ရိန်ဇော်
မနက်ဖြန်များကို မျှော်ကြည့်ခြင်း
(၁) နံနက်ခင်းတစ်ခု မွေးဖွားခြင်း
ပူပြင်းသော နေမင်း၏ အလင်းရောင်တို့ မနိုးထသေးခင် မြို့ပြက အိမ်ရာတစ်ခု၏ အပေါ်ဆုံးထပ်တွင် ကလေးငယ်နှင့် မိခင်ဖြစ်သူ ရေဂျီနာ အိပ်စက်နေသည်။ ကလေးအဖေ ကိုပိုင်စိုးကတော့ နံနက် ၃နာရီခန့်တွင်ပင် အိပ်စက်မရတော့ဘဲ ထထိုင်ကာ မိန်းမနှင့် ကလေးကို ကြည့်လိုက်သည်။ "ငါ့သမီးလေး ခရီးပန်းလို့ ပိန်သွားတယ်" ဟု စိတ်ထဲက ပြောနေမိသည်။ ကိုပိုင်စိုးအဖို့ ယခုအချိန် အဖြစ်ချင်ဆုံးဆန္ဒမှာ အမေ့ရင်ခွင်ထဲတွင် အိပ်စက်ခွင့်ရသော ကလေးတစ်ယောက်၏ ဘဝကိုသာ။ ကလေးတစ်ယောက်၏ ဘဝ မည်မျှ ကံကောင်းလိုက်ပါသနည်း။ ပတ်ဝန်းကျင်က မည်သည့်အခြေအနေပဲ ဖြစ်နေပါစေ၊ သူ့အမေ ရင်ခွင်ထဲနေရလျှင် သူ့အဖို့ လုံခြုံသည်ဟု ခံစားသည်။ ပတ်ဝန်းကျင်က အမှန်တကယ်တော့ ကြမ်းတမ်းချင် ကြမ်းတမ်းနေပါမည်။ ကလေးစိတ်က ယုံကြည်နေ၍ သူ့အဖို့ နွေးထွေးသည်။ "အပူအပင်ကင်းတဲ့ ကလေးလေးဘဝကို တစ်ခါပြန်ပြီး ရချင်သေးတယ်"ဆိုသော သီချင်းလေးသာ ကိုပိုင်စိုး ညည်းချင်တော့သည်။
ကိုပိုင်စိုးနှင့် ရေဂျီနာ ခေါ် မဟန်နီတို့ အိမ်ထောင်ကျပြီးနောက် ရေဂျီနာ၏ မွေးရပ်၊ နှင်းမြူကြားက တောင်ပေါ်မြို့ကလေးမှာ နေထိုင်ရင်း သမီးငယ်လေးကို ပိုင်ဆိုင်ခွင့် ရခဲ့သည်။ တောင်ပေါ်ဒေသ မငြိမ်းချမ်းတော့သောအခါ ကလေးကို ခေါ်ကာ မြို့ပြသို့ ထွက်ခဲ့သည်။ အရာရာ နေသားမကျနိုင်သေးပါ။ အိမ်ပြောင်းလာသူအဖို့ အလိုအပ်ဆုံး အရာမှာ နေစရာ၊ နောက်ထပ်တစ်ခုက သွားစရာ။ ဆိုင်ကယ်တစ်စီး။ ကိုပိုင်စိုး အတွေးတွေက ဆက်လျက်။
"မနက်ဖြန် ဆိုင်ကယ်ဝယ်ရမယ်။ ဒါမှ အားလုံး အဆင်ပြေမယ်။ မိန်းမ ဈေးသွားလည်း အဆင်ပြေတယ်။ ကလေး ကျောင်းပို့လည်း ပြေတယ်။"
" ပိုက်ဆံ ဘယ်က ရမလဲ။ အင်း ငါ စုထားတာ ၁၀ သိန်း။ တရုတ်ဆိုင်ကယ်လေးတော့ ရပါတယ်။ ဒါပေမဲ့ ပြန်ပြင်ရတာနဲ့ စိတ်ကော၊ လူကော ပင်ပန်းတယ်။ အရင်လည်း ဆိုင်ကယ်အဟောင်းဝယ်စီးတာ အရေးရယ်၊ အကြောင်းရယ်ဆို စက်က မနိုးဘူး။ ဒါဆို မိန်းမလည်း လှလှပပလေး စီးရအောင် ထိုင်းဘီးလေး ဝယ်မယ်။ အသစ်ဈေးက သိန်း ၅၀။ မတတ်နိုင်ဘူး။ ထိုင်းဘီး အဟောင်းထဲကပဲ သန့်တာ ရှာဝယ်မယ်။ သိန်း ၃၀သုံးမယ်။ ရေဂျီနာရဲ့ ဆွဲကြိုး ငါးမူးသားလေး ရောင်းလိုက်မယ်လေ။ ဟုတ်ပြီ။"
အတွေးထဲမှာ ကိုပိုင်စိုး တစ်ယောက်တည်း ပြောနေသည်။ သည်လိုနှင့် နံနက်ခင်း လင်းပါပြီ။
"စာသင်တိုက်မှ သံဃာတော်များ ဆွမ်းခံကြွလာပါပြီ။" ဟု ဖိုးသူတော်အသေးစားကဲ့သို့ ဝတ်ထားသော ဘုန်းကြီးကျောင်းသားလေးက နှိုးဆော်လေပြီ။
(၂) ဆိုင်ကယ်နံပါတ် ၆၉/ယ ၇၂၀၂၂
ဆိုင်ကယ် ဝယ်လိုက်၍ ကိုပိုင်စိုးနှင့် ရေဂျီနာ ပျော်သည်။ ထိုင်းဘီး "ဟွန်ဒါ ဝေ့ဗ် အယ်ဖာ ဝမ်းတန်း" အဖြူရောင်လေးကို နှစ်သက်သည်။ လေးနှစ်အရွယ် သမီးလေးထိုင်ဖို့ ခေါက်သိမ်း၍ ရသော ခုံလေးတစ်ခုံ ဝယ်တပ်သည်။ သမီးလေးက ရှေ့ခုံလေးမှာထိုင်၊ ကိုပိုင်စိုးက အလယ်က မောင်း၊ ရေဂျီနာက နောက်မှ ကိုပိုင်စိုး ခါးကို ဖက်၍။ ရုပ်ဝတ္ထုပစ္စည်းတို့နောက် အငမ်းမရ လိုက်နေသော လူသားများသည် သူတို့စိတ်၏ ဆာလောင်မှုကို မဖြည့်ဆည်းနိုင်ကြောင်း ကိုပိုင်စိုး သိသည်။ သို့သော် ရုပ်ဝတ္ထုပစ္စည်း ချို့တဲ့သူတို့၏ ဘဝသည်လည်း စိတ်၏ ဆင်းရဲခြင်းမှ လွတ်ကင်းနိုင်ခဲသည်ဟုလည်း တွေးသည်။
(၃) မိုးကာတဲ
အိမ်ရာတွင် လေးထပ်တိုက်များ အလုံးရေ ၅၀ ကျော် ရှိမည်။ တစ်ထပ်တွင် လေးခန်းတွဲ ပါသည်။ အခန်းတွဲတစ်ခုတွင် အိပ်ခန်း နှစ်ခန်း၊ မီးဖိုးခန်း တစ်ခန်း၊ ရေချိုးခန်း တစ်ခန်း၊ အိမ်သာတစ်ခန်း၊ ကျန်သောနေရာ ဧည့်ခန်းအဖြစ်ထားနိုင်သည်။ ကိုပိုင်စိုးတို့ကဲ့သို့ အိမ်ငှားမိသားစုလေးများ အတော်များသည်။ အပေါ်ဆုံးထပ်က အောက်ဆုံးထပ်နှင့် ယှဉ်လျှင် ဈေးငါးသောင်းခန့်သက်သာ၍ အပေါ်ဆုံးထပ်ကိုသာ ကိုပိုင်စိုး ရွေးချယ်သည်။
"ယောက်ျားရေ၊ နေစရာလေးရယ်၊ စီးစရာလေးရယ်တော့ ရပြီ။ ပါတဲ့ ပိုက်ဆံလည်း ကုန်ပြီ။ ဘာလုပ်စားကြမလဲ။"
"ငါလည်း စဉ်းစားနေတာ။ အိမ်ရာထဲက မြေကွက်လပ်မှာ တဲလေးတွေထိုးပြီး ဆိုင်ဆောက်နေတာ တွေ့တယ်။ လျှောက်လို့ရတယ်လို့တော့ ပြောတယ်ဟ။ မင်း သွားလျှောက်လိုက်။ ကလေးနဲ့ဆိုတော့ ပိုပြောကောင်းတာပေါ့ဟာ။ အသုပ်စုံလေး၊ အအေးလေး ရောင်းကြတာပေါ့"
ကံကောင်းထောက်မ၍ ဆိုင်လေးဆောက်ခွင့်ရသည်။ လွဲ၍ ကောင်းနေသော ကမ္ဘာပေါ်ဝယ် စာသင်ကြားပေးသူတစ်ယောက် ဈေးရောင်းချရခြင်းလည်း ရှိတတ်ပေသည်။ ယာယီဆိုင်သဘောဖြစ်သဖြင့် မိုးကာတဲ ထိုး၊ မြေညှိ၊ ခုံလေးများချပြီး ဆိုင်လေး စဖွင့်ဖြစ်သည်။ ထိုမိသားစုငယ်လေး၏ အနာဂတ်လမ်းသည် မှုန်ဝါးပုံရသည်။ မည်သည်ကိုမှ သဲသဲကွဲကွဲ ပုံဖော်မရနိုင်ချေ။
(၄) ကစားဖော်
ညနေခင်းတွင် ကလေးများ လမ်းပေါ် တက်ဆော့ကြသည်။
"ပွမ်၊ ပွမ်"
"ရေသန့်ရမယ် ရေသန့်"
သောက်ရေသန့်ဘူး ကားများ၊ သုံးဘီးဆိုင်ကယ်များ၊ ဈေးသည်များနှင့် ရှုပ်နေသည်။ သမီး"ရှင်းသန့်"လည်း ကစားချင်၍
အမေဖြစ်သူ ရေဂျီနာကို ခေါ်သည်။
"မေမေ၊ သမီးကစားချင်လို့၊ အောက်သွားရအောင်"
"အေးပါ၊ အေးပါ၊ ခဏစောင့်။ မေမေ့ ဟင်းအိုးကျက်တော့မှာ"
"မေမေ မြန်မြန်လုပ်"
"ပြီးပြီ။ ပြီးပြီ။ သွားမယ်"
ခုန်ပေါက်ပြေးလွှားနေသော ကလေးငယ်များကို မိဘလုပ်သူများ လိုက်ထိန်းရသည်။ ကား၊ ဆိုင်ကယ်များလည်း တောက်လျှောက် သွားလာနေကြသည်။
"သမီးလေး ဘေးကပ်၊ သမီးလေး ဘေးကပ်"
အရမ်းမပြေးကြနဲ့။ ကားလာနေတယ်"
သမီးလေးရှင်းသန့်က အဖော်မက်သည်။ သူနှင့် ရွယ်တူ ကလေးမလေးတစ်ယောက်နှင့် အဖွဲ့ကျနေသည်။ ကလေးမလေးက ရေခဲမင်းသမီးပုံ ဂါဝန်အနွမ်းလေးနှင့်။ သန့်သန့်ပြန့်ပြန့်မရှိ။ ဆံပင် ကောက်ကောက်လေး။ သူ့ကို လိုက်ထိန်းသော လူကြီးလည်း မတွေ့။
"ဝါး ဟား ဟား ရေခဲချောင်းနဲ့ ရေခဲမုန့် လာပါပြီနော်။ နို့၊ စတော်ဘယ်ရီ၊ ချောကလက်၊ ပိန်းဥ၊ ဒူးရင်း၊ သရဲလျှာ၊ သံပုရာ၊ လိမ္မော်၊ ကိုလာ အရသာ အစုံပါပါတယ်နော်"
ရေခဲချောင်းသည်က အထာနပ်သည်။ ကလေးများဆော့ချိန် ကွက်တိလာသည်။ သမီးက ပူဆာ၍ ရေဂျီနာ ဝယ်ကျွေးသည်။
"စတော်ဘယ်ရီ စားမယ် မေမေ"
"သမီး ချောင်းဆိုးနေတာနော်"
"နည်းနည်းလေးပဲ ဆိုးတာပါ"
"မေမေ့စကား နားထောင်မယ်ဆိုမှ ဝယ်ကျွေးမယ်"
"နားထောင်မှာ မေမေ"
သမီးကို တားမရ၍ ဝယ်ကျွေးသည်။ ဆံပင်ကောက်ကောက်နှင့် ကလေးမလေးက ရေခဲမုန့်သည်ကိုသာ ငေးကြည့်နေသည်။ လျှာလေး တသပ်သပ်နှင့်။ ပုံပြင်ထဲကကဲ့သို့ ရေခဲမုန့်များ ဖန်ဆင်းပေးနိုင်သော မှော်ကြိမ်တံတစ်ချောင်း လိုချင်နေခြင်းလည်း ဖြစ်နိုင်သည်။ သမီးနှင့် ရွယ်တူ သူငယ်ချင်းလေးဖြစ်သဖြင့် မိခင်စိတ်နှင့် မြင်မိသော ရေဂျီနာ မုန့် ဝယ်ကျွေးမိ၏။
"လာ၊ လာ၊ သမီးလေး၊ ဘာစားမလဲ"
"သမီးက ချောကလက်"
ရေခဲမုန့်စားရင်း ပါးစပ်မှာ ပေတူးနေကြသော ကလေးနှစ်ယောက် ခုန်ဆွ၊ ခုန်ဆွနှင့်။ ဆံပင်ကောက်ကောက်နှင့် ကလေးမလေးအဖို့ ရေဂျီနာက ကြင်နာတတ်သော နတ်သမီးတစ်ပါးဟုလည်း ထင်နိုင်သည်ပင်။ နေရာသစ်တွင် သမီးရှင်းသန့် သူငယ်ချင်းအသစ် ရပါပြီ။ ဆော့နေရင်း မိုးဖွဲဖွဲလေးကျလာ၍ အခန်းသို့ ပြန်လာသည်။ ဆံပင်ကောက်ကောက်နှင့် ကလေးမလေးမှာ မျက်နှာချင်းဆိုင်တိုက် လှေကားအနားမှာ ရပ်နေသည်။ မည်သူမှ လာမခေါ်။ သမီးက အိမ်ရှေ့ ဝရန်တာကနေ သူ့သူငယ်ချင်းကို မြင်သောအခါ ရေဂျီနာကို သွားခေါ်ခိုင်းသည်။
"မေမေ၊ သမီးသူငယ်ချင်း ဆံပင်ကောက်ကောက်လေးကို သွားခေါ်လိုက်လေ၊ သူနဲ့ ဆော့ချင်လို့"
"အေးပါ၊ အေးပါ၊ မေမေ သွားခေါ်ပေးမယ်။ ထီး ယူလိုက်ဦးမယ်။"
မိုးလေးတဖြောက်ဖြောက်ကျနေသဖြင့် တွေးမိတွေးရာ တွေးရင်း မနက်ဖြန်များအကြောင်း ရေဂျီနာတစ်ယောက် ဖျတ်ခနဲ စဉ်းစားမိသည်။မရေရာသော အနာဂတ်လမ်းခရီးဝယ် ခရီးဆောင်"ကွန်းပတ်"ပျောက်နေသကဲ့သို့ ရေဂျီနာ ခံစားမိသော်လည်း သမီးငယ်လေး ပျော်နေရန်သာ ဦးစားပေးချင်တော့သည်။
ကလေးနှစ်ယောက်ကတော့ အရုပ်မများကို အဝတ်ဝတ်လိုက်၊ နှုတ်ခမ်းနီဆိုးလိုက်နှင့် အလုပ်ရှုပ်နေတော့သည်။
ကလေးပျောက်သည် ထင်၍ လိုက်ရှာနေမှာလည်း စိုး၍ ဟိုဘက်တိုက်ကိုလည်း ရေဂျီနာ လှမ်းလှမ်းကြည့်ရသည်။ ည ၈နာရီကျော်မှ အသက် ၂၀ကျော် မိန်းကလေးတစ်ယောက် ထွက်လာသည်။ ဟိုကြည့်၊ သည်ကြည့်နှင့်။
"သမီးရေ၊ သမီးရေ"
ကလေးရှာနေခြင်း ဖြစ်မည် ဟု ရေဂျီနာ ခန့်မှန်းမိ၍ လှမ်းအော်ပြောသည်။
"ကလေး ရှာနေတာလား။"
"ဟုတ်တယ် အစ်မ"
"ဒီမှာ၊ ဒီမှာ အစ်မသမီးနဲ့ လာဆော့နေတာ။ လာခဲ့ပါ အပေါ်ကို"
သူ့အမေ လာသည်ကို မြင်သောအခါ ဆံပင်ကောက်ကောက်နဲ့ ကလေးလေးက ပြေးဖက်သည်။ ဝမ်းသာအားရ ပြောသည်။ ကလေးအမေသည်လည်း ဆံပင်ကောက်ကောက်လေးနှင့်။
"မေမေ၊ သမီးသူငယ်ချင်းအသစ်နဲ့ ဆော့နေတာ။ သူ့အရုပ်တွေနဲ့ ဆော့ခိုင်းတယ်။ သူ့မေမေကလည်း မဆူဘူး။"
"အေးပါ။ အေးပါ။ ပြန်ရအောင်။ နင့်အဖေ ပြန်လာတော့မှာ။ အစ်မ ကျေးဇူးနော်။ သမီးက အဲဒီလိုပဲ၊ လျှောက်သွားတာ"
"ကျမ သမီးလည်း အဖော်ရတာပေါ့။ လာဆော့လှည့်ပါ။"
"အစ်မတို့ ရောက်တာ ကြာပြီလား။ မတွေ့ဖူးဘူးနော်။"
