Author's Profile Photo

SarPhat Author

1/07/2024

မိုးရာသီရဲ့ ကြေကွဲဇာတ်လမ်းတစ်ပုဒ်

4 mins read
Art
မိုးရာသီရဲ့ ကြေကွဲဇာတ်လမ်းတစ်ပုဒ်'s photo

အခုလို YouTube မှာ လွယ်လွယ်လေး သီချင်းနားထောင်လို့ မရသေးခင်၊ DVD အောက်စက်ကလေးထဲ အခွေထိုးကြည့်ရတဲ့ခေတ်တုန်းက နားထောင်မိ၊ ကြည့်မိတိုင်း ကိုယ့်အတွက် သိပ်သနား၊ ဝမ်းနည်းရတဲ့ သီချင်းဗွီဒီယိုလေးတစ်ပုဒ် ထွက်ခဲ့ဖူးတယ်။

“တို့အနားမှာ အချစ်မရှိတဲ့အချိန်မှ… ဘာကြောင့်ပိုသည်းလဲ မိုးဒေဝါ”

၁၉၈၀ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ကောင်မလေးတစ်ယောက်ရဲ့နာမည်က မိုးတဲ့။ အငြိမ်းစားကပ္ပတိန်ဂျိုးဆက်ဖ်အိုရိုင်လီဆိုတဲ့ အဖိုး(အဖေလည်းဖြစ်နိုင်)နဲ့ အတူနေတယ်။ သူ့မှာ သူချစ်ရတဲ့ တစ်နယ်တကျေးက ချစ်သူကောင်လေးတစ်ယောက်ရှိတယ်။ စက်ဘီးကလေးစီးပြီး အိမ်ပြန်လာချိန်တိုင်း အိမ်အနားက စာတိုက်ပုံးလေးဆီမှာ သူ့ဆီများ သူ့ချစ်သူစာပို့မလားလို့ သွားသွားစစ်ရတာကလည်း သူ့ရဲ့တစ်ဦးတည်းသော မိသားစုဝင်ဖြစ်တဲ့ အဖိုးကြီးဂျိုးဆက်ဖ်ကို ဂရုစိုက်ရသလိုမျိုး နေ့စဉ်အလုပ်တစ်ခုပဲ။

စက်ဘီးကလေးတွန်းပြီး အိမ်ရှေ့ရောက်ရင်လည်း အလုပ်လုပ်နေတဲ့ အဖိုးကြီးဂျိုးဆက်ဖ်ဆီ “အဘ စာလာလား”လို့ မျက်နှာငယ်လေးနဲ့ လှမ်းလှမ်းမေးတတ်သေးတာ။ အဖိုးက ခေါင်းခါပြလိုက်ရင် နဂိုကမှ ငယ်နေတဲ့မျက်နှာလေးက နေထိပန်းလို ညှိုးကျပြီး စက်ဘီးကလေးဆက်တွန်း၊ အိမ်ထဲဝင်သွားတတ်တဲ့ မိုး။ မိုးရဲ့ပုံစံကို လိုက်ကြည့်နေတတ်တဲ့အဖိုး။ အားငယ်နေမယ့် မိုးကိုကြည့်ရင်း ကိုယ်ပါ စိတ်မကောင်းဖြစ်နေခဲ့ရတယ်။

မိုးက အိမ်ဝေယျာဝစ္စတွေလုပ်ရင်း ဘယ်နေ့များ သူ့ဆီ ချစ်သူဆီက စာတစ်စောင်လောက်ရောက်လာမလဲလို့ အမြဲမျှော်နေခဲ့တယ်။ ရံဖန်ရံခါ အဖိုးဖြစ်သူ မြို့တက်တဲ့အခါ သူ့ချစ်သူဆီ စာပို့ပေးဖို့ စာအိတ်ကလေးနဲ့ ထည့်ထည့်ပေးလိုက်တတ်တယ်။ စာပို့သမားနဲ့ တွေ့ရင်လည်း သူ့အတွက် စာပါသေးလားလို့ လိုက်မေးရတာလည်း အမောပေါ့။ ဒါပေမဲ့ သူ့ဆီကို ပို့စာရော ပြန်စာရောတစ်စောင်မှ ရောက်မလာခဲ့ဘူး။ မိုးရဲ့ စိတ်အစုံက အပြင်ဘက်က မုတ်သုံဝင်နေတဲ့ ကောင်းကင်လို အမြဲမှောင်လို့ပဲ။

