မြ (စံကားဝါမြေ)
ဟောဒီ "အချိန်ကို တန်ဖိုးရှိစွာ အသုံးချပါ။" ဆိုတဲ့ ဆောင်းပါးလေးနဲ့ ပတ်သက်ပြီး စာဖတ်သူလေးတွေကို မြ မေးခွန်းလေးတစ်ခု မေးကြည့်ချင်ပါတယ်ရှင်.....
မြမေးမယ့် မေးခွန်းလေးက စာဖတ်သူလေးတို့
"ဘဝမှာ အောင်မြင် ကြီးပွား တိုးတက်ချင်ပါသလား။" လို့ မေးလိုက်ရင် စာဖတ်သူလေးတို့ရဲ့ အဖြေက "အောင်မြင် ကြီးပွား တိုးတက်ချင်ပါတယ်" ဆိုတဲ့ အဖြေတစ်ခုတည်းပဲ ထွက်လာမယ်ဆိုတာ မြ သိပါတယ်။
ဘယ်သူကများ ခက်ခဲကြမ်းတမ်းလှတဲ့ ဘဝကြီးထဲမှာ နေချင်ပါ့မလဲ။ လိုချင်တာ မရ၊ စားချင်တာ မစားရ၊ ဝယ်ချင်တာ မဝယ်ရနဲ့ မပြည့်စုံတဲ့ ဘဝကြီးကို ဘယ်သူက ကြိုက်ပါ့မလဲ။ အဲ့တော့ မအောင်မြင်ချင်ဘူးလို့ ဘယ်သူမှ မဖြေကြပါဘူး။
ဒါဆိုရင် အောင်မြင်ဖို့အတွက် အရေးကြီးဆုံး အချက်တစ်ချက်ကတော့ "အချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်ဖို့ပဲ" ဖြစ်ပါတယ်ရှင်.....။
အောင်မြင်တဲ့သူတွေက အချိန်ကို တန်ဖိုးထားပြီး အကျိုးရှိအောင် အသုံးချခဲ့လို့ အောင်မြင်ခဲ့ကြတာ ဖြစ်ပါတယ်။
မအောင်မြင်တဲ့သူတွေကတော့ "သူတို့က ငါတို့ထက်ပိုပြီး အခွင့်အရေးတွေရနေလို့၊ သူက အထက်လူကြီးနဲ့ သိလို့၊ လာဘ်ထိုးထားလို့" အစရှိသဖြင့် တွေးတောပြောဆိုကြပါလိမ့်မယ်။
တကယ်တော့ သဘာဝတရားကြီးက အောင်မြင်တဲ့သူရော၊ မအောင်မြင်တဲ့သူရောကို တစ်နေ့လျှင် (၂၄)နာရီ ပေးထားပါတယ်။ "ဘယ်သူ့ဘယ်သူ့ကိုတော့ နာရီဝက်လောက် ပိုပေးလိုက်ဦးမယ်၊ ဘယ်သူ့ကိုတော့ (၂၅)နာရီ ပေးလိုက်မယ်" ဆိုတာမျိုးတွေ (လုံးဝ)ကို မရှိပါဘူးရှင်။ တန်းတူညီမျှ အခွင့်အရေးသာ ပေးထားတာ ဖြစ်ပါတယ်ရှင်။
အဲ့တာဆိုရင် ဘာ့ကြောင့် ကွာခြားသွားတာလဲ?
ကွာခြားသွားတာက အချိန်ကို အကောင်းဆုံး အသုံးပြုနိုင်တဲ့ သူတွေက အောင်မြင်တဲ့ဘဝတွေကို ပိုင်ဆိုင်ကြပြီး အချိန်ကို အကောင်းဆုံး အသုံးမချနိုင်တဲ့သူတွေကတော့ မအောင်မြင်ဘဲ ရှုံးနိမ့်မှုတွေနဲ့သာ ရင်ဆိုင်ကြုံတွေရမှာပဲ ဖြစ်ပါတယ်ရှင်။
ဘာ့ကြောင့်လဲဆိုတော့
➠ Opport unity is the cream at time.
➠ အခွင့်အရေးဟာ အချိန်ရဲ့ အနှစ်သာရ ဖြစ်ပါတယ်။
အချိန်ဟာ အောင်မြင်မှုအတွက် ဘာ့ကြောင့် အရေးကြီးသလဲဆိုရင် အချိန်ဆိုတာ ရပ်တန့်နေတဲ့အရာ မဟုတ်သလို လိုချင်သလောက် ယူလို့ရတဲ့အရာလည်း မဟုတ်ပါဘူး။
ဒါ့ကြောင့်မို့ "Time and tide wait for no man (အချိန်နှင့် ဒီရေဟာ လူကိုမစောင့်)" ဆိုတဲ့ စကားပုံလေး ပေါ်ပေါက်လာရတာပေါ့ရှင်။
တကယ်တော့ အချိန်ဆိုတာ ဘဝနှင့်ရင်းပြီး ရယူထားရလို့ ကိုယ့်ဘဝရဲ့အချိန်ကို တန်ဖိုးမထားတဲ့သူက ကိုယ့်ဘဝကို တန်ဖိုးမထားတဲ့သူပါပဲ။
အောင်မြင်တဲ့သူတွေက ရွေးလျားနေတဲ့အချိန်ကို ဝါးစားတတ်ပြီး မအောင်မြင်တဲ့သူတွေကတော့ အချိန်ရဲ့ဝါးစားခြင်းကို ခံနေတတ်ကြပါတယ်။
လူတစ်ယောက် အောင်မြင်ဖို့ဆိုတာ အခွင့်အရေးကောင်းကို ရရှိမှ အောင်မြင်နိုင်ပါမယ်။ အဲ့ဒီ အကောင်းဆုံး အခွင့်အရေးက ဒီတိုင်း ရောက်လာတဲ့အရာတစ်ခု မဟုတ်ပါဘူး။ မိမိကိုယ်တိုင်က အခွင့်အရေးတွေ ရရှိအောင် အချိန်တိုင်း ကြိုးစားနေမှ ရရှိလာမယ့် ဆုလာဘ်တစ်ပါး ဖြစ်ပါတယ်ရှင်။
မြတို့ မူလတန်းတုန်းက သင်ခဲ့ရတဲ့ "ယုန်နှင့် လိပ် (ပုံပြင်)" ထဲမှာဆိုရင် လိပ်ကလေးက အသွားနှေးတယ်။ ဒါပေမယ့် သူ မလျှော့သော ဇွဲလုံ့လနဲ့ ဖြည်းဖြည်းမှန်မှန်လေး ကြိုးစားလိုက်တဲ့အခါမှာ အောင်မြင်မှုကို ရရှိလိုက်တယ်။ ဒီပုံပြင်နဲ့ ပတ်သက်ပြီး မြက စာဖတ်သူလေးတွေကို "နှေးခြင်းက ရပ်နေခြင်း မဟုတ်လို့ ဖြည်းဖြည်းမှန်မှန်သာ ဆက်လျှောက်ပါ။" လို့ ပြောလိုက်ချင်ပါတယ်ရှင်။
ဒီလိုပါပဲ အောင်မြင်ချင်တဲ့လူတစ်ယောက်က မိမိမှာ သူတို့ပါးတို့ထက် အားနည်းချက် ရှိနေတယ်ဆိုရင် အဲ့ဒီအားနည်းချက်ကို သူတစ်ပါးတွေ အနားယူနေတဲ့အချိန်မှာ ဖြည့်ဆည်းနိုင်ရပါမယ်။
သူတစ်ပါးတို့ထက် ပိုပြီး မကြိုးစားရင် သူတစ်ပါးတို့ထက်သာတဲ့ အောင်မြင်မှုမျိုးကိုလည်း ရနိုင်မှာ မဟုတ်ပါဘူးရှင်။
စာရေးဆရာ သောမတ်စ်ပိ (PAINE, THOMAS)က အချိန်ဆိုတာ အကျိုးအကြောင်းထက် လူအများကို ပိုပြီး ပြောင်းလဲစေတယ်လို့လည်း ဆိုထားပါဆိုထားပါသေးတယ်ရှင်။ အဲ့တာကတော့ အကျိုးအကြောင်းတွေကို တွေးတောပြီး လုပ်နေတာထက် ယခုလက်ရှိအချိန်ဟာ ကြိုးစားဖို့ အကောင်းဆုံးအချိန်ပါပဲလို့ ဆရာက ပြောချင်တာပါရှင်။
မြတို့က အတိတ်ကံကြောင့် ချမ်းသာပြီး မွေးလာတဲ့သူတွေ ရှိသလို ဆင်းရဲပြီး မွေးလာတဲ့သူတွေလည်း ရှိတယ်။ ဒါပေမယ့် အောင်မြင်ပြီး မွေးလာတဲ့သူဆိုတာ လူ(၁၀၀၀၀)မှာ တစ်ယောက်လေးတောင် မရှိပါဘူးရှင်။
ဒါပေမယ့် ရရှိလာတဲ့ဘဝမှာ လူတစ်ချို့က ဖိနပ်ကနေ ဦးထုပ်ဖြစ်သွားတဲ့သူရှိသလို ဦးထုပ်ကနေ ဖိနပ်ဖြစ်သွားကြတဲ့သူတွေလည်း လောကမှာ တစ်ပုံကြီးပါပဲ။
ဦးထုပ်ကနေ ဖိနပ်ဖြစ်သွားတဲ့သူကတော့ လူဖြစ်ရကျိုးမပန်ပါဘူး။ အဲ့ဒီလို မအောင်မြင်တဲ့သူတွေက အချိန်ရဲ့တန်ဖိုးကို နောက်မှ နောင်တကြီးသွာ ရတတ်ကြပါတယ်။
ဒါ့ကြောင့် မြတို့ လူတွေက အချိန်သုံးစွဲမှု ကွာခြားရင် ဘဝအဆင့်အတန်းတွေပါ ကွာခြားသွားနိုင်ပါတယ်။ အဲဒီလို ကွာခြားမှုတွေရှိနေတဲ့အချိန်အတွင်မှာ ဖိနပ်ကနေ ဦးထုပ်ဖြစ်သွားတဲ့သူဖြစ်အောင် ကြိုးစားကြရပါမယ်။
စာဖတ်သူလေးက အောင်မြင်ချင်တယ်ဆိုရင် စာဖတ်သူလေးရဲ့ အချိန်တွေကို ပထမဦးစွာ သေချာစိစစ်ပါ။ အဲဒီထဲက တန်ဖိုးမဲ့ပြီး အကျိုးမရှိတဲ့ အချိန်တွေကို ဖယ်ရှားပြီး အကျိုးရှိတဲ့အချိန်တွေကို တည်ဆောက်လိုက်ပါရှင်။
အဲ့တာဆိုရင် စာဖတ်သူလေး လိုချင်တောင့်တတဲ့ ပန်းတိုင်ဟာ စာဖတ်သူလေးရဲ့အရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါလိမ့်မယ်ရှင်။
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
1.7.2024(Monday)
Keep Reading