"ရောက်တာ မကြာသေးဘူး။ အိမ်ရာထဲက ဈေးတန်းလေးမှာ ဆိုင်လေးဖွင့်ထားတယ်။ လာအားပေးဦး။"
"ဟုတ်၊ ဟုတ်။ ကျွန်မတို့က ဟိုဘက်တိုက်မှာ နေတယ်။ ယောက်ျားက ကယ်ရီဆွဲတယ်။ ပိုက်ဆံကတော့ စားဖြစ်ရုံ ရပါတယ်။ ဒါပေမဲ့ သူက နှစ်လုံး၊ သုံးလုံးထိုးတယ်။ အပေါင်းအသင်းနဲ့ တွေ့ရင် သောက်လာတယ်။ ဒီမှာနေတယ်ဆိုတာလည်း အခန်းပိုင်ရှင်က သူ့အဒေါ်မို့ ထားတာ။ လခကတော့ လျှော့ယူတာပေါ့။ အဆင်မပြေပါဘူး အစ်မရယ်။ အဝတ်လျှော်တာ၊ ခိုင်းစရာရှိတာမျိုးဆို ခေါ်နော်"
"ဟုတ်ပြီ၊ ဟုတ်ပြီ။ ဒီလိုပါပဲ"
"ငါ့ထက် ဒုက္ခရောက်နေသူတွေ တွေ့တော့
ငါ့ဒုက္ခကို ဒုက္ခလို့ မပြောတော့ဘူး" ဟူသော သုခမိန်လှိုင်၏ ကဗျာစာသားကို စာဖတ်လေ့ရှိသူ ရေဂျီနာ သတိရမိသည်။ နောက်ရက်များလည်း ကလေးနှစ်ယောက် ဆော့ကြသည်။ ပိုမိုခင်မင်ရင်နှီး လာကြသည်။
(၅) ဈေးဆိုင်ငယ်လေး
ဈေးတန်းက ဆိုင်လေးအတွက် ကိုပိုင်စိုးဆိုင်ကယ်လေးက မရှိမဖြစ်။ ရေဂျီနာ ဈေးသွားဈေးပြန်လည်း သူ့ကိုသာ။ ကလေး မူကြိုအပို့အကြိုလည်း သူ့ကိုသာ။ ဆိုင်အတွက် ပစ္စည်း အသယ်အယူလည်း သူ့ကိုသာ။ သူ့ခမျာ အသုပ်ဆိုင်လေးအတွက် အထုတ်အပိုးများရော၊ မိသားစုတစ်ခု၏ လေးလံမှုများကိုရော သယ်ဆောင်နေရဟန်ရှိသည်။ ဆိုင်ကယ်လေးသာ စကားပြောတတ်လျှင် နေ့ရှိသရွေ့ သွားလာရမှု ညောင်းညာကိုက်ခဲလှပါပြီဟု ဆိုမည်လား မသိ။ ဆိုင်ကယ်လေးကို ကိုပိုင်စိုး ပြန်လည် ယုယပါသည်။ အင်ဂျင်ဝိုင် မခမ်းစေရ။ လေ မလျော့စေရ။ ဖုန်မတက်စေရ။ အားသည်နှင့် အဝတ်စုတ်တစ်ခုနှင့် ဖုန်သုတ်နေတတ်သည်။ ဆိုင်၏ ရောင်းအားက မကောင်းလှပါ။ အရောင်းအဝယ်ဖြစ်သည် ဆိုရုံသာ။
"မိန်းမရေ၊ မင်းက ဆိုင်ကို တာဝန်ယူကွာ။ ငါလည်း အလုပ်တစ်ခု ထပ်လုပ်မှ ရမယ်။ သုံးလပြည့်တော့ အိမ်ငှားခ စာချုပ်အသစ် ထပ်ချုပ်ရတော့မှာကွ။ ပိုက်ဆံ လိုနေပြီ။ ငှားခ ထပ်မတက်ပါစေနဲ့လို့ ဆုတောင်းရတာပဲ။"
"ရှင်က ဘာလုပ်မှာလဲ။ အလုပ်က လွယ်ပါ့မလား။"
"ငါ ဟိုမှာတုန်းက စာသင်ဖူးတာပဲ။ ငါ့သူငယ်ချင်း အသိတစ်ယောက်ရဲ့ သားလေး စာသင်ပေးမလားတဲ့ ငါ့ကိုမေးတယ်။ "ဂိုက်"လုပ်ရုံပါပဲ။ ဒီမြို့ပေါ်ကပဲမို့ သွားသင်မယ်လေ။ ဆိုင်ကယ်နဲ့"
"စဉ်းစားပါဦး ယောက်ျားရယ်"
