Author's Profile Photo

သန်းမြင့်အောင်

1/07/2024

ဇာတ်ခုံ (၁) ?

2 mins read
Life Style
Culture
Art
ဇာတ်ခုံ (၁) ?'s photo

ကိုယ်ရည်ကိုယ်သွေးတေးသီချင်းများကို သီဆိုဖို့ ကျွန်မလုံးဝဝါသနာမပါခဲ့ပါ။ သို့သော် တစ်ခါတစ်ရံ မိမိ၏ကိုယ်ပိုင်အရည်အချင်းများကို ထုတ်ဖော်ပြသပြီးမှ ရှေ့ဆက်ပြောပြရမည့် အကြောင်းအရာများအတွက်တော့ မလွဲမသွေ ယ်ရည်သွေးခြင်းအမှုကို ကျွန်မ ပြုရပေလိမ့်မည်။

အသားမည်းမည်း၊ ပါးစပ်ပြဲပြဲ၊ နဖူးမောက်မောက်၊ နှာ ခေါင်းပွပွနှင့် ကပ္ပလီမများ နိုင်ငံခြားတွင် မင်းသမီးဖြစ်နေကြပေမယ့် သူတို့အသားအရောင်လောက်ပင် နက်မှောင်ခြင်း မရှိသော၊ သူတို့ နှုတ်ခမ်းလောက် ထူထဲပြဲလန်မနေသော (သွားကတော့ သူတို့လို ဖြူဖွေးစီတန်းမနေဘဲ အနည်းငယ် ရှေ့ထွက်နေသော်လည်း ပါးစပ်စေ့မရအောင်တော့ လုံခြုံမှုကင်းမဲ့မနေကြပါ) မျက်နှာခွက်သည်မှလွဲ၍ နဖူးလုံးဝမမောက်သော၊ နှာခေါင်းပြားချပ်ချပ်သေးသေးလေးနှင့် ကျွန်မ မြန်မာနိုင်ငံတွင် မင်းသမီးဖြစ်ရန် အရိပ်အရောင်မျှ မမြင် းခဲ့ပါ။

“ငါတို့ဆီမှာ သူရဲကားရိုက်ရင်တော့ မင်းသမီးဖြစ်ကောင်းပါရဲ့’ဟု အားခဲခဲ့ဖူးသော်ငြား သိုက်ကား၊ ဥစ္စာစောင့်ကားများပင် တစ်ပတ်ကြော့မလာတော့သည့်နောက် ဒေါ်မြလေးလက်သစ်လည်း ဖြစ်ချင်၍ မရတော့ပါ။

ငယ်ငယ်တုန်းက တအားအလှမက်ခဲ့သည်။ အလှဟူသည် ပြင်တိုင်းရသည်ဟုထင်ကာ မြို့တက်ပြီး ဓာတ်ပုံဆရာလုပ်နေသော ဖေဖေ့အား ဂါဝန်လှလှလေးများ၊ လက်သည်းနီ၊ နှုတ်ခမ်းနီအစုံမှာသည်။ ဖေဖေကလည်း တစ်ဦးတည်းသောသမီးမို့ မှာသမျှ အရောင်အသွေးကိုရအောင် အသေးအမွှားကအစ စိတ်တိုင်းကျအောင် ဝယ်ပို့သည်။

ဂါဝန်လှလှလေးများသည် ကျွန်မကိုယ်ပေါ်ရောက်သည်နှင့် လူနှင့်အင်္ကျီတခြားစီဖြစ်သွားကာ ရယ်စရာကာတွန်းရုပ်ကလေးတစ်ရုပ်လို တွေ့သမျှလူများ ပြုံးစေ့စေ့ဖြစ်ကုန်ကြသည်။ ထိုအခါ အညိုရင့်ရင့်၊ အနက်ဖျော့အသားပေါ်မှာ မျက်နှာချေအဖွေးသားနှင့် နှုတ်ခမ်းကိုရဲနေအောင် ဆိုးထားသော ကျွန်မ မလုံမလဲနှင့် ရှက်ကိုးရှက်ကန်း ဖြစ်ရသည်မှာ အခါခါ။

ငေးကြည့်ရအောင် လှပချောမွေ့ သော အပျိုပေါက်အရွယ် အိမ်နီးချင်းတစ်ယောက်နှင့် ဆွေရိပ်မျိုးရိပ်မကင်းသော အစ်မတစ်ယောက်ကိုမြင်တိုင်း မေမေ့ကို

“သမီးကို ဘာလို့အဲဒီလိုလှအောင်မမွေးတာလဲ”ဟု အပြစ်တင်သည်။ မေမေက ပြုံးပြီး

“ညည်းအဖေနဲ့အမေက လှမှမလှဘဲ၊ ညည်းလည်း ဘယ်လှမှာလဲ”ဟု ရိုးရိုးလေး ပြန်ပြောသည်ကိုလည်း မကျေနပ်။