ဘယ်လိုဖြစ်ဖြစ် မိုးဟာ သူ့ချစ်သူကို စောင့်ပေးခဲ့တယ်။ အဝေးကနေ နားလည်မှုအပြည့်နဲ့၊ တစ်ချိန်ချိန်မှာတော့ စာပါးလောက်ရဲ့ဆိုတဲ့ မျှော်လင့်ချက် ခပ်ရေးရေးနဲ့ သူစောင့်နေခဲ့တယ်။ သတင်းလေးနည်းနည်းတောင်မပါးဘဲ နေနိုင်လွန်းအားကြီးတဲ့ ချစ်သူကြောင့် ဝမ်းနည်းရပေမဲ့ အကြောင်းတစ်ခုခုရှိမှာပဲဆိုတဲ့ စိတ်နဲ့ နေ့တိုင်းစာတိုက်ပုံးကို သွားစစ်တုန်းပဲ၊ “အဘ စာလာသေးလား”လို့ ဝတ္တရားမပျက် မေးတုန်းပဲ။

တစ်ရက်၊ အပြာရောင်ဘလောက်စ်အင်္ကျီလေးကို မိုးဝတ်ထားတဲ့ရက်၊ အိမ်အပြန်မှာ စာတိုက်ပုံးကို ဝင်ကြည့်လိုက်တယ်။ သူ့အတွက်လိပ်မူတဲ့ စာအိတ်လေးတစ်ခုတွေ့တယ်။ ဖတ်ပြီးတဲ့အချိန် ဘာကိုမှ မမျှော်လင့်တော့ဘူးဖြစ်လိမ့်မယ်။ လေတွေတိုက်နေတယ်၊ ရာသီပြောင်းသွားပြီးတာတောင် ကောင်းကင်က ဝုန်းဒိုင်းနဲ့ မညှာမတာရွာမလို မည်းမှောင်နေတယ်။ ကားလမ်းမပေါ်မှာ သူ့စက်ဘီးကလေးကို နင်းနေရင်း တစ်စုံတစ်ခုကိုပဲ မိုး အလိုရှိတော့တယ်။ 

မိုးတို့ရဲ့မှုန်ကုပ်ကုပ် အိမ်သေးသေးထဲမှာ အလုပ်လုပ်နေတဲ့ အဖိုးက အော်ခေါ်သံကြောင့် လုပ်လက်စကိုရပ်ပြီး အိမ်တံခါးကို တွန်းဖွင့်တယ်။ လူတစ်ယောက်ကလာပြောတယ်။ မိုး အက်စီးဒန့်ဖြစ်သွားကြောင်း။ အဖိုးဖြစ်သူက တုတ်ကောက်ကိုထောက်ရင်း တုန်ရီနေတဲ့ ခြေလှမ်းတွေနဲ့ အပြေးတပိုင်းသွားတယ်။ သူရောက်တော့ လမ်းဘေးက မြက်ခင်းပေါ်မှာ လှဲလျောင်းနေတဲ့ အသက်မဲဲ့နေတဲ့ မိုးရဲ့ ခန္ဓာကိုပဲ တွေ့ရတော့တယ်။ နောက်ဆုံးအချိန်ထိ မိုးလက်ထဲမှာ ဆုပ်ထားတဲ့ အရာလေးတစ်ခုကို သူတွေ့လိုက်တယ်။ ဓာတ်ပုံလေးတစ်ပုံ။

မိုးရဲ့ ချစ်သူနဲ့ တခြားမိန်းကလေးတစ်ဦး လက်ထပ်လိုက်တဲ့ပုံ။ ဓာတ်ပုံရဲ့ ကျောဘက်မှာ စာပါတယ်။

“ငါ့ကိုချစ်တဲ့သူ့ကို လက်ထပ်လိုက်ပြီ မချစ်တတ်တဲ့မင်းကို ဘယ်ဘဝမှ မတွေ့ချင်တော့ဘူး”

ချစ်သူဆီက ပထမဆုံးရတဲ့စာက တခြားမိန်းကလေးနဲ့လက်ထပ်လိုက်ပြီဖြစ်ကြောင်း မင်းကိုဘယ်ဘဝမှ မတွေ့ချင်တော့ဘူးဆိုတဲ့ စာရေးထားတဲ့ ဓာတ်ပုံ။ အသက်ဆက်ရှင်နိုင်ပါတော့မလားဗျာ။ ကိုယ့်မိန်းကလေးပေါ် လုပ်ရက်လွန်းတဲ့ကောင်၊ လူမဆန်တဲ့ကောင်။

အဲ့မှာပြီးရင် ဒီဇာတ်လမ်းမှာ ဗီလိန်ဟာ မိုးချစ်သူပဲ။ ချစ်သူကို စာမလာသတင်းမပါးဘဲ ရက်ရှည်လများ ပစ်ထားခဲ့ပြီး နောက်ဆုံး လက်ထပ်ပွဲဓာတ်ပုံကိုကျမှ ပို့ပေးလိုက်တဲ့ ရက်စက်လွန်းတဲ့ကောင်လို့ အပြစ်တွေပြောပြီး ဆဲပစ်လိုက်လို့ရတယ်။

