီချင်းတွေကတော့ အောင်မြင်ခဲ့တယ်။ သူ့နာမည်နဲ့ အောင်မြင်တာတော့ မဟုတ်ဘူး။ ဂီတဂန္ထဝင်လို့ သူတို့ဆီမှာ သတ်မှတ်ထားဆဲ အာနက်စတိုက အောင်မြင်နေတာ။ ဘယ်သူမှ မသိထားတဲ့ ဇာတ်လမ်းက အာနက်စတိုဆိုတာ ဟက်တာဆီက သီချင်းတွေကို ခိုးထားတာ။ အဲဒီဇာတ်လမ်းကို ပြောချင်တာထက် ဇာတ်လမ်းထဲက အခန်းလေးတစ်ခုကို ပြန်ပြောချင်တာပါ။ ဇာတ်ကားထဲမှာ သေလွန်ပြီးသူတို့ရဲ့ နိုင်ငံဆိုတာ ရှိတယ်။ အဲဒီမှာ သေလွန်သူတို့ နေထိုင်ကြတယ်ပေါ့။ ဒါပေမဲ့ လက်ရှိအသက်ရှင်နေထိုင်သူတွေရဲ့ မှတ်ဉာဏ်ထဲမှာ သေလွန်ပြီးသူနဲ့ ပတ်သက်တဲ့ ပုံရိပ်၊ အကြောင်းအရာတွေ မရှိတော့ဘူးဆိုရင်၊ ဒါမှမဟုတ် မေ့သွားခဲ့ရင် သေလွန်သူတို့ရဲ့ နိုင်ငံကနေ ထာဝရပျောက်ကွယ်သွားရတယ်။ ဒီဇာတ်လမ်းလေးမှာလည်း ဟက်တာဟာ ထာဝရပျောက်ကွယ်သွားတော့မည့် အခြေအနေကို ရောက်နေတယ်။ ဒါကို ကယ်လိုက်နိုင်မလား စဉ်းစားရင်းပေါ့။ မီဂေးဆိုတဲ့ ဂီတဝါသနာပါတဲ့ ကလေးလေးက သေလွန်သူတို့ရဲ့ နိုင်ငံကို အမှတ်မထင် ရောက်သွားရင်း ဟက်တာအကြောင်း သိခဲ့တယ်။ ဒါကြောင့် အသက်ရှင်သူတို့ရဲ့ ကမ္ဘာကိုပြန်လာပြီး "မာမာကိုကိုး"ဆိုတဲ့ အဘွားကြီးရှေ့မှာ သီချင်းတစ်ပုဒ် ဆိုပြခဲ့တယ်။ အဖေဖြစ်သူ ဟက်တာက သူ့သမီး"ကိုကို"ကို ဆိုပြနေကျ သီချင်းလေးကို ဆိုပြနိုင်ခဲ့တယ်။ အဲအချိန်မှာ "မာမာကိုကိုး" က သူ့အဖေဆိုခဲ့တဲ့ သီချင်းကို လိုက်ဆိုညည်းရင်း အဖေဖြစ်သူကို ပြန်သတိရသွားပြီး ဟက်တာလည်း ထာဝရပျောက်ကွယ်သွားရဲ့ အခြေအနေက လွန်မြောက်ခဲ့တယ်။ ဒီမှာ ကျွန်တော် စဉ်းစားမိတာက ကျွန်တော်တို့ လူသားမှတ်ဉာဏ်ထဲမှာ မကျန်ခဲ့တဲ့လူတွေ တကယ်ပျောက်ကွယ်သွားပြီလားပေါ့။
(၇) ဆူဆိုက်တို့ရဲ့ ကမ္ဘာ
ကျွန်တော်တို့ ဖြတ်သန်းလာတဲ့ နေ့စဉ်ဖြစ်ရပ်တွေမှာ တစ်ခါတလေ ထူးဆန်းတဲ့ အဖြစ်တွေလည်း ရှိပြန်ရော။ ဥပမာ၊ ဆူဆိုက်လုပ်ခြင်း။ ဆူဆိုက်လုပ်သူတွေရဲ့ စိတ်ကကော သေပြီးနောက် ဘယ်ရောက်သွားတာလဲ အမေ။ သူတို့ရဲ့ စိတ်တွေ သူတို့ ထင်သလို တကယ်လွတ်လပ်သွားရဲ့လား။ ရှင်သန်မှုရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို စိတ်အားထက်သန်စွာ ပစ်ချခဲ့ပြီး သူတို့ထွက်ပြေးသွားကြတယ်။ သေဆုံးခြင်းရဲ့နောက် ဘာရှိလဲဆိုတဲ့ ပဟေဠိဆန်တဲ့ အဖြေကို သူတို့ တကယ်သိလို့လား။ မသိဘဲနဲ့ ကိုယ့်အထင်နဲ့ကိုယ် ကောက်ချက်ချပြီး ထွက်သွားခဲ့တာများလား။ ဆေးလုံးအနည်းငယ်ကို မျိုချရခက်တဲ့ ကျွန်တော့်အဖို့ ဆူဆိုက်လုပ်သူတွေဟာ ဆေးလုံးရေ ၅၀ကျော်ကို ဘယ်လိုပြင်းပြတဲ့ စိတ်နဲ့ သောက်လဲဆိုတာ မတွေးနိုင်ဘူး။ ခဏမရရုံနဲ့ မောစေတဲ့ အောက်ဆီဂျင်ကို ကြိုးနဲ့ ညစ် ပိတ်လိုက်ခြင်း၊ အမြင့်မှ ခုန်ချခြင်း၊ ရေထဲ ခုန်ချခြင်း၊ ကိုယ့်ခေါင်းကို သေနတ်ခလုတ်ဖြုတ်ခြင်းစတဲ့ နည်းလမ်းတွေနဲ့ ဘဝက ထွက်ခွာဖို့ ကြိုးစားကြတယ်။ သူတို့စိတ်တွေ လွတ်မြောက်သွားပါသလား ကျွန်တော် သိချင်ပါတယ်။ ဒီအချက်တွေဟာ စမ်းသပ်လုပ်ဆောင်လို့ မရတဲ့ ကိစ္စတွေမို့ မေးခွန်းထုတ်ခြင်းရယ်ပါ။ ကျွန်တော့်အနေနဲ့ ဒီလိုလုပ်ဆောင်ချင်စိတ်ရှိမနေဘူးဆိုတာကလည်း ကျွန်တော့်အတွက် ခုချိန်ထိ သေချာနေဆဲပါ။ သူတို့မှာ ဆက်လက်ရှင်သန်ဖို့ ခွန်အားမဲ့နေတာကတော့ သေချာလှပါတယ်။ မပျော်ရွှင်ရခြင်းကို အဆုံးသတ်ပေးတာဟာ သေဆုံးခြင်းလားဆိုတဲ့ မေးခွန်းကို ကျွန်တော် မေးနေချိန်မှာ သူတို့က ဟုတ်တယ်ဆိုပြီး ဖြေသွားကြပါပြီ။ သူတို့ရဲ့ စိတ်တွေ ဘယ်ရောက်သွားခဲ့ပါသလဲ။ ကျွန်တော် မသိပါ။
(၈) ပုံစံပြောင်းလူသား
လူတွေက သေသွားတယ်ဆိုပေမဲ့ တကယ် သေဆုံးမသွားဘူးလို့လည်း တွေးဆချက်က ရှိပြန်တယ်။ ရှေ့မျိုးဆက်တစ်ခုရဲ့ ဒီအန်အေဟာ နောက်မျိုးဆက်တစ်ခုမှာ ဆက်လက်ရှင်သန်နေတယ်။ ထပ်တူမညီတဲ့ သီးသန့်သက်ရှိတစ်ယောက်အဖြစ်ပေါ့။ ဒီ ဒီအန်အေနဲ့အတူ လူသားတစ်ယောက်ရဲ့ စိတ်တွေဟာ ပါသွားပါသလား။ ဒါမှမဟုတ် လူသားရဲ့ စိတ်ဟာ အနီးကပ်နေရင်းနဲ့ပဲ အခြားသူတစ်ယောက်ဆီ ပုံစံပြောင်း ရောက်ရှိသွားသလားပေါ့။ လူဟာ သေဆုံးခဲ့ပေမဲ့ အခြားတစ်ယောက်ဆီ ပုံစံတစ်ခုအနေနဲ့ ချန်ထားခဲ့ပြီး ဆက်လက်ရှင်သန်နေလားပေါ့။ တွေးဆချက်တွေဟာ မဖြစ်နိုင်ဘူးလို့လည်း ငြင်းဖို့ကျ ခက်ပြန်တယ်။
(၈) မီးတောက်
ဒီလိုလည်း မဖြစ်နိုင်ဘူးလား။ လူတွေရဲ့ စိတ်ဆိုတာ အကြောင်းအချက်တွေ အများကြီးတိုက်ဆိုင်ချိန်မှာ ပေါ်ခဲ့တဲ့ မီးတစ်စပဲ။ ဥပမာ၊ မီးခတ်ကျောက် မရှိဘူး၊ လောင်ကျွမ်းမည့် ဂွမ်းမရှိဘူး၊ လောင်ကျွမ်းမှုကို အားပေးမဲ့ ဂက်စ်အရည်မရှိဘူး၊ ပွတ်တိုက်မှု မရှိခဲ့ဘူးဆိုရင် မီးတောက်တစ်ခု ပေါ်မလာဘူး။ မီးစတစ်ခုဖြစ်ပေါ်လောင်ကျွမ်းလိုက်တာဟာ အမှန်တရားတစ်ခု ဆိုပေမဲ့ အဲဒီမီးတောက်လေးဟာ ငြိမ်းပြီးရင် ဘယ်ရောက်သွားသလဲပေါ့။ ကျွန်တော်တို့ရဲ့ စိတ်ဆိုတာကလည်း