Author's Profile Photo

Phoo Thitsar Nyo

2/07/2024

ချစ်ရပါသော မောင်ငယ်လေးဆီသို့

1 min read
Life Style
ချစ်ရပါသော မောင်ငယ်လေးဆီသို့'s photo

မောင်လေးရေ...

◯ မိဘဆီက ပိုက်ဆံလက်ဖြန့်တောင်းပြီး
သာယာနေတဲ့သူတွေကို တွေ့တဲ့အခါ
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေရတဲ့
ငါ့မောင်လေးက အားကျနေမယ်ထင်ပါရဲ့...

'မမ'တစ်ခုပြောပြမယ်နော်...
မိဘအရိပ်အောက်မှာပဲ ခိုဝင်နေတယ်ဆိုတာ
အတောင်မပေါက်သေးတဲ့ ငှက်ပေါက်စလေးတွေပါ

အတောင်စုံလို့ ပျံသန်းနိုင်တဲ့ငှက်တွေကတော့
သူတို့ရဲ့အတောင်ပံကို အသုံးပြုပြီး
လောကကြီးကို လေ့လာတယ်၊
လောကကြီးမှာရှိတဲ့ အလှတရားတွေကို ခံစားတယ်

မုန့်တွေ၊ ကစားစရာတွေတွေ့လို့ဝယ်ပေးတိုင်း
"ကျွန်တော် ကလေးမဟုတ်တော့ဘူး မမ" လို့
ပြန်ပြောတတ်တဲ့ မောင်လေးရေ...

≛ အခုတော့ မင်းဟာ ကလေးမဟုတ်တော့ဘူးဆိုတာ
သက်သေပြနိုင်ခဲ့ပြီမလားကွယ် ဂုဏ်ယူလိုက်စမ်းပါ။


◯ မောင်လေးရေ... ရုပ်ချောပြီး ချမ်းသာလို့
ကြိုက်သူတွေ ဝိုင်းဝိုင်းလည်နေတဲ့သူတွေကို
အားကျနေတာလား...

တကယ်တော့ မင်းရဲ့ဘဝထဲကို ဝင်လာပြီး
မင်းရဲ့လက်ကို တွဲမယ့်သူက
မင်းရဲ့ရုပ်ရည်ကိုပဲ ကြည့်မှာမဟုတ်ပါဘူး

ယောကျ်ားတစ်ယောက်ရဲ့အရည်အချင်း
မင်းမှာ ရှိရဲ့လား...
ယောက်ျားတစ်ယောက်ရဲ့သိက္ခာနဲ့မာန
မင်းမှာ ရှိရဲ့လား...
ကိုယ်ကျင့်တရား ကောင်းမွန်ရဲ့လား...
ကြိုးစားချင်စိတ်ရော ရှိရဲ့လားဆိုတာတွေကို
သူက ကြည့်လိမ့်မယ်...

သူတွဲမယ့်လက်က ​သူနဲ့မြဲနိုင်ရဲ့လား...
သူခိုဝင်မယ့်ရင်ခွင်က သူ့အတွက် လုံခြုံမှုရှိရဲ့လား
ဒါတွေကိုပဲ သူကြည့်လိမ့်မယ်

≛ အကယ်၍ ဒါတွေကို မကြည့်ဘူးဆိုရင်တော့
သူက မင်းဘဝထဲကို ဝင်လာဖို့ထိ စိတ်ကူးမရှိလို့ပါ။


◯ မမရဲ့မောင်ငယ်လေးရေ...
ရည်းစားတွေ အများကြီးမထားရဘူးလို့
မတားမြစ်ချင်ပေမဲ့...
စိတ်ချင်းအဆင်မပြေလို့ ပြတ်ပြီးမှပဲ
နောက်တစ်ယောက်ကို တွဲပါ...။

ရည်းစားထားလို့ရတယ် မောင်လေး
ဒါပေမဲ့ တာဝန်မယူနိုင်ဘဲနဲ့တော့
သူများသားသမီးကို မဖျက်စီးပါနဲ့...

မင်းချစ်ရတဲ့သူကို မင်းဘဝထဲခေါ်ဖို့
ဆုံးဖြတ်လိုက်ပြီဆိုရင်... သေချာစဥ်းစားပါ။

မင်းကိုယ်တိုင်က မိဘရဲ့အရိပ်အောက်မှာပဲ
ရှိနေတုန်း စားဝတ်နေရေးအတွက် မိဘဆီက
လက်ဖြန့်တောင်းနေရတုန်းဆိုရင်တော့...
မင်းရဲ့ဘဝထဲ သူ့ကို ဆွဲမခေါ်ပါနဲ့

မင်းကတော့ သားသမီးနဲ့မိဘမလို့ အဆင်ပြေပေမဲ့
ချွေးမဖြစ်ရမယ့် သူကတော့
အားနာရတယ်၊ မျက်နှာပူရပါတယ်...

ဒါကြောင့် သူ့ကို မင်းဘဝထဲခေါ်ချင်တဲ့အခါ
မင်းခြေထောက်ပေါ်ကို မင်းရပ်ပြီး
မင်းရဲ့ကိုယ်ပိုင်ငွေနဲ့
သူ့ကို ထားနိုင်အောင် ကြိုးစားပါ

ချစ်ရပါသော မောင်လေးရေ...
သူများတွေကို အားကျတော့မယ်အခါတိုင်း
မင်းဟာလည်း သိပ်တော်တဲ့သူတစ်ယောက်ဆိုတာ
ယုံကြည်ထားစေချင်တယ်...
'မမ'ကတော့ မင်းအတွက် သိပ်ဂုဏ်ယူတယ်

- ဖူးသစ္စာညို
(2.7.2024 7:40 a.m Tuesday)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပျော်စရာနေ့ကျွန်တော့်ပြောင်းလဲမှု အချို့၏ အစဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာ