Author's Profile Photo

Yara

1/07/2024

ဖုန်တင်နေတဲ့ ရွှေရောင်နေ့စွဲများ...

2 mins read
Life Style
Education
ဖုန်တင်နေတဲ့ ရွှေရောင်နေ့စွဲများ...'s photo

'ကျောင်းတွင်း ပထမဆု'၊ 'သင်္ချာထူးချွန်ဆု' ပြီးတော့...ပြီးတော့....အကြောင်းပြချက်မျိုးစုံနဲ့ ရရှိထားတဲ့ ဆုတံဆိပ်များ။ ဒီဆုတွေကို မြင်တော့ ကျွန်မတစ်ချက် ပြုံးလိုက်မိတယ်။ ဒါတွေဟာ ကျွန်မငယ်ဘဝရဲ့ အောင်မြင်မှုလေးတွေပေါ့။ ဒါပေမဲ့ အခုတော့ သန့်ရှင်းရေး မလုပ်တာကြာလို့ ဖုန်အလိမ်းလိမ်းတက်ပြီး ယိုယွင်းကုန်ပါပြီ။

တစ်ချို့က ကော်တွေပြုတ်လို့၊ တစ်ချို့ကတော့ ထက်ပိုင်းကျိုးနေလေရဲ့...။ အိုမင်းလာတဲ့ ကျွန်မရဲ့ ရွှေရောင် အမှတ်တရလေးတွေပေါ့။

ခါတိုင်းနေ့တွေလိုပဲ တနင်္ဂနွေနေ့က ကျွန်မရဲ့ ရုံးပိတ်ရက်ဆိုတော့ ပုံမှန်အတိုင်း ဖြတ်သန်းရင်း အမှတ်မထင် အိမ်ရှေ့ခန်းက သစ်သားစင်တွေပေါ်မှာ အလှတင်ထားတဲ့ ဆုတံဆိပ်တွေကို  မျက်ခုံးရှုံ့ပြီး ကြည့်မိတယ်။

ဒီအခါ ဆုတံဆိပ်တွေကလည်း ကျွန်မကို မျက်နှာငယ်‌လေးတွေနဲ့ "ငါတို့ကို နင်ဘာဆက်လုပ်ပေးမှာလဲ..." ဆိုတဲ့ အကြည့်စူးစူးတွေကို ခံစားလိုက်ရတယ်။ ဒါကြောင့် ကျွန်မ သူတို့လေးတွေကို သန့်ရှင်းရေးလုပ်ပြီး နေရာတကျ စီရရီ ပြန်ထားဖို့ ဆုံးဖြတ်လိုက်တယ်။

ကျွန်မအသက်က အခုလာမယ့် နိုဝင်ဘာဆို ၂၅ နှစ်ပြည့်ပြီ။ ဒီဆုတွေကို နောက်ဆုံးရခဲ့တုန်းကတော့ အသက် ၂၀ (၂၀၁၉ ခုနှစ်) ပဲရှိပါသေးတယ်။ ဒဂုံတက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒဌာန၊ ဒုတိယနှစ်၊ ပညာထူးချွန်ဆု၊ ဒုတိယတဲ့... အဲ့ဒါကတော့ University ဘဝမှာ နောက်ဆုံးရခဲ့တဲ့ ဆုတံဆိပ်လေး။ အရင်ကတော့ သူလည်း ရွှေရောင်တလက်လက်နဲ့ ဝင့်ကြွားခဲ့တာပေါ့ အခုတော့ ဖုန်တွေတောင် အတော်တက်နေပြီ။

သုံးတန်းကျောင်းသူအချိန်ကစပြီး ကျွန်မဘဝထဲကို အဲ့ဒီဆုတံဆိပ်တွေ စပြီးဝင်လာခဲ့ကြတာ... တစ်နှစ်ပြီး တစ်နှစ်၊ တစ်တန်းပြီး တစ်တန်း။

တစ်ချို့ဆုတွေကတော့ ကိုယ်တိုင် အားသွန်ခွန်စိုက် ကြိုးစားခဲ့တာ၊ တစ်ချို့ဆုတွေကတော့ ပေးတဲ့ဆရာ၊ဆရာမတွေက ထူးချွန်တယ်တွေးမိလို့ ပေးတယ်ထင်တာပါပဲ။ တစ်ချို့ဆုတွေကတော့ သူငယ်ချင်းနဲ့ ပြိုင်ရင်းဆိုင်ရင်း ကိုယ်က ရသွားတာ၊ တစ်ချို့ကတော့ ကြက်ကန်းဆန်အိုးတိုးတာပေါ့၊ တစ်ချို့ကတော့ ခုတ်ရာတခြား ရှရာတလွဲ ရလာတာ... အိုး အစုံပါပဲ။


ဖုန်တွေသုတ်ရင်း၊ ကော်တွေကပ်ရင်း တွေးမိတာ တစ်ခုက ကျွန်မက ဒီဆုတွေရဖို့ ထိုက်တန်ခဲ့ရဲ့လား။ ကျွန်မရဲ့ လုပ်ရပ်တွေကရော လူတကာအမြင်မှာ ချီးကျူးစရာဖြစ်ခဲ့လို့လား။ ကျွန်မမသိဘူး...။ ငယ်ငယ်က တွေးခဲ့တဲ့ ဘဝကြီးက ရိုးရိုးလေး... အခုတော့ ဘဝကြီးက ရှာလို့မတွေ့နိုင်တဲ့ အဖြေတွေ စုထားတဲ့ ပုစ္ဆာရှည်ကြီး တစ်ပုဒ်...။

ဒီနှစ်တွေထဲ ကျွန်မဘယ်လိုဖြတ်သန်းခဲ့ပါလိမ့်...။ မိဘပိုက်ဆံ လက်ဖြန့်တောင်းတဲ့ ကျောင်းသူဘဝကနေ အမေ့လက်ကို ဖြန့်ပြီး လစာအပ်တဲ့ အချိန်တောင် ရောက်လာခဲ့ပြီပဲ။

ဒါပေမဲ့ ကျွန်မသိသ‌လောက်‌ပြောရရင် ကျွန်မနဲ့ ရွယ်တူတန်းတူတွေ အကုန်လုံးက ဒီလိုအရွယ်၊ ဒီလို အခြေအနေကို တဖြည်းဖြည်း ကြီးထွားရင်း၊ ရင့်ကျက်ရင်း၊ လေ့လာရင်း ရောက်ခဲ့ရတာမှ မဟုတ်တာ...။ တစ်စုံတစ်ရာရဲ့ တွန်းပို့မှုကြောင့် ကျောင်းသူကျောင်းသားဘဝကနေ ဖြစ်သလိုကြီးပြင်းလိုက်ကြရတာ၊ လုပ်ငန်းခွင်ကို ကြုံသလိုဝင်လိုက်ကြရတာ၊ လျှောက်နေတဲ့ လမ်းမကျယ်ကြီးတွေကို ကျောခိုင်းပြီး လမ်းသွယ်တွေထဲ အသီးသီးချိုးဝင်လိုက်ကြရတာ။ လူငယ်ဘဝတွေက နည်းနည်းတော့ ခါးသလိုပဲ....။

ဒီလိုနဲ့ လုပ်ငန်းခွင်ဆိုတာကြီးကို နဖူးတွေ့ဒူးတွေ့ ကြုံရပြီး သူတစ်ပါးတန်းတူ အသက်ရှုရတော့တာပေါ့။ ဒီအခါ မပြုံးချင်ပဲ ပြုံးပြရတဲ့ မျက်နှာတွေ၊ မခေါ်ချင်ပဲ ခေါ်ရတဲ့ အသံတွေ၊ မဆက်ဆံချင်ပဲ ဆက်ဆံရတဲ့ အပြောတွေလိုမျိုး အတုတွေထဲမှာ တကယ့်ကို နေသားမကျခဲ့ပါဘူး။ ကျွန်မရဲ့ လခစားဝန်ထမ်းစစဖြစ်ရတဲ့အချိန်တွေဟာ ကလေးတစ်ယောက်ကို လူကြီးဝတ်အင်္ကျီ ကောက်စွပ်ပေးလိုက်သလို ပွတတနဲ့ပေါ့။

တစ်နေ့ပြီး တစ်နေ့၊ တစ်လပြီး တစ်လ၊ တစ်နှစ်ပြီး တစ်နှစ်၊ လုပ်ငန်းခွင် တစ်ခုပြီးတစ်ခု ပြောင်းလဲလာလိုက်တာ အခုဆိုရင် ကျွန်မရဲ့ ဒုတိယအိမ်က အလုပ်ခွင်ဖြစ်လာခဲ့ပါပြီ။

ဒီတော့ တွေးစရာ နောက်တစ်ခုတိုးလာပါရောလား။ အခုကျွန်မနေသားကျနေတဲ့အရာ‌တွေကဘဝရဲ့ စစ်မှန်မှုတွေလား?... ဒါဆို ငယ်ငယ်ကရခဲ့တဲ့ ပျော်ရွှင်မှုတွေက အတုအယောင်တွေပေါ့...။ ဒါမှမဟုတ် ငယ်ဘဝမှာရခဲ့တဲ့ ပျော်ရွှင်ဝမ်းမြောက်မှုတွေက အဖြူရောင်တွေဆိုရင် အခုချိန် ကျွန်မရဲ့ပျော်ရွှင်မှုတွေက အရောင်ပြောင်းကုန်တာလား?...။

ကျောင်းသားဘဝက ရခဲ့တဲ့ ထူးချွန်ဆုတွေက ထိုက်တန်လို့ ပေးတာဆိုရင် အခုချိန် ကျွန်မတို့ မမှားတဲ့ အမှားတစ်ခုအတွက် ခေါင်းခံရတဲ့ အချိန်မျိုးတွေမှာ ဘယ်သူက "သူရဲကောင်းဆု" ကို လာချီးမြှင့်မှာလဲ?...။

ကိုယ်လုပ်ချင်တာ ဖြစ်ချင်တာကို ကျောခိုင်းပြီး ဖြစ်သင့်တာ လုပ်သင့်တာကို လုပ်လိုက်ရတဲ့ အချိန်မျိုးတွေမှာ "သူရသတ္တိဆု" ၊ မှားမှားမှန်မှန် အထက်ကပြောသမျှကို ရေငုံနှုတ်ပိတ်နေရတဲ့ အချိန်မျိုးတွေမှာ "ခန္တီပါရမီဆု"၊ ကိုယ့်တာဝန်ဝတ္တရား၊ ကျင့်ဝတ်တစ်ခုကို  မဖောက်မပြန် အလွဲသုံးစားမလုပ်ပဲ အတတ်နိုင်ဆုံး မှန်ကန်အောင်နေနိုင်ရင်ရော "သစ္စာမဏ္ဍိုင်ဆု"၊ ကိုယ်လုပ်ပေးနိုင်တာထက် စေတနာထားပြီး ပိုလုပ်ပေးနိုင်ခဲ့ရင်ရော "မေတ္တာထူးချွန်ဆု"၊ "စေတနာ ဂုဏ်ပြုလွှာ" တို့ စတဲ့ လူမှုထူးချွန်ဆု တွေကိုရော ဘယ်သူက ထိုက်ထိုက်တန်တန် ချီးမြှင့်မှာတဲ့လဲ?...။

ကျွန်မတို့ဘဝတွေမှာ ရသင့်လို့ရခဲ့တဲ့ နာမည်ဂုဏ်ပုဒ်တွေ၊ ရသင့်ရဲ့နဲ့ လွဲချော်ခဲ့ရတဲ့ ဆုတံဆိပ်တွေ၊ မထင်မှတ်ပဲရခဲ့တဲ့ အောင်မြင်မှုတွေ၊ ကြိုးစားရင်း လက်လွှတ်ခဲ့ရတဲ့ အခိုက်အတန့်တွေ... အော် များလှချည်လား။

" သမီး... မအိပ်သေးဘူးလား?.. မနက်အလုပ်သွားရမယ်လေ..."

မေမေ့ရဲ့ သတိပေးသံကြောင့် ကျွန်မ အတွေးစတို့ ရပ်တန့်သွားရပါတယ်။ ဘာတွေပဲဖြစ်နေနေ ကျွန်မရဲ့ တစ်ပတ်တာ သံပတ်ပေး အချိန်တွေကို ပြန်လည်ဖြတ်သန်းဖို့ မနက်ဖြန်က တနင်္လာနေ့ပဲ....။ ပြိုပျက်ခဲ့ရတဲ့မျှော်မှန်းချက်တစ်ချို့ကို ပိုက်ပြီး ကျွန်မမျက်လုံးအစုံကို မှိတ်ပစ်လိုက်ပါတယ်။

#Yara
1.7.2024 (12:40 am)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်