ဆိုင်ထဲသို့ လူနှစ်ယောက် ဝင်လာသည်။
"ပရီမီယာ ၂ထုပ် သောက်မယ်။ ဂျင်းသုပ် တစ်ပွဲ"
"ဟုတ် ရမယ် အစ်ကို။ ရေဂျီနာရေ ရေနွေးချပါကွ"
ဆိုင်ဖွင့်ချိန်တွင် သမီးရှင်းသန့်လည်း ကျောင်းပိတ်လျှင် ဆိုင်အနား ဆော့ခိုင်းရသည်။
ရေနွေးပူမလောင်စေရန်လည်း ဂရုစိုက်ရသည်။
"မေမေ၊ သမီး သူငယ်ချင်းလေး ဟိုမှာ"
ဆံပင်ကောက်ကောက်နှင့် ကောင်မလေးက အဖေ၊ အမေဖြစ်သူတို့ နှင့် လာနေသည်ကို မြင်၍ သမီးရှင်းသန့် စကားလှမ်းပြောသည်။ သူတို့ ဆိုင်ထဲ ဝင်လာထိုင်ကြသည်။ ကယ်ရီဆွဲသော ဆိုင်ကယ် ပျက်နေသဖြင့် ခြေကျင်လမ်းလျှောက်လာသည်ဟု သိရသည်။ ရက်ရောသော ရေဂျီနာက ချောကလက်ဝေဖာလေးကို ဆံပင်ကောက်ကောက်လေးအား ပေးရင်း ကိုပိုင်စိုးနှင့် မိတ်ဆက်ပေးသည်။
"ယောက်ျား၊ ဒါက သမီးလေး သူငယ်ချင်း၊ ဟိုဘက်တိုက်မှာ နေတာ"
"အင်း သိတယ်လေ။ ဒါက ကလေး အဖေနဲ့ အမေလား"
"ဟုတ်ရှင့်"
"ဟုတ်၊ ဟုတ် တွေ့ရတာ ဝမ်းသာပါတယ်"
ဆံပင်ကောက်ကောက်နှင့် ကလေးလေးက ရှင်းသန့်နှင့် ဆော့နေပြီ။ မိဝေးဖဝေး နေရသူများအဖို့ ခင်ရာ ဆွေမျိုး မဟုတ်ပါလား။ ကလေးအဖေကိုတော့ ယခုမှ မြင်ဖူးသည်။ ကွမ်းစားထားသော သွားနှင့် မျက်နှာခပ်မဲ့မဲ့ လူငယ်တစ်ယောက်။ မျက်တွင်းကျကျ။ ကိုပိုင်စိုး စကားပြောကြည့်သောအခါ မျက်လုံးချင်း ဆိုင်မကြည့်။ မျက်လုံးဆိုသည်မှာလည်း စူးစိုက်ကြည့်လျှင် အတွင်းအဇ္ဈတ္တထိ မြင်နိုင်သည် မဟုတ်လား။ ဆိုင်ဘေးတွင် ရပ်ထားသော ဆိုင်ကယ်လေးကို သူ ငေးနေသည်။ သူ့တွင်လည်း စိတ်ညစ်စရာတချို့ ရှိမည် ထင်သည်။
"ဘာစားမလဲ။ ကျွန်တော်တို့ ဧည့်ခံပါမယ်။ လက်ဖက်သုပ်လိုက်မယ်လေ။ စားကြဗျာ"
"အစ်ကို ဆိုင်ကယ်လေးလား။ ထိုင်းဘီးလေး မိုက်တယ်နော်"
"ဟုတ်တယ်ဗျာ၊ ရှိသမျှလေး စု ဝယ်ထားရတာပဲ။ တစ်အိမ်လုံးမှာ တန်ဖိုးအရှိဆုံး ဟာလေးပေါ့ဗျာ"
ကလေးချင်း အဖွဲ့ကျနေသကဲ့သို့ ကလေးအမေနှစ်ယောက်လည်း ထွေရာလေးပါ ပြောရင်း အိမ်လခအကြောင်း ညည်းနေကြသည်။
"အစ်ကို၊ ဆိုင်ကယ်လေး ခဏ ငှားပါ့လား။ ကျွန်တော် ခေါင်းကိုက်နေလို့။ အိမ်ရာအထွက်က ဆေးဆိုင်လေး သွားချင်လို့"
ကိုပိုင်စိုး မငှားချင်။
"ကျွန်တော် သွားစရာတော့ ရှိတယ်"
"၅မိနစ်တည်းပါ။"
၅မိနစ်တည်း ဆိုတော့လည်း မငှား၍ မကောင်း။