အာရုံခြောက်ပါးနဲ့ ထိတွေ့တဲ့အခါ ဖြစ်လာတဲ့ မီးတောက်ကလေးတစ်ခုပဲ ဖြစ်လိမ့်မယ်။ မီးတောက်လေးက ပေါ်လာလိုက်၊ ငြိမ်းသွားလိုက်၊ ပေါ်လာလိုက်၊ ငြိမ်းသွားလိုက်ဖြစ်နေတော့ ဒီမီးတောက်ကလေးကို တကယ် ဆက်ရှိနေတယ် ထင်နေတာများလားပေါ့။ နဂိုကတည်းက အကြောင်းအချက်များစွာတိုက်ဆိုင်လို့ ပေါ်လာတဲ့ ဖြစ်စဉ်လေးတစ်ခု မဟုတ်လား။ လောင်ကျွမ်းသွားပြီးနောက် အငွေ့ သို့မဟုတ် ပြာပဲ ကြွင်းခဲ့တဲ့ ဖြစ်စဉ်လေးတစ်ခုပဲ။ ဒီအချိန်မှာ ခံစားလိုက်မိတဲ့ စိတ်ဆိုတာလေးက တောက်လျောက်တစ်ခုတည်းလို့ ကျွန်တော်တို့ ထင်နေတာများလား။ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေလို့ တစ်ခုတည်းလို့ ထင်နေတာများလား။ အစကတည်းက ဖြစ်စဉ်တစ်ခုကို တည်မြဲနေမှုတစ်ခုလို သဘောထားပြီး ကျွန်တော် လိုက်ရှာနေတာလား။ ဆိုလိုတာကဗျာ။ အစကတည်းက မရှိခဲ့တဲ့ အရာတစ်ခုကို ရှိတယ်လို့ ထင်ပြီး ရှာခဲ့မိသလားလို့တောင် တွေးနေမိတဲ့ အထိပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီစိတ်ဆိုတဲ့ အရာဟာ အလွန်သိမ်မွေ့တဲ့ အရာတစ်ခု ဖြစ်ပါလိမ့်မယ်။ သေပြီးရင် လူတွေရဲ့ စိတ်တွေ ဘယ်ရောက်သွားသလဲပေါ့။ သေချာတာတစ်ခုက စိတ်ဆိုတဲ့ အရာတစ်ခုက ယခုရုပ်နဲ့စိတ်တွဲနေစဉ်ကာလလို အကြောင်းအရာတိုက်ဆိုင်မှုမရှိတဲ့ ဖြစ်စဉ်တစ်ခုဖြစ်သွားခဲ့မှာကတော့ သေချာသလောက်ပါပဲ။
ဒါဆိုရင် ကျွန်တော်တို့ရဲ့ စိတ်ကလေးဟာ လူသေသလို လိုက်သေသွားတာဖြစ်မလား။ ဒါမှမဟုတ် လျှို့ဝှက်တဲ့ အသွင်ပြောင်းမှုတစ်ခုနဲ့ တိတ်တဆိတ်ထွက်ခွာသွားပြီလား။
(၉) ကြယ်များနှင့် စကားပြောဖို့ ကြိုးစားခြင်း
နွေညခင်းတစ်ခုမှာပေါ့။ အိုက်စပ်တယ်။ မိန်းမနဲ့ ကလေးလည်း သူ့အမေအိမ်ပြန်သွားတာမို့ အထီးကျန်တယ်။ ပျင်းပျင်းနဲ့ အငှားအိမ်ရာရှေ့ ခုံတန်းလျားလေးမှာ ထိုင်နေမိပြန်တယ်။ ဗာဒံပင်အောက်ဆိုတော့ နေပူမမိခဲ့တဲ့ ခုံလေး အေးမယ်ထင်လို့ပါ။ ကျွန်တော် ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ ဒီအချိန် အဝါရောင်ဗာဒံရွက်လေးတစ်ခု အကိုင်းအခက်က ဆတ်ခနဲ ကြွေကျလာတယ်။ စက္ကန့်ပိုင်းအကြာမှာတော့ မြေကြီးပေါ် ရိုးရိုးရှင်းရှင်းလေး လှဲလျောင်းလျက်ပေါ့။ ပေါ့ပါးလိုက်တာဗျာ။ သူ့မှာ စိတ်မရှိလို့ နေမှာပေါ့။။
ရိန်ဇော်
#reinzaw
(ကျနော်ဟာ Existentialism များ ဖြစ်နေမလား)
Keep Reading