ဒါပေမဲ့ အဲ့လိုတောင်ဖြစ်ခွင့်မပေးဘူး။

“Monsoon Devi O’Reilly
မိုး
အသက်(၁၉) နှစ်
(၃၁.၁၂.၁၉၉၉) တွင် ကွယ်လွန်သည်” ဆိုတဲ့ မိုးရဲ့ အုတ်ဂူဖြူဖြူလေးဆီကို အဖိုးကြီးကလာတယ်။ တင်ထားတဲ့ ဂန္ဓမာပန်းအဖြူတွေကို တွန်းဖယ်ပစ်ပြီး ဝမ်းပန်းတနည်းငိုကြွေးတယ်။ နောက်ကျ သူ့အင်္ကျီအတွင်းအိတ်ထဲကနေ တစ်စုံတစ်ခုကို ဆွဲထုတ်တဲ့အချိန်မှာတော့ များစွာသော စာအိတ်တွေ မိုးရဲ့အုတ်ဂူကလေးပေါ် ပြန့်ကျဲကျလာတယ်။

“ဟာ ဒီအဖိုးကြီးကွာ၊ သွားပြီကွာ”ဆိုပြီးပဲ စိတ်ထဲက ရေရွတ်နိုင်တယ်။ အခုချိန်ထိလည်း ကြည့်မိတိုင်း တစ်ပုံစံတည်း ရေရွတ်မိတုန်းပဲ။ မိုးပို့ခိုင်းတဲ့စာတွေကို အဖိုးကြီးဂျိုးဆက်ဖ်က ဘယ်တုန်းကမှ မိုးချစ်သူဆီ မပို့ပေးခဲ့ဘူး။ မိုးဆီရောက်လာတဲ့ စာတွေကိုလည်း မိုးမတွေ့အောင် တင်ကြိုပြီး သူယူဖွက်ထားနှင့်ခဲ့တာ။ ခင်ဗျားဗျာ… လက်ထပ်ပွဲက ဓာတ်ပုံရောက်လာတဲ့နေ့ကျမှ ခင်ဗျားဟာ မိုးမြင်အောင် တမင်တကာ ထားထားရစ်ခဲ့တယ်။ ခင်ဗျားကြီး တကယ်လုပ်ရက်တယ်။

မိုးဟာ သေတဲ့အချိန်ထိ သူ့ချစ်သူ ဘာလို့ခုလိုလုပ်ရတယ်ဆိုတာ သိမသွားရှာဘူး။ သူ့ရင်ထဲမှာ သူ့ကိုစွန့်ပစ်သွားတယ်ဆိုတဲ့ အတွေးနဲ့ပဲ အသက်ဆုံးသွားရတယ်။ တစ်ဖက်က မိုးရဲ့ချစ်သူကလည်း သူ့ချစ်သူမိန်းကလေးက သူ့အပေါ် မချစ်တော့ဘူးလို့ ထင်ပြီး တစ်စုံတစ်ယောက်ကို လက်ထပ်ယူလိုက်တဲ့အပြင် ဘယ်ဘဝမှာမှ မတွေ့ချင်ဘူးလို့ ရေးထားတဲ့ သူ့မင်္ဂလာဆောင်ပုံကို ပို့ပေးခဲ့တဲ့အထိ အနာကြီးနာသွားခဲ့တယ်။ ဒီလောကကြီးမှာ မိုးမရှိတော့ဘူးဆိုတာတောင် သူဘယ်တော့မှသိမှာမဟုတ်တော့ဘူး။ မုတ်သုံချိန်ကနေ ရာသီပြောင်းလာတဲ့အထိ မိုးကသူ့ကို သိပ်ချစ်ခဲ့ စောင့်နေခဲ့တယ်ဆိုတာလည်း သူမသိနိုင်တော့ဘူး။

သူ့ချစ်သူဆီက စာမလာ၊ သတင်းမကြားရင် မိုးစိတ်ကုန်သွားလိမ့်မယ်လို့ အဖိုးကြီးက တွေးထားခဲ့ပေမဲ့ ဘယ်ဖြစ်မလဲဗျာ။ စိတ်ထက်ထက်လူငယ်အရွယ်ရဲ့ အချစ်ကို သိပ်လျော့တွက်ခဲ့တာ ခင်ဗျားကြီး အရမ်းမှားတယ်။ အဲဒီအမှားကို အဖိုးကြီးက နောက်အသက်တစ်ချောင်းနဲ့ပဲ ပြန်ပေးဆပ်လိုက်ရတယ်။ သူလည်း မိုးအုတ်ဂူပေါ်မှာ ငိုကြွေးရင်း စိတ်ထိခိုက်လွန်းလို့ နှလုံးရပ်သေဆုံးသွားတယ်။

ငယ်တုန်းကတော့ အဖိုးကြီးကိုပဲ အပြစ်တင်ပြီး ဆဲပစ်ခဲ့တာ။ အခုအချိန်ကျ သူ့နားမှာ သူ့ရဲ့တစ်ဦးတည်းသော မိသားစုဝင်ကလေးဖြစ်သူ၊ သူ့ဆေးလိပ်ပြာခွက်ကို ယူသွန်ပေးသလိုနဲ့ သောက်လက်စ ဆေးလိပ်တွေကို ခိုးလွှင့်ပစ်တတ်တဲ့ မြေးကလေး သူ့နားမှာ မရှိတော့မှာ စိုးရိမ်တဲ့စိတ်နဲ့ လုပ်မိလုပ်ရာဇွတ်လုပ်မိတဲ့သူ့ရှုထောင့်ကိုလည်း လိုက်ကြည့်မိလာတယ်။ အဖိုးကြီးက မိုးကို သူ့နားက ထွက်သွားပြီး သူတစ်ယောက်တည်း ကျန်ခဲ့မှာကို ကြောက်နေခဲ့တာ။

အဲဒီလိုတွေးပေးမိလာတာက တကယ့်ပြဿနာပဲ။ သနားစရာ မိုးတစ်ယောက်က အသက်ဆုံးသွားတယ်၊ တစ်ဖက်က ကောင်လေးက သူချစ်တဲ့လူကို အမုန်းကြီးမုန်းသွားတယ်။ လက်သည်ဖြစ်တဲ့ အဖိုးကြီးက နောင်တအကြီးကြီးရပြီး ရင်ကွဲနာကျသေတယ်။ ကြည့်နေတဲ့ ကိုယ်တို့ပဲ ဘယ်သူ့အပြစ်တင်ရမှန်းမသိ ငေးငိုင်ဆို့နင့်တုန်း။ အဖိုးကြီးဂျိုးဆက်ဖ်ရဲ့ အတ္တကို လုံးလုံးလျားလျားတော့ နားမလည်ပေးနိုင်သေးဘူး။ 

ဒီသီချင်းက ကိုယ်တို့ကို သနားစရာမိန်းကလေးတစ်ယောက်ရဲ့ ဇာတ်လမ်းကို အရင်ပြတယ်။ ပြီးတော့ သတ်ပစ်လိုက်တယ်။ မိုးသေဆုံးရတဲ့အတွက် အပြစ်တင်စရာလူတစ်ယောက်ကို ဆွဲထုတ်လာတယ်။ ပြီးတော့ မဟုတ်ပြန်ဘူး။ သူကလည်း နစ်နာသူပဲဖြစ်နေတယ်။ တကယ်အပြစ်တင်ရမယ့်သူက စာတွေအကုန်ဖွက်ထားခဲ့ပြီး ဓာတ်ပုံရတဲ့နေ့ကျမှ ချန်ထားခဲ့တဲ့ အဖိုးကြီးဂျိုးဆက်ဖ်လား။ ဟုတ်တယ်… တကယ်တမ်း သူ့အတ္တကြောင့်ပဲ ဒါတွေဖြစ်ခဲ့တာ။ ဒါပေမဲ့ အဖိုးကြီးက စိတ်ထိခိုက်လွန်းပြီး ရင်ကွဲသေတယ်။ သူ့ရည်ရွယ်ရင်းက မိုးကိုရော မိုးချစ်သူကိုရော ထိခိုက်စေလိုစိတ်မရှိဘူးလို့ ကိုယ်တွေစိတ်ထဲ ရိုက်သွင်းသွားသလား။ ဒါဆို လွင့်ကြွေသွားတဲ့ အသက်တစ်ချောင်းနဲ့ ကွဲကွာသွားတဲ့ ချစ်ခြင်းတစ်ခုကို မေ့ပစ်ပြီး ခွင့်လွှတ်လိုက်ရမှာလား။

ဘာကြောင့်ဖြစ်ဖြစ် ကိုယ့်အတ္တကြောင့် ချစ်သူတွေကွဲအောင် မလုပ်ကြစေချင်ဘူး။ ဘယ်ချစ်သူတွေမှ ခွဲရဖို့ မထိုက်တန်ပါဘူးဗျာ။ ချစ်တဲ့သူတိုင်း ပေါင်းရဖို့ပဲမျှော်လင့်မိတယ်။

~ လွန်

Keep Reading

မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့