"မြန်မြန် ပြန်လာနော်"
ဆယ်မိနစ်အကြာတွင် ဆိုင်ကယ်ငှားသွားသူ ပြန်ရောက်လာသည်။
"ကျေးဇူးဗျာ။ ဆေး တစ်ခါတည်း သောက်ခဲ့တယ်။ ခုမှပဲ သက်သာသလိုရှိတယ်။ ဆိုင်ကယ်လေး မိုက်တယ်ဗျာ"
ထို့နောက် ထိုမိသားစု သုံးယောက် လမ်းလျှောက်ပြန်သွားကြသည်။ သမီးလေးရှင်းသန့်ကတော့ သူ့သူငယ်ချင်း ဆံပင်ကောက်ကောက်လေးကို "ဖလိုင်းကစ်စ်"တွေပေးကာ နှုတ်ဆက်နေသည်။
(၆) သာယာသော ညနေခင်း
"မိန်းမရေ၊ ပင်ပန်းတယ်ကွာ။ နေအေးရင် ဆိုင်ပိတ်ပြီး ကန်ဘောင်သွားရအောင်"
"ကျွန်မက နားချင်နေတာ ကြာပြီ။"
မြေယာရှုခင်း အလှဆင်ထားသော ပန်းခြံလေး။ နွေရာသီနှင့် မိုးရာသီကြား မေလ။ မိုးစက် အနည်းငယ် ပက်ဖျန်းတတ်သဖြင့် ထင်သလောက် မပူတတ်။ ပန်းခြံအလာလမ်းတွင် "ဟော့ဒေါ့"ချောင်းလေးများနှင့် ရေသန့်တစ်ဘူး ဝင်ဝယ်သည်။ ကန်ဘောင်က သစ်သားခုံတန်းလျားလေးမှာ ထိုင်ရင်း၊ မုန့်စားရင်း၊ စကားပြောရသည်မှာ ကိုပိုင်စိုးတို့၏ ဘဝအမောကို ခဏတာ ပြေစေသည်။ လှတပတမိန်းကလေးများလည်း အပန်းဖြေလမ်းလျှောက်သွားသောအခါ ကိုပိုင်စိုး ခဏတော့ ငေးမိသွားသည်။
ရေဂျီနာက နှုတ်ခမ်းလေး မဲ့ကာ စကားနာထိုးသည်။
"ရှင် ကောင်မလေးတွေ လိုက်ကြည့်နေတာပေါ့"
"မဟုတ်ပါဘူးကွာ။ ဘဝအကြောင်း စဉ်းစားနေတာပါ"
"အမယ်လေး၊ ပြောစမ်းပါဦး။"
"တကယ်ပါကွ အချစ်ရ။ ဘဝဆိုတာ ငှက်တစ်ကောင်အတွက် ပျံသန်းခြင်း။ ဒရယ်တစ်ကောင်အတွက် ထွက်ပြေးခြင်း။ ကျားတစ်ကောင်အတွက် အမဲလိုက်ခြင်း။ လူတစ်ယောက်အတွက် ရုန်းကန်ခြင်းပေါ့ကွာ၊ ရေဂျီနာရေ။ မြစ်တစ်စင်းက မြင့်ရာက နိမ့်ရာသို့ စီးတယ်။ ကိုယ်တို့အတွက်ကျ နိမ့်ရာက မြင့်ရာသို့ စီးရမည့် မြစ်တစ်စင်းပဲပေါ့ကွာ။ ဘဝဆိုတာ။ ကိုယ်တို့ စစ်ရှောင်တွေလည်း ရရာလုပ်စားကြတာပေါ့။ ပုံမှန်ငြိမ်းချမ်းတဲ့ နေ့တွေလည်း လာမှာပါ"
"အဲ ဒါနဲ့ အခုလကုန်ရင် အိမ်ငှားစာချုပ်အသစ် ချုပ်ရမှာ။ ရှင် ဘယ်လို လုပ်မတုန်း"
"သမီးလည်း လှမ်းကြည့်ဦး။ အဝေးကြီး သွားနေဦးမယ်"
"သမီးလေး လျှောစီးနေပါတယ်။ မြင်ရပါတယ်။"
"ငါ စာသွားသင်မယ်လေ။ ဆက်စပ်မိရင် နှစ်ဝိုင်း၊ သုံးဝိုင်းဆို မဆိုးပါဘူးဟ။ မနက်ဖြန် မနက် ကျောင်းသားမိဘအိမ် သွားညှိလိုက်မယ်"
