SarPhat Author
** အချစ် ဘာလဲ ဘယ်လဲ ***
အပိုင်း(၉)
မောင်လူသစ်
အောင်လတ်အဖေ သေတော့ အဲဒီ အိမ်ပေါ်မှာ အောင်လတ်အဖေ ရှေ့နေကြီးနဲ့အတူနေတဲ့ တပည့်ရှေ့နေလေးတွေ သုံးယောက်ကျန်ခဲ့ကြတယ်။
အဲဒီ ရှေ့နေလေးတွေက သူတို့ဆရာကြီး လပတ်ဆွမ်းကပ်ပြီးတာနဲ့ အဲဒီအိမ်ပေါ်ကနေ တခြားကို ပြောင်းရွှေသွားကြတယ်။ သူတို့ဆရာကြီး မရှိတော့ဘူးဆိုတော့ သူတို့လည်း ဒီမှာ မနေချင်ကြတော့ဘူးပေါ့။
" ကဲ ကိုအောင်လတ်၊ အဖေ့အတွက်လည်း လလည်ဆွမ်းကပ်ပြိးပြီ။ဒီအိမ်နဲ့ပတ်သက်ပြီးကျနော်တို့ မောင်နှမတွေစကားပြောဖို့ပဲကျန်တော့တယ်"
အောင်လတ်ရဲ့ ညီတစ်ယောက်နဲ့ညီမနှစ်ယောက်ကစကားစလာကြတယ်။ အောင်လတ်က သူ့ညီတွေညီမတွေကိုကြည့်ပြီး အေးအေးဆေးဆေးပြောလိုက်တယ်-
" အဖေသေတာ ဒီနေ့မှ တစ်လပြည့်တယ်ကွာ။ဒီအိမ်အတွက် ဘာတွေပြောကြမှာလဲ။ မစောလွန်းဘူးလား၊ နောက်မှ အေးအေးဆေးဆေးပြောကြတာပေါ့ "
" ဟာ အားလုံးက မိသားစုရေးရော အလုပ်အကိုင်အတွက်ပါ အားကြတာမဟုတ်ဘူး။ ကိုယ့်ကိစ္စနဲ့ ကိုယ် ရှုပ်နေကြတာလေ။ခုရှူပ်မှနောင်ရှင်း ဆိုသလို အခုကတည်းက ရှင်းစရာရှိတာ ရှင်းထား ပြီးရောပေါ့"
" အေး.လောလောဆယ်ရှင်းစရာရှိတာကတော့ အိမ်တွင်း အိမ်ပြင်၊ အိမ်ပေါ် အိမ်အောက်က အမှိူက်တွေပဲကွ။အဖေတို့က အမျိူးသားတွေချည်းပဲစုနေကြတာဆိုတော့ အမှိုက်တွေက ရှူပ်ပွနေတယ်။ အဲဒါတွေ အရင်ရှင်းပစ်ရမယ်"
အောင်လတ်က တမင် ပြောလိုက်တာရယ်။ ဒါကို မသိတဲ့သူ့ညီမတွေက ပြန်ပြောကြရော -
" ဟာ ကိုအောင်လတ်ကလည်း၊ အမှိုက်ရှင်းဖို့ ပြောတာမဟုတ်ဘူး။ အမွေခွဲဖို့ကိစ္စကို ပြောနေတာလေ ၊ ဒီအိမ်မှာလည်း ဘယ်သူမှ လာနေကြမှာလည်း မဟုတ်ဘူး။ ဒီအတိုင်း ထားလို့လည်း မဖြစ်ဘူး။ ရောင်းပြီး လေးယောက်ခွဲယူလိုက်ရင် အေးရောပေါ့ "
" ဟုတ်တယ်လေ ကိုအောင်လတ် "
အောင်လတ်က သူ့ညီကို မောင်နှမတွေကို ကြည့်လိုက်ပြီးတော့ -
" အဖေသေတာ တစ်လပဲရှိသေးတယ်။ မိဘအိမ်ကို ရောင်းဖို့ နင်တို့က ကြံစည်နေကြပြီ။ လူကြားကောင်းအောင်၊ လူမြင်ကောင်းအောင် ခြောက်လ တစ်နှစ် စောင့်ပါဦးလားလို့။ အခု လူသေထားတဲ့အိမ်ကို အခုရောင်းရင် စျေးကောင်းမရပဲ ဗိုက်နာစျေးပဲရမှာပေါ့။ "
