Author's Profile Photo

ရိန်​ဇော်

3/07/2024

ကိုဝတုတ်

7 mins read
Art
ကိုဝတုတ်'s photo

ကိုဝတုတ်

(၁)
အလယ်ရိုးမပေါ်မှာ အရင်သစ်ထုတ်လမ်းကြောကို မွမ်းမံပြီး ဖောက်ထားတဲ့ လမ်း ရှိတယ်။ တောင်ပေါ်လမ်းတင် မိုင် ၄၀ ရှည်တယ်။ အကွေ့အကောက် များတာတော့ မပြောနဲ့။ ကွေ့လို့လည်း မပြီးဘူး။ ဆင်းလို့လည်း မပြီးဘူး။ တက်လို့လည်း မပြီးဘူး။ ရောက်သာ ရောက်သွားရော။ အဲဒီလိုလမ်း။ တော်ရုံ ကားမမူးတတ်တဲ့လူတောင် မူးတယ်။ တစ်ခေါက်သွားပြီး နောက်မသွားချင်တဲ့ လမ်း။ ဘာလို့ သွားနေလဲဆိုတော့ လမ်းတိုလို့။ အခြားလမ်းထက်စာရင် ၁၅မိုင်လောက် ပိုနီးလို့။ ကိုဝတုတ်ဆိုတာ အဲဒီလမ်းမှာ လူစီးကား မောင်းတဲ့ ဒရိုင်ဘာ။

မနက် ၇နာရီခွဲ ကားထွက်မယ်ဆိုလို့ ကျုပ် စောင့်နေတာ။ ကား ရောက်လာတော့ ၈နာရီခွဲ။ အချိန်တစ်နာရီလေးပဲ ကွာပါတယ်။ ဒါတောင် ဒီနေ့ စောစောရောက်မှာ ပြောလိုက်သေး။ လူစီးက တင်လို့ မပြီးသေးဘူး။ Nissan caravan လို ပေါင်မုန့်ကားလေးပဲ။ ဒါပေမဲ့ အခုကားက တရုတ်ကား၊ နာမည်မခေါ်တတ်ပါဘူး။ ၁၅ ယောက်စီးကားပေါ် နေရာလွတ်က သိပ်မကျန်တော့ဘူး။

"ဟိုမှာ၊ ဟိုမှာ ခရီးသည်"
လက်ဖက်ရည်ဆိုင်ရှေ့မှာ ထွက်စောင့်လို့။
"ကြာလိုက်တာဗျာ"
ခရီးသည်က ဆောင့်အောင့်ပြောတော့
"ဆောတီးပါ။ လူကြိုရတာ ကြာသွားလို့"
"ကျုပ်တို့က ဘယ်ထိုင်ရမှာတုန်း"
စပယ်ယာက "ဒီမှာ နံပတ်၂မှာ တစ်ယောက်။ နံပတ် ၇မှာ တစ်ယောက်"
လူက ကျပ်နေတော့ ခရီးသည် လင်မယား လိုက်ချင်ပုံ မပေါ်ဘူး။ ကားကလည်း စီးချင်စရာ တော်တော်ကောင်းတာလေ။ ခရီးသည် အတက်အဆင်းလုပ်တဲ့ တံခါးကို ဘယ်ခရီးသည်မှ ဖွင့်မရဘူး။ စပယ်ယာကိုယ်တိုင်ဖွင့်မှ ပွင့်တဲ့ တံခါးနဲ့။ လက်ဗွေစနစ်ပါတာ ကျနေတာပဲ။
"ပြောထားရက်နဲ့ဗျာ။ ခုံကောင်းတာလေး တစ်ဆက်တည်း လုပ်ပေးပါဆို။ မလိုက်တော့ဘူးဗျာ။"
နောက်ထွက်မည့် ကားတွေ အားကိုးပုံရတယ်။
စပယ်ယာလည်း အဲဒီလို အပြောခံရတော့ ခံပြင်းပုံရတယ်။
"မလိုက်ချင်လည်း နေဗျာ"တဲ့။ ပွဲပျက်ပြီ ထင်တယ်။ လူစီးအသင့်အတင့် ပါပေမဲ့ လူစီး၂ယောက်ဆိုလည်း သုံးသောင်းရမှာလေ။ နည်းလား။

ကိုဝတုတ်က ဝင်ပြောတယ်။

"နေပါဦးဗျာ။ ခုံနံပတ်၆က သားလေး ဒီခေါင်းခန်းလာလိုက်။ အလယ်ခုံမှာထိုင်။ အခု ၂ယောက်က ၆နဲ့ ၇မှာ ထိုင်လိုက်။ သူတို့က ၂ယောက် အတူထိုင်ချင်တာဗျ။"
အဲဒါနဲ့ ခရီးသည် ၂ယောက်လည်း ပြန်လိုက်လာရော။ သူ့အထာနဲ့ သူပဲလို့ ကျုပ်ကတော့ သဘောပေါက်လိုက်တယ်။

ကား စထွက်စဆိုတော့ ခရီးသည်တွေက "မလာသေးဘူးလား၊ ဘယ်ရောက်ပြီလဲ" ဖုန်းဆက်မေးကြတယ်။ ကိုဝတုတ်က ကားမောင်းရင်းလည်း ဖုန်းပြောနေတာပဲ။ ကျုပ်က ခရီးသည်ဆိုတော့ စိုးရိမ်တာပေါ့။ ဒါပေမဲ့ ကားကိုတော့ အငြိမ်ပဲ ထိန်းမောင်းသွား

ပါတယ်။ ဖုန်းလာပြီဆို ဘလူးတုစပီကာကြီးနဲ့ ဆက်ထားတာဆိုတော့ တစ်ကားလုံးကြားတယ်။ သီချင်းကလည်း နားထောင်သေးတာ။ ကားဆရာတွေအကြိုက် စိုင်းဆိုင်မောစ်ရဲ့ "မူဆယ်နမ့်ခမ်းလမ်း"က မပါမဖြစ်ပေါ့ဗျာ။ အောင်သူ၊ ဗညားဟန်တို့လို့ မြန်မာသံတွေ နားထောင်တာ များတယ်။ ကြားထဲက ဖောက်ဖောက်ပြီး အနောနီးမက်စ်က ပါလာသေး။

(၂)
သူ့ကား စီးလိုက်ပါပြီ ဆိုကတည်းက များလိုက်တဲ့ စကား။ လူက ဝတုတ်တုတ်။ မျက်လုံးက ပြူးပြူး။ ကွမ်းစားထားတဲ့ ပါးစပ်ကြီးနဲ့ ရယ်နေတတ်သေးတာ။ ကားခေါင်းခန်းထဲ ပေးစီးထားတော့ ကျုပ်က မျက်နှာထောက်ရတာပေါ့။ သူပြောတာကို အားနာပါးနာ "အင်း၊ အဲ"လိုက်ရတာကိုက မေးရိုးတွေ ညောင်းလာတာ။

"ဆရာ သိလား။ ခုခေတ် ကလေးတွေက အလုပ်ဆို စွဲစွဲမြဲမြဲ မလုပ်ချင်ကြဘူး။ အလုပ်ကလေးရှိလို့ ခေါ်မယ်ဆို မအားသေးဘူး ဘာညာနဲ့။ ခုချက်ချင်း ပိုက်ဆံတန်းရတာမျိုးပဲ လုပ်ချင်တာ။ ရေရှည်မကြည့်ဘူး။"

သူ့တပည့်ကလေးတစ်ယောက်ကို ပြောချင်ပုံ ပေါ်ပါတယ်။ "အင်း"တစ်လုံး လိုက်လိုက်တော့ ဆက်ပြောတယ်။

"ကျွန်တော်ဆို အခု ဒရိုင်ဘာ၊ တန်းဖြစ်လာတာ မဟုတ်ဘူး။ သိလား ဆရာ။ အရင်က လမ်းခင်းကျောက်တွေ အတင်အချ လုပ်ရတာ။ အသက် ၂၀ လောက်က။ ပင်ပန်းလိုက်တာ ဆရာရေ။ ဒါပေမဲ့ ဝါသနာပါတာက စကိတ်စီးတာနဲ့ ကားမောင်းတာ။ စကိတ်စီးတာကျ အားကစားသမားလိုင်းဘက်ရောက်မှာ။ အသက်မွေးလို့ အဆင်မပြေလောက်ဘူး။ အဲဒါနဲ့ ကားမောင်းတဲ့ဘက် ရောက်ချင်တော့တာ။ သူများ ကားမောင်းပြီဆို ခိုးခိုးသင်နေတာ။ ကားကြီးကော၊ ကားလေးကော၊ ထော်လာဂျီကော အကုန်ကြည့်တာ။ ဘယ်လိုမောင်းတုန်း။ ဘယ်လိုထိန်းတုန်း"

နားထောင်နေတဲ့ ကျုပ်က ပြောချင်နေတာ "အဲဒါ ကျုပ်နဲ့ ဘာဆိုင်တုန်း"။ စိတ်ထဲကပဲ ပြောမိပါတယ်။ လူမှုရေးအရတော့ "အင်း"တစ်ခွန်းလိုက်လိုက်တာ ဆက်ပြောပါလေရော။

"တစ်နေ့ကျ ကျောက်ပုံတွေကို အနီးအနားရွှေ့ဖို့ လိုလာကော။ ထော်လာဂျီ ပိုင်ရှင် အန်တီကြီးက သူ့သားပဲ မောင်းတတ်တယ် ထင်နေတာ။ သူ့သားကလည်း ဘယ်သွားနေမှန်း မသိတာနဲ့ ကျွန်တော်လည်း တက်မောင်းတာပေါ့။ ဝေးဝေးမှ မဟုတ်တာ။ ကျောက်ကို ဒမ်ပါကား(Dumper truck)တွေနဲ့ သယ်ဖို့ တစ်နေရာတည်း စုပုံပေးရတဲ့ သဘောပဲ။ အဆင်ပြေသွားတယ် ဆိုပါတော့။ ကိုယ်က အမြင်ပဲ ရှိတာ။ လက်တွေ့က တစ်ခါမျှ မမောင်းဖူးဘူး။ စမောင်းဖူးတာ ထော်လာဂျီပဲ။"

"အင်း"

"ကျောက်တွေကို တင်တာချတာ ပင်ပန်းတယ်ဗျ။ ဒါပေမဲ့ ပိုက်ဆံလိုချင်တော့ လုပ်တာပဲ။ ပထမ တစ်ကျင်း။ နောက်နှစ်ကျင်း။ နောက်ကျ လေးကျင်း၊ ငါးကျင်း။ လုပ်တုန်းက လုပ်လိုက်တာပဲ။ ညကျမှ ခံရတာ ဆရာရေ။ အင်း၊ အဲ၊ ကျွတ်၊ ကျွတ်၊ ကျွတ်နဲ့ ညကို မအိပ်နိုင်ဘူး။ အဲဒါနဲ့ အဖေက ကြားတော့။ သားဘာဖြစ်လို့လဲဆိုတော့ ပင်ပန်းတယ် အဖေလို့ ပြောတော့ "ကျောက်လုပ်ရင်တော့ မျောက်ရုပ်ထွက်မှ ပြီးမှာပဲဟေ့"တဲ့။ "ကိုယ် ဘာဖြစ်ချင်သလဲ စဉ်းစားပေါ့"တဲ့။ အဲဒါနဲ့ စဉ်းစားကြည့်တာ ကားမောင်းမယ်ပေါ့။ ကားဆရာဆို မပင်ပန်းဘူး။ ပိုက်ဆံလဲ ပိုရတယ်လို့ တွေးမိတာ။"

(၃)
ကားက တောင်ပေါ်လမ်း စတက်ပါပြီ။ တချို့ခရီးသည်တွေကတော့ မျက်လုံးလေးတွေ မှိတ်ပြီး မမူးအောင် ကြံဖန်နေပြီ။
"ပလတ်စတစ် အိတ်လေးတွေ လိုချင်ရင် ယူပါ။ ကားပေါ် အန်မချပါနဲ့ ခင်ဗျာ"လို့ စပယ်ယာက ပြောတယ်။ ကိုဝတုတ်ကတော့ အပြောမပြတ်။

