LY Cho
ကျွန်တော်အပါအဝင် လူအများစုဟာကျောင်းသားတွေ ဖြစ်တဲ့အလျောက် ဘာသာရပ်တွေ အများကြီးကို လေ့လာကြရပါတယ်။ အဲ့ဒီလိုလေ့လာရတဲ့အခါမှာ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ ဘာသာရပ်တစ်ခုကတော့ ရှိနိုင်ပါတယ်။ ခက်ခဲတဲ့ဘာသာရပ်ဆိုတာက ကိုယ်လေ့လာဖို့ ခက်ခဲတဲ့ဘာသာရပ်ကိုပြောချင်တာပါ။ ကိုယ်က နားမလည်တာကြောင့် မလေ့လာဖြစ်၊ မလေ့လာဖြစ်တော့ ပိုခက်ခဲသွားရတာပေါ့။ ဒါပေမယ့် ဒီလို ကိုယ့်အတွက် ခက်ခဲတဲ့ဘာသာရပ်တွေအပေါ်မှာကျော်လွှားနိုင်ဖို့ နည်းလမ်းကောင်းတွေ ရှိပါတယ်။
နည်းလမ်း (၁)
ကိုယ့်အတွက်ခက်ခဲတဲ့ဘာသာရပ်ကို ပိုလေ့လာရပါမယ်။ " ငါ ဒီဘာသာ မလိုက်နိုင်ဘူး၊ ဒီစာတွေက အရမ်းခက်တယ်၊ စာမေးပွဲမှာ ဖြေနိုင်ပါ့မလား မသိဘူး" စတဲ့ စကားတွေကို မပြောဘဲ ခက်ခဲတယ်ဆိုတဲ့ အကြောင်းအရာပေါ်မှာ ရှောင်ပြေးမနေဘဲ ဘာလို့ခက်ခဲရတာလဲဆိုတဲ့ အရင်းအမြစ်ကို ရအောင်ရှာပြီး ကြိုးစားလေ့ကျင့်ပေးမယ်ဆိုရင် သင့်အတွက်ခက်ခဲမှာ မဟုတ်ပါဘူး။ ဒီလိုလေ့လာတဲ့အခါမှာလည်း ကိုယ်သဘောကျတဲ့ အရာတစ်ခုခုနဲ့ ဘာသာရပ်ကြား တူညီမှုတွေကို ရှာဖွေပြီးတော့ လေ့လာရင် ပိုပြီး ခရီးရောက်နိုင်ပါတယ်။
နည်းလမ်း (၂)
သင်ယူလေ့လာတဲ့နည်းလမ်းနဲ့ပုံစံကိုပြောင်းကြည့်ပါ။ ဘာသာရပ်တစ်ခုကိုလေ့လာတဲ့နည်းတွေအများကြီးရှိတာကြောင့် ကိုယ်နဲ့အဆင်ပြေမယ့် နည်းလမ်းနဲ့ လေ့လာသင့်ပါတယ်။ အခုဆိုရင် စာလေ့လာတဲ့အခါ YouTube က video လေးတွေကနေလည်း လေ့လာလို့ရနိုင်တဲ့အတွက် ကိုယ်နားမလည်ရင် YouTube မှာလေ့လာလို့ရပါတယ်။
နည်းလမ်း (၃)
ဒါကတော့နောက်ဆုံးအချက်လေးပါ။ ကိုယ့်ရဲ့ဘာသာရပ်အပေါ်ထားတဲ့အမြင်ကို ပြောင်းလဲပစ်ရပါမယ်။ ကိုယ်တိုင်က ခက်ခဲတယ်လို့ ယူဆနေရင် လေ့လာတဲ့အချိန်ပိုပြီးကြာမြင့်နိုင်ပါတယ်။ဒါ့ကြောင့် ခက်ခဲတယ်ဆိုတာမမြင်ဘဲ "ခက်ခဲရင်တောင် ရအောင်ကြိုးစားမယ်" ဆိုတဲ့စိတ်နဲ့လေ့လာသင်ယူပါ။
အိပ်မက်တွေက ဈေးကြီးတယ်တဲ့။ ဒါပေါ့ ကျွန်တော်တို့ရဲ့ ပန်းတိုင်တွေက လွယ်လွယ်နဲ့ရလာမယ့်အရာတွေမဟုတ်လို့ အရမ်းကို ဈေးကြီးတာပေါ့။
ဒါပေမဲ့ အိပ်မက်တွေ မက်ခွင့်ရှိသလို ကြိုးစားခွင့်လည်း အပြည့်အဝရှိပါတယ်။
စာရေးသူ - လရောင်ချို
2.7.2024(Tuesday)
Keep Reading