Author's Profile Photo

Oasis

2/07/2024

‘စိတ်ကို အချိုပွဲ ကျွေးကြည့်ပါ’

1 min read
Life Style
Personal Development
Health


‘ လူတွေဟာ တစ်​နေ့ကို အတွေးပေါင်း ငါးသောင်းကနေ ၇ သောင်းကြား တွေးဖြစ်ကြတဲ့ထဲမှာ ၈၀ ရာခိုင်နှုန်းဟာ အနှုတ်သဘောဆောင်တဲ့ Negative Thinking တွေပါပဲတဲ့’ စဉ်းစားကြည့်ရင် နေ့တိုင်း စိတ်ထဲမှာ မကောင်းတဲ့ အတွေးတွေ ပြည့်နှက်နေနိုင်တာပဲပေါ့…..

တခါတရံ အဆင်မပြေတာတွေ၊ စိတ်ထိခိုက်စရာတွေ၊ ကြေကွဲ ဝမ်းနည်းစရာတွေ ကြုံရတဲ့အခါ အတွေးတွေဟာ Negative ဘက်ကို ပိုရောက်နိုင်ပြီး စိတ်ဟာ အထိအခိုက် အပွန်းအပဲ့တွေနဲ့ပါ။ ဒီလို စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ စုပုံလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ တဖြေးဖြေး ထိခိုက်လာနိုင်ပါတယ်။

ဒါကို ဖြေလျော့ဖို့ နည်းလမ်းကတော့ စိတ်ကို မကြာခဏ အစာကျွေးပေးဖို့ပါပဲ။ အထူးသဖြင့် အချိုပွဲလေးတွေ များများ ကျွေးပေးသင့်ပါတယ်။ ဒီနေရာမှာ ပြောချင်တဲ့ အချိုပွဲဆိုတာက ‘Positive’ အပြုသဘောဆောင်တဲ့ အတွေးတွေ၊ ခံစားမှုတွေ၊ လုပ်ဆောင်မှုတွေကို ပြောချင်တာပါ။ ဒီဆောင်းပါးမှာတော့ စိတ်ကို ကျွေးသင့်တဲ့ အချိုပွဲ (၅) ပွဲအကြောင်း ပြောပြပေးချင်ပါတယ်။

အချိုပွဲ (၁) Journaling လုပ်ကြည့်ပါ

တခါတလေ စိတ်ထဲမှာ မွန်းကြပ်လာတဲ့အခါ ခံစားရတာတွေကို ချရေးကြည့်ပါ။ ဒီလို ရေးလိုက်တဲ့အခါ စိတ်ထဲ ပေါ့ပါးသွားနိုင်သလို ကိုယ့်ရဲ့ လက်ရှိ စိတ်အခြေအနေကိုလည်း ပြန်ဆန်းစစ်နိုင်ပါတယ်။
တခါတရံ Journaling လုပ်ရင်းကနေပဲ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကိုလည်း ရှာတွေ့နိုင်ပါသေးတယ်။

အချိုပွဲ (၂) Positive Self Talking ကို လေ့ကျင့်ပါ

အတွေးတွေကို ပြောင်းလဲတာက စိတ်ရဲ့ ကျန်းမာရေးကို များစွာ သက်ရောက်မှုပါတယ်။ Negative အတွေးတွေ နည်းနိုင်သမျှ နည်းဖို့ဆိုရင် Positive အတွေးတွေ များများ တွေးပေးဖို့ လိုပါတယ်။ ဒါဆိုရင် ကိုယ့်ကိုကိုယ် အပြုသဘောဆောင်တဲ့ စကားတွေ များများ ပြောပေးဖို့ လိုပါတယ်။ ဥပမာ ‘ငါအသုံးမကျလိုက်တာ’ ဆိုတဲ့စကားအစား ‘ငါနောက်တခါ ပိုကြိုးစားဖို့ သင်ခန်းစာရလိုက်တာပဲ’ ဆိုပြီး ပြောင်းလဲ တွေးပေးတာမျိုးပါ။

အချိုပွဲ (၃) Mindfulness နဲ့ ဆင်ခြင်ကြည့်ပါ

‘ငါအခု ဘာတွေ တွေးနေမိပါလိမ့်’ ဆိုပြီး ကိုယ့်ရဲ့ အတွေးတွေကို ဘရိတ်အုပ်ဖို့ဆိုရင် Mindfulness က သိပ်ကို အရေးပါပါတယ်။ စက္ကန့်နဲ့ အမျှ အတွေးတွေ နယ်ချဲ့နေတဲ့ အချိန်မှာ ကိုယ့်ရဲ့ အတွေးတွေကို ပြန်ဆင်ခြင်နိုင်မယ်ဆိုရင် မလိုအပ်တဲ့ Negative အတွေးတွေကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်မှာပါ။

အချိုပွဲ (၄) ကျေးဇူးတင်ပါ

အခုအချိန် သင့်စိတ် ကျန်းမာဖို့အတွက် ဒီစာကို ဖတ်ဖြစ်နေတဲ့အတွက် သင့်ကိုယ့်သင် ကျေးဇူးတင်ပါ။ သင့်မှာ ရှိနေတဲ့အရာ၊ ပိုင်ဆိုင်နေတဲ့ အရာတွေအတွက် ကျေးဇူးတင်ပါ။ ရှုရှိုက်နေရတဲ့ လေအတွက် ကျေးဇူးတင်ပါ။ ကျေးဇူးတင်တယ်ဆိုတာဟာ စိတ်ကို သက်သာရာ ရစေမယ့် Positive အတွေးတွေကို ပုံဖော်ပေးတဲ့ အထိရောက်ဆုံး အရာတစ်ခုပါပဲ။

အချိုပွဲ (၅) Me Time ပေးပါ

တခါတရံ စိတ်ထဲ မွန်းကြပ်လာတဲ့အခါမှာ Me Time ဆိုတဲ့ ကိုယ်ပိုင်အချိန် လိုလာတတ်ပါတယ်။ ဒီအချိန်မှာ ကိုယ်သဘောကျရတဲ့ ဝါသနာတစ်ခုခု လုပ်တာ၊ သီချင်းနားထောင်တာ၊ စာအုပ်ဖတ်တာ၊ စိတ်ကို ပြန်လည် ကုစားပေးမယ့် podcast တွေ နားထောင်တာတွေဟာ စိတ်ပိုင်းဆိုင်ရာအားဖြင့် ပြန်လည်ကျန်းမာဖို့ ကူညီပေးနိုင်ပါတယ်။

ကျွန်မတို့တွေဟာ တခါတရံမှာ အချိုဓါတ်လေးတွေကို တောင့်တမိတတ်ကြပါတယ်။ အခုပြောပြခဲ့တဲ့ အချိုပွဲ (၅) ပွဲကတော့ စိတ်ကို ပြန်လည် ကုစားပေးနိုင်ဖို့ အထိရောက်ဆုံး ကူညီနိုင်မှာဖြစ်လို့ ပုံမှန် မှီဝဲပေးသင့်ပါတယ်။ တကယ်လို့ ဒီနည်းလမ်းတွေနဲ့ မလုံလောက်ဘူးဆိုရင်တော့ တတ်ကျွမ်းနားလည်သူနဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုကြောင်း မျှဝေလိုက်ရပါတယ်။

Noble
2.7.2024

#MentalHealth
#KnowledgeSharing
#PositiveThinking
#MentalHealing

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်