"ဆရာ သိလား။ ကျောက်ကား မောင်းချင်ပေမဲ့ ထော်လာဂျီ အရင်တက်မောင်းရတာ။ ပိုက်ဆံအနေနဲ့ ပို မရပါဘူး။ မောင်းမည့်သူမရှိ တက်မောင်းရတဲ့ သဘောပါပဲ။ လူက ဝပေမဲ့ ကျွန်တော်က ဖင်ပေါ့တယ်လေ။ ဒါပေမဲ့ ထော်လာဂျီ ပိုင်ရှင်က စတီယာရင်ကျိုးရင် ဘယ်လောက်လျော်ရမယ်၊ ဘာညာနဲ့ဆိုတော့ ထွက်ချင်တာ။ ဒါပေမဲ့ ကိုယ်ကလည်း မောင်းတတ်ချင်သေးတာဆိုတော့ သည်းခံနေပါသေးတယ်။"

ကျုပ်လည် နားငြီးတာပေါ့။ ဒီလူ တော်တော် စကားများတာပဲ။ ခုကတော့ ခရီးသည်တင်လိုင်းကား ဒရိုင်ဘာဆိုတော့ သူ့အတွက် ဘယ်ဆိုးလို့လဲ။ အောက်ခြေက လာသူဆိုတော့။ "အင်းဗျာ" တစ်လုံး ပြောလိုက်တာ ဒီလူ ဆက်ပြောပါလေရော။

"အဲဒီလိုကနေ ကျောက်ကားဒမ်ပါကားမောင်းတတ်အောင် သင်ပေးတဲ့ ဆရာနဲ့တွေ့ကော။ ကိုယ့်ဆရာက ဖွန်သမား။ တောထဲတောင်ထဲ ကျောက်ထုတ်တဲ့ နေရာ၊ တောထဲ၊ ကျောက်တောင်တွေကြား ဘယ်မိန်းမ ငမ်းစရာ ရှိမတုန်း။ အဲဒါကို သူက မုန့်လာရောင်းတဲ့ အသည်တွေ၊ ကွမ်းလာရောင်းတဲ့ အသည်တွေ ဒါတွေကို ဖွန်တာ။ သူဖွန်တာက အရေးမကြီးဘူး။ ကျောက်ကားကို ထားခဲ့တာ။ နေရာ ရွှေ့ဖို့ဆို သူ့ လိုက်ရှာရတာ အမော။ တစ်ခါ နေရာရွှေ့ဖို့ သူ့ရှာရတာတင် နာရီဝက်၊ တစ်နာရီကြာတယ်။ ဒါပေမဲ့ သူက ကားသော့ကို ကားမှာ ထားခဲ့တာ။ အဲဒါနဲ့ တစ်နေ့ ကားရပ်ထားတုန်း ဟိုနားဒီနား ရွှေ့ဖို့ လိုလာရော။ နေရာက မဝေးဘူး။ ဆရာလုပ်တဲ့သူ သွားရှာ မနေဘူး။ ကိုယ့်ဘာသာ ရွေ့လိုက်တာ။ အဆင်ပြေပြေပဲ။ နောက်လည်း လွယ်တာဆို ခေါ်မနေတော့ဘူး။ သူကလည်း သိတယ်။ တပည့် လုပ်တဲ့ကောင် နည်းနည်း မောင်းတတ်ပြီ ဆိုတာကို။ ဒါနဲ့ သူလည်း ဖွန်ကြောင်တဲ့ နေရာ ပြောင်းတော့တာပဲ။ တောင်ကြားထဲထိ လိုက်မလာတော့ဘူး။ လမ်းဆုံနေရာထိ ပြန်သွားပြီး ဖွန်တာ။ ကိုယ့်တပည့် မောင်းတတ်နေမှန်းသိတော့ လာကို မလာတော့ဘူး။ တောင်ကြားကနေ အဝေးပြေး လမ်းမပေါ် မတက်ခင်ထိ မောင်းရတယ်။ အစကတော့ လမ်းမကြီးပေါ် မမောင်းခိုင်းသေးဘူး။ နောက်တော့ မောင်းခိုင်းပါတယ်။ ကျေးဇူးအများကြီး ရှိပါတယ်။"