" အို မစောင့်နိုင်ပါဘူး။ ကိုယ့်မိဘအိမ် ကိုယ်ရောင်းတာ ဘယ်သူမှလည်း ဂရုစိုက်စရာမလိုပါဘူး။ရောင်းမယ်ဆိုရင် ဝယ်ချင်တဲ့လူတွေ ပုံ လို့ "
အောင်လတ် ဒေါနည်းနည်း ကန်သွားတယ်။ဒါပေမဲ့ စိတ်ကို ချူပ်တည်းထားလိုကိတယ်။ ပြီးတော့ -
" အေး.ငါပြောမယ်။ ဒီနေရာကွက်ကို အဖေဝယ်တုန်းက ငါ သုံးနှစ်သား။ ဝယ်တုန်းက ပါတဲ့ အိမ်ဟောင်းလေးကို ဖျက်ပြီး အခုအိမ်ကို အဖေ ဆောက်တော့ ငါ ငါးနှစ်သားရှိပြီ။ အိမ်ဆောက်ပြီး နောက်တစ်နှစ်ကြာမှ ငါ့အောက်က အောင်မြတ်ကို အမေကမွေးတယ်။ အောင်မြတ်ပြီးတော့မှ နင်တို့ နှစ်ယောက်ကို မွေးတယ်။ ငါ ဆိုလိုချင်တာက ဒီမြေကွက်ကို ဝယ်တုန်းကရော၊ဒီအိမ်ကြီးကို ဆောက်တုန်းကရော ငါတို့လေးယောက်ရဲ့ ပိုက်ဆံ တပြားမှမပါသလို ငါတို့ လုပ်အားလည်း ဘာမှမပါဘူး။ ဒီအိမ်ပေါ်မှာ ငါတို့လေးယောက်လုံးက မိဘလုပ်စာကိုစားပြီး လူလားမြောက်လာကြတယ်။ အမေသေသွားပေမဲ့ ငါတို့ကို အဖေက ဆက်ပြီး တာဝန်ယူခဲ့တယ်။ ငါတို့ လေးယောက်စလုံး အမေ့ကို ဘယ်သူမှ လုပ်မကျွေးလိုက်ရဘူး။ ကျေးဇူးမဆပ်လိုက်ရဘူး။ အဖေ့ကိုလည်း ငါတို့လေးယောက်စလုံး လုပ်မကျွေးလိုက်ရသလို အဖေ့ကျေးဇူးကိုလည်း ဘယ်သူမှ မဆပ်လိုက်ရဘူး။.အဖေက သူ့ပညာနဲ့သူ ရပ်တည်သွားတယ်။ အခု အဖေသေပြီ။ ဒီအိမ်အတွက်ရော၊ မိဘနှစ်ပါး အတွက်ပါ ငါတို့လေးယောက်စလုံး ပိုက်ဆံတပြားမှ မကုန်ခဲ့ရသလို ဘာလုပ်အားမှလည်း မစိုက်ထုတ်ခဲ့ရဘူး။ ဘာကျေးဇူးမှလည်းမဆပ်လိုက်ရဘူး။အခုကျတော့မှ ဒီအိမ်ကြီးကို ငါတို့ရသင့်တယ် ဆိုပြီးပြောနေကြတာ တွေး
ကြည့်ရင် မတရားရာကျသလို ရှက်စရာတောင်ကောင်းတယ်လို့ ငါထင်တာပဲ "
" အို ကိုအောင်လတ်ကလည်း မဆိုင်တာတွေ လျှောက်ပြောနေပြန်ပြီ၊ မိဘအမွေကို သားသမီးရထိုက်တာပဲလေ၊ ကိုယ့်မိဘပစ္စည်း ကိုယ်အမွေဆက်ခံတာ ဘာဖြစ်လဲ "
" အေးပါ၊ မိဘပစ္စည်း သားသမီးရသင့်တာ ငါနားလည်ပါတယ်။ အခုက မိဘသေတာမကြာသေးလို့သာ ငါက ပြောနေတာပါ။ အဖေ့မှာလည်း ဒီအိမ်ကလွဲပြီး တခြားဘာပစ္စည်းမှ ကျန်ခဲ့တာလည်းမဟုတ်ဘူး။ သူ့ရဲ့ ဥပဒေစာအုပ်တွေပဲ အပုံလ်ုက်ကျန်နေခဲ့တယ်။ အဲဒီစာအုပ်တွေက ငါတို့နဲ့လည်း အသုံးမတည့်ဘူး။ နင်တို့အတွက်အသုံးတည့်မယ်ဆိုရင်လည်း ယူချင်ရင် ယူကြပေါ့။ ယူကြမှာလား "
"ဒီ ဥပဒေစာအုပ်တွေကို ဘာလုပ်