လေပြည်ညင်းသည် ကန်ရေပြင်ထက်က တိုက်ခတ်လာသည်။ အေးမြ၏။ နေအလင်းတန်းများ မှိန်ဖျော့လာပြီ။ အိပ်တန်းပြန် ငှက်များလည်း အိမ်လွမ်းသူတွေကဲ့သို့ ပြန်လေပြီ။ ညများသည် ထုံးစံအတိုင်း မှောင်မိုက်ပါသည်။ လူတို့၏ အနာဂတ်ထက် ပိုပြီး မှောင်မည်းနိုင်ပါမည်လား။ ကိုပိုင်စိုး မျက်လုံးများက ကောင်းကင်က ကြယ်ရောင်လေးများကိုလည်း မွတ်သိပ်စွာ ရှာဖွေလျက်။
(၇) ညနက်နက်
ကိုပိုင်စိုး အိမ်ရာထဲ ပြန်ရောက်သောအခါ ည၉နာရီခန့်ရှိပြီ။ ဆိုင်ကယ်အဖြူရောင်လေးကို ဇတ်သော့သေချာခတ်၊ သော့ပေါက်ပိတ်၊ သံကြိုးနှင့် နောက်ဘီးကို ပတ်၍ ချည်ထားသည်။
"မိန်းမရေ၊ ဗိုက်ဆာတယ်ဟ။"
"ရောက်ပါပြီ ရှင်ကလည်း"
"စားပြီး စောစော အိပ်မယ်ဟေ့။ မနက်ကျ ၅နာရီ ထသွားမယ်"
ဆံပင်ကောက်ကောက်နှင့် ကလေး၏ ဖခင်ဖြစ်သူသည် သူ၏ အခန်းမှ ကိုပိုင်စိုးအခန်းဆီ စောင့်ကြည့်နေသည်။ ထမင်းစားသောက်ပြီးနောက် ပင်ပန်းနွမ်းလျသော ပိုပိုင်စိုးတို့ သားမိသားဖသုံးယောက် အိပ်စက်ကြသည်။ အိပ်ခန်းမီးကို မှိတ်လျက်။
နံနက်ခင်း ၂နာရီအချိန်တွင် ဆိုင်ကယ်ဆီသို့ ပရော်ဖက်ရှင်နယ် ပီသသူတစ်ယောက် ရောက်လာသည်။ ထိုသူမှာ ဆံပင်ကောက်ကောက်နှင့် ကလေး၏ အဖေပင်။ နေ့လယ်က သူ့အားထုတ်မှု အရာထင်တော့မည်။ နေ့လယ်က ဆိုင်ကယ်ငှားကာ ဆေးဆိုင်သို့ သူ မသွားခဲ့။ အိမ်ရာအနီးရှိ သော့တုဆရာဆီ သွားသည်။ သော့ဆရာက စ,နေသေးသည်။
"ဆိုင်ကယ် အသစ်နဲ့ပါကော"
"ရော့ဗျာ၊ ဒါလေးတစ်ချောင်း မြန်မြန်လုပ်ပေးစမ်းဗျာ။ ဒါလေးကော"
"အိုကေ၊ အိုကေ"
သံကြိုးသော့ကို အရင်ဖွင့်သည်။ ဖျက်ရန်မလို။ ပုံတူကူးထားသော သော့နှင့် ဖွင့်သည်။ ဆိုင်ကယ်ကိုလည်း ထိုသို့ပင်။ ပိုင်ရှင်က သူ့ဆိုင်ကယ်ကို ဖွင့်နေသကဲ့သို့။ လူရိပ်လူရောင် အကဲခတ်သည်။ သူ့အရိပ်ကိုသာ သူ မြင်ရသည်။ ထိုင်းဘီးဆိုင်ကယ်အဖြူလေးကို လမ်းပေါ် ခဏတာ တွန်း၍ သော့ဖွင့်ကာ စီးနင်းသွားလေသည်။ ညသည် နက်သည်။ ထို့ထက်၊ ထို့ထက် မည်သည့်အရာ ပိုမှောင်၊ ပိုမည်းနက်ပါသနည်း။။
ရိန်ဇော်
#reinzaw
ဒီဝတ္ထုလေးဟာ ဇူလိုင်လအတွက် ရွှေအသစ် ဝတ္ထုတို ကဏ္ဍမှာ အယ်ဒီတာရွေးချယ်ပေးတဲ့ထဲ ပါခဲ့ပေမဲ့ ဆရာဦးဝင်းငြိမ်း ရွေးချယ်တဲ့ထဲ မပါခဲ့ပါဘူး။ ဆက်လက်ကြိုးစားပါဦးမယ်။
Keep Reading