ကျုပ်လည်း သိပ်တော့ စိတ်မဝင်စားမိပါဘူး။ ဒါပေမဲ့ သူက တစ်ဆင့်ချင်းတက်တက်လာတယ်လို့ နားလည်လိုက်တယ်။ "အင်း"လို့ တစ်လုံး လိုက်လိုက်တော့ ဆက်ပြောပါလေရော။

"ကျောက်တင်တာကလည်း အထာလေးတွေ ရှိတယ် ဆရာ။ ကျောက်တစ်ကျင်း ၁၀ ပေပတ်လည်၊ ၁ပေထု ပေါ့။ ကားအကြီးအသေးပေါ် မူတည်ပြီး ဘယ်နှပေ၊ ဘယ်နှပေ အမြင့်ပေါ့။ စတင်တင်ချင်းတော့ ဟုတ်တယ်။ နောက်တော့ မောင်းလိုက်ရင် ကျောက်တွေက ထပ်ပြီး သိပ်သွားတာ။ကျင်း မပြည့်တဲ့ ပုံပေါက်သွားရော။ အဲဒါဆို ပို့မည့်နေရာ မရောက်ခင် ကျောက်ပုံကို ပြန်ဖွရတာ။ အစအဆုံး ပြန်စီပေတော့ပဲ။ ပင်ပန်းတာ။ စီပြီးရင်တော့ ကားကို ဖြည်းဖြည်း မောင်းပေတော့ပဲ။ မြန်မြန်မောင်းလို့ကတော့ ပြန်ထပ်သွားရော။ အဲဒီလို ရှိတယ် ဆရာရေ။"

"အင်း"

(၄)
"အဲဒီကျောက်လုပ်ငန်းလည်း ၅နှစ်လောက်လုပ်လိုက်တာ။ နောက်ကျ ဆောက်လုပ်ရေးတွေ သိပ်မတွင်တော့တာနဲ့ ပြောင်းလုပ်ရတာပဲ။ ရန်ကုန်ရောက်သွားသေးတယ်။ ကားမောင်းတတ်လားဆိုတော့ ကားမောင်းတတ်တယ်ပေါ့။ တက်ကစီ စမောင်းဖူးတာပဲ။ ဖော်ရိန်နာတွေ သွားကြိုရတာ။ အင်္ဂလိပ်စကားက ရက်စ်၊ နိုးပဲ သိတာ။ ဒါပေမဲ့ ကောင်းတာက သူတို့က သူတို့သွားချင်တဲ့ နေရာလေးတွေကို မြေပုံထောက်ပြတယ်။ ကိုယ်က အဲဒါဆိုရင် ရောက်အောင် မောင်းတတ်ပြီးသား။ နောက်ကျ ပို့ရင်း၊ ပို့ရင်း အထာနပ်လာတာ။ တစ်ခါတလေဆို သူတို့ကို မြန်မာအခေါ်အဝေါ်တွေ သင်ပေးလိုက်သေးတယ်။ ဒါ ယောက်ျား၊ ဒါ မိန်းမ၊ ဒါ ဘုန်းကြီး၊ ဒါ သီလရှင် ဘယ်လိုခေါ်တယ်ပေါ့။ ဘရုတ်ကန်း(Broken) နဲ့ ပြောတာပဲ။ နားမလည်ရင် လက်ဟန်ခြေဟန်နဲ့ပေါ့။ အလုပ်တော့ ဖြစ်ပါတယ်။ တစ်ခါတလေကျ တရုတ်တွေ သွားကြိုရတယ်။ အဲတာကျလည်း တရုတ်စကား တစ်လုံး၊ နှစ်လုံးသင်ရတာပေါ့။ တပည့်က ဉာဏ်ကောင်းတယ်လေ။ သိပ်မဝေးတော့ ခရီးသည်တွေက ကြိုက်ကြပါတယ်။"

ကျုပ်လည်း စဉ်းစားမိတယ်။ ဒီလူ ဘယ်လိုလူလဲပေါ့။ သူ့ကိုယ်သူ အထင်ကြီးတဲ့ စိတ်လေးတော့ များသား။ တပည့်က တော်တယ်လေ၊ ဘာလေနဲ့။ ကောင်းပါတယ်။ အဲဒါမှလည်း သူ့ဘဝနဲ့ သူ ကျေနပ်နေတော့ အေးတာပေါ့။"အင်း"လို့ တစ်လုံးထောက်လိုက်တာ ဆက်ပြောပါလေရော။

(၅)
"ရန်ကုန်လည်း ရတာနဲ့ ကုန်တာနဲ့ မကာမိပါဘူး။ အဲဒါနဲ့ ဦးလေးက တိုင်းရင်းသားဒေသတစ်ခုမှာ ကားမောင်းမလားပေါ့။ ခိုင်းတာကတော့ အစုံ ခိုင်းမှာပဲ။ အလုပ်သမားတွေ လိုက်ပို့ဆိုလည်းပို့။ ပစ္စည်းပို့ ဆိုလည်းပို့။ သွားလုပ်တာ။ တစ်ရက်ကြီး ကားမောင်းနေတုန်း သေနတ်သံတွေ ကြားရရော။ "ရွှီး၊ ဒိုင်း၊ ဒိုင်း၊ ဒိုင်း၊ အုန်း၊ အုန်း"ဆိုပြီး။ ကားပေါ်မှာ လူက အပြည့်။ ကြောက်လန့်ပြီး ဆူညံကုန်တာပေါ့။ ဝမ်းလျားမှောက်တဲ့သူက မှောက်။ ဘုရားစာ ရွတ်တဲ့သူက ရွတ်။ ကိုယ်လည်း ကားမောင်းနေရင်း ရပ်ရမလို။ ဆက်မောင်းရမလို။ ရပ်ထားလိုက်တယ်။ ငါတို့လည်း သတင်းတွေတော့ အမြဲနားစွင့်နေတာပါပဲ။ တိုက်ပွဲဖြစ်မယ်၊ ဘာမယ်လည်း မသိထားပါဘူးပေါ့။ အဲဒီမှာ ကားကြီးရပ်ပြီး နာရီဝက်လောက်ကြာတယ်။ သေနတ်သံရပ်မှ ပြန်ထွက်လာရတာ ဆရာရေ။ ပြီးမှ သိတာ။ ငါး ပစ်တာတဲ့။ ရေကန်ထဲက ငါးကို မမျှားဘူး။ ကျည်ဆံပေါတော့ ကျည်ဆံနဲ့ ပစ်တာ။ နေရာကတော့ ဝေးပါတယ်။ တောင်ပေါ်ဆိုတော့ ကြားရတာပေါ့။"

ကျုပ်လည်း စဉ်းစားမိတယ်။ ဒီလူ တော်တော်တော့ ဗဟုသုတ စုံတာပဲလို့။ "ခင်ဗျားဟာ စိတ်တော့ ဝင်စားစရာ ကောင်းလာပြီ။ ဒီကို ဘယ်လို ရောက်လာတာတုန်း" မေးလိုက်တယ်။

"တောင်ပေါ်ဆက်နေရင်လည်း မိန်းမရတော့မှာ ဆရာရေ။ အဲဒီတုန်းက လူပျိုပဲ ရှိသေးတာ။ ဖာထီးက "ဟေ့ကောင်၊ နင် ငါ့သမီးတွေကြိုက်ရင် ပေးစားမယ်" ပြောတယ်။ ကျွန်တော့် လုပ်ပုံကိုင်ပုံကို ကြည့်ပြီး။ ဆရာ့တပည့်က အလုပ်ကတော့ တော်တော် လုပ်နိုင်တာလေ။ သူတို့ ခိုင်းတာရှိလည်း စိတ်တိုင်းကျ ဖြစ်စေရမယ်ပဲ။ ဒါပေမဲ့ ငွေလည်း မစုမိတာနဲ့ ဦးလေးပြောပြီး ပြန်လာခဲ့တာဗျာ။

"အော်"

(၆)
"ဒီရောက်တော့ မိန်းမနဲ့ အိမ်ထောင်ကျပြီး မြေလတ်ဒေသ ရောက်လာပါလေကော။ လိုင်စင်လည်း အနီရအောင် ဖြေရတာပေါ့။ ကားဒရိုင်ဘာ တန်းမဖြစ်ဘူး။ ဆိုင်ကယ်ကယ်ရီလည်း ဆွဲရသေး။ လိုက်ထရပ် မောင်းမည့်သူ မရှိလည်း လိုက်တာပဲ။ ဖြစ်ချင်တော့ ခုကားလိုင်း ဒရိုင်ဘာက တပည့်ကို ခင်တယ်။ သူ့စပယ်ယာက ဖျားနေတော့ ကားမလိုက်နိုင်ဘူး။ လိုက်မလားတဲ့။ တပည့်ကလည်း လိုက်မယ်ပေါ့။ အဲဒီလိုနဲ့ လိုက်ရတစ်လှည့်၊ မလိုက်ရတစ်လှည့်ပေါ့။ ဆရာ့တပည့်က ဖင်ပေါ့တယ်လေ။ ပစ္စည်းတင်ရမယ်ဆိုလည်း ဒရိုင်ဘာ လှည့်ကြည့်စရာ မလိုရဘူး။ အလေးကြီးတွေလည်း ထမ်းတင်တာ။ ဆရာ ကားမောင်းတဲ့အခါလည်း သင်ရတာပေါ့။ ဘယ်အတက်လေးကျ ဘယ်လို ဂီယာထိုးတာ၊ အဆင်းကျ ဘယ်လို ဘရိတ် နင်းတာ၊ ခရီးသည်တွေ မမူးအောင် ဘယ်လို ထိန်းမောင်းတာ ကြည့်နေတာပေါ့။ ဆရာကလည်း အစစ်အဆေး မများတဲ့ နေရာဆို စမ်းမောင်းခိုင်းပါတယ်။ မှားလို့ကတော့ ဆဲတာ။ ငါ ကိုင်တုတ်တာ။ ငါ မသား၊ ညာမသား ဘယ်လို မောင်းနေတာတုန်း၊ ဘယ်လိုလေး လုပ်ပါ့လား၊ ဘာညာ။ စေတနာတော့ ပါပါတယ်။ နောက်ကျ ကားလိုင်းတွေ တိုးချဲ့တော့ ဒရိုင်ဘာ မရှိတာနဲ့ ဝင်မောင်းဖြစ်တာပဲ ဆရာရေ။"

ဒီလိုနဲ့ ပြောလာလိုက်တာ တောင်ပေါ်လမ်းတောင် တော်တော်ရောက်လာပြီ။ တောင်ပေါ်မှာလည်း သစ်ပင်ကြီးတွေ ရှားလာပြီ။ နွေဆိုတော့ ပူတော့ ပူတာပါပဲ။ ကိုဝတုတ်ကား အဲယားကွန်း ပါမပါကတော့ မေးကို မနေပါနဲ့တော့။ ကားမောင်းနေတုန်း လေတိုက်ရင် နည်းနည်းအေးတယ်။ ခဏရပ်ထားတယ် ဆိုရင်ကို ချွေးထုတ်ခန်း မသွားဘဲ ရောက်တယ်။ ကိုဝတုတ်ကို ချီးကျူးချင်တာကတော့ ကားကို ဘရိတ်တန်းအုပ်တာတို့၊ ဇက်ခနဲ အရှိန်တင်တာတို့ မရှိဘူး။ ကားပေါ်မှာ ကားမူးတဲ့သူ တစ်ယောက်၊ နှစ်ယောက်တော့ ပါတာပေါ့။

ကျုပ်လည်း "အင်း"လိုက်မလို့ ရှိသေး သူ့ဆီ ဖုန်းဝင်လာတယ်။ သူ့မိန်းမက ဆက်တာ။ ကလေး ဝမ်းလျှောတာ သက်သာပါတယ် တဲ့။ လူနာစောင့်လုပ်ရတော့ သူကတော့ အားကုန်နေပါသတဲ့။ ဒီလိုဆိုတော့လည်း ကိုဝတုတ်ဆိုတာ မိသားစုဝန်ကို ထမ်းထားရတဲ့ လူသားတစ်ယောက်ပါပဲလို့ တွေးမိတယ်။ သူ့မိန်းမအတွက် အားရှိတာလေးတွေ ဝယ်သွားမယ် ထင်တယ်။ ဖုန်းလည်းကျရော။ သူ ဆက်ပြောတာပါပဲ။
"ဒီကားမောင်းတာ ဆယ်နှစ်ရှိပြီ ဆရာရေ။ အုံနာ(owner) ကလည်း ကားကို လဲမပေးဘူး။ ကျွန်တော် စမောင်းကတည်းက မှန်အကွဲ၊ ခုထိလည်း အကွဲပဲ။ နောက်၅နှစ်လောက်မောင်းပြီးရင် ကားကို ပြတိုက်ပို့ရမှာ။ အင်ဂျင်လည်း တစ်ခါခွဲပြီးသွားပြီ။ အဲဒီနောက် လှည့်ကို မကြည့်ရဘူး။ အမြန်မောင်းလိုက်ရင်တော့ ကရောင်းက "ဂတ် ဂတ် ဂတ် ဂတ်" မြည်လာရော။ ရေတိုင်ကီကလည်း နည်းနည်း အယ်ရာ(error) တက်တယ်။"

ကျုပ်လည်း နည်းနည်း ဝင်ပြောလိုက်တယ်။

"နွေရာသီဆိုတော့ ကားလည်း ရေဆာတာပေါ့။ သူလည်း ရေအေးအေးလေး သောက်ချင်တာပေါ့။"
"ဟုတ်တယ်၊ ဟုတ်တယ် ဆရာ"

(၇)
ကျုပ်လည်း ကားစီးရင်း လမ်းကြုံလို့ သူ့ဘဝဇာတ်ကြောင်း နာရတော့တာပဲ။ ကိုဝတုတ်ဆိုတာ အခုလတ်တလောမှာ ဒရိုင်ဘာဆိုပေမဲ့ တကယ်တော့ ခရီးသွား တစ်ယောက်ပါပဲ။ ဘဝဆိုတဲ့ တောင်ကြီးကို အောက်ခြေမှ အပေါ်သို့ တက်နေတဲ့ တောင်တက်ခရီးသွားတစ်ယောက်နဲ့တူတယ်။ သူတက်ရောက်ရတဲ့ အမြင့်ကနေ မြင်ရတဲ့ ရှုခင်းတွေကို မက်မောတဲ့ ကြည့်ရှုသူတစ်ယောက်နဲ့တူတယ်။ အမြင့်တက်ဖို့ လှေခါးထစ်တွေ အသင့်မရှိပေမဲ့ ကြိုးစားကုပ်တွယ်တက်တတ်တဲ့ သဘောရှိတယ်။ ကျုပ်ကိုတော့ သူက ဆရာ၊ ဆရာနဲ့ ခေါ်တာပဲ။ ကျုပ်လည်း ကိုယ့်ကိုယ်ကိုယ် ဘာဆရာလဲ စဉ်းစားကြည့်တော့ အခြားသူပြောတာကို နားထောင်ပေးတတ်တဲ့ နေရာမှာ ဆရာကျပုံပေါ်တယ်။ ပြောရင်းဆိုရင်း ကျုပ်အိမ် ရောက်လာပြီ။ အဲဒီ့မှပဲ ကိုဝတုတ် အပြောရပ်တော့တယ်။
"သွားပြီနော် ဆရာ"
"ကျေးဇူး၊ ကျေးဇူး ကိုဝတုတ်"
ကားခတောင် ပေးလိုက်မိရဲ့လား မသိတော့ဘူး။။

ရိန်ဇော်
#reinzaw

Keep Reading

မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့