ကျွန်မအပျိုပေါက်ဖြစ်တော့ ထိုအစ်မနှစ်ယောက် တစ်ယောက်က အငြိမ့်မင်းသမီးဖြစ်ပြီး တစ်ယောက်က အလှပြကားများတွင် မပါမဖြစ် ရပ်ရွာ၏ရှေ့ဆောင် ကွမ်းတောင်ကိုင်အနေနှင့် သီချင်းဆိုရ၊ တေးသရုပ်ဖော်ကရနှင့် ကြည့်မဝရှုမဝဖြစ်ကာ အားကျခဲ့သည်။

ဘယ်လိုပုံစံနှင့်မျှ သည်တစ်သက်တွင် ကျွန်မ မင်းသမီးမဖြစ်နိုင်။ သူတို့အလှကို အားကျ၍ သူတို့လိမ်းသည့်ပေါင်ဒါ၊ သူတို့ဆိုးသည့်နှုတ်ခမ်းနီ၊ လက်သည်းနီရောင်၊ သူတို့ဝတ်သည့် အဝတ်အစားပုံစံအရောင်အသွေးရွေး၍ ဝတ်လေ ကိုယ့်မှာ စိတ်ညစ်ရလေ၊ အရှက်အနာတရ ဖြစ်လေ။

ကြာတော့ သည်လောက်ဖြစ်လှတာ ကိုယ့်ရုပ်နဲ့ကိုယ် လူအရယ်တော့မခံနိုင်ဘူးဟု အားလုံးကို စိတ်နာပြီး အလှလည်းမပြင်၊ မှန်လည်းမကြည့် အရှိအတိုင်းနေလိုက်မှ စိတ်ချမ်းသာသွားတော့သည်။

လူပုံက မလှသော်လည်း လူမှုဆက်ဆံရေးမှာ လှိုက်လှဲနွေးထွေး၍ လူချစ်လူခင်များသူများကို တွေ့ဆုံဖူးကြပါလိမ့်မည်။

အရွယ်အနည်းငယ်ရပြီးနောက် ကျွန်မဈေးဆိုင်ထိုင်သောအခါ ကျွန်မဆိုင်မှ စားသောက်ဖွယ်ရာကို ဝယ်လိုသဖြင့် လမ်းညွှန် ဖူးသောသူများ၏စကားကို ပြန်ကြားခဲ့သည့်အတိုင်း ကျွန်မထံပို့လိုက်သော သတင်းတစ်ရပ်ကို မိတ္တူပွားကာ မကြာခဏ ခံစားကြည့်မိသည့်အခါများတွင်တော့ ကျွန်မရယ်မောတတ်သည့်အကျင့်ကောင်းတစ်ခုကို ပိုင်ဆိုင်သွားတော့သည်။

“မနေ့ကဝယ်ခဲ့တဲ့ သရက်သီးသနပ်မျိုး လိုချင်လို့ ဘယ်ဆိုင်ကဝယ်လဲ”

“ဈေးရုံ(၁)၊ ထဲက ရွှေတောင်ဝင်းလက်ဖက်ဆိုင်ဘေးက”

“ဪ... သိပြီ၊ အရုပ်ဆိုးဆိုး၊ မျက်နှာပုတ်ပုတ်နဲ့ အမြဲတမ်း နှုတ်ခမ်းစူထားတဲ့ အမျိုးသမီး မဟုတ်လား”

“အေး. . . ဟုတ်တယ် ဟုတ်တယ်၊ စကားပြောလည်း ဘုကျတယ်၊ ဈေးရောင်းတာလည်း စိတ်မရှည်ဘူး၊ သူ့လုပ်စာ စားနေတဲ့အတိုင်းပဲ”

“ဟုတ်တယ်၊ ကျွန်မလည်း အဲဒီအမျိုးသမီးကို ကြည့်မရလို့ မဝယ်တာကြာပြီ၊ ဟိုးအရင်တုန်းက သူ့အမေကြီးရောင်းတုန်းက အရမ်းသဘောကောင်းတာ ကျွန်မအမြဲဝယ်တဲ့ဖောက်သည်ပေါ့၊ အခု အမေကြီးမထွက်တဲ့နောက်ပိုင်းထဲက မဝယ်ဖြစ်တော့တာ နှစ်ချီနေပြီ”

“ကိုယ်လည်း တခြားဆိုင်မှာမရှိမှ သူ့ဆီသွားဝယ်တာ၊ ဈေးသည်တဲ့ကွာ စကားတစ်ခွန်းက နှစ်ခွန်းပြောရရင် စိတ်မရှည်တော့ဘူး၊ ရုပ်ကလည်း အသက်အောင့်ပြီး ကြည့်ရတယ်”

ဤကဲ့သို့ မိဘလက်ထက်က အရမ်းကာရော ကျူးကျော်ထိုးဖောက်တိုးဝင်နေကြသော စီးပွားရေးဈေးကွက်များကို ကျွန်မ ဣန္ဒြေရရ ကာဆီးဟန့်တားနိုင်ခဲ့သည်။ ထိုသူများကို“ကျွန်မ၏ အချစ် တော်များ'ဟု ကျွန်မ စိတ်တွင် တစ်ယောက်တည်း ကျိတ်ကာ အမည်ပေးထားခဲ့မိသေးသည်။

အပိုင်း ၂ မျှော်...

ဆရာမ သန်းမြင့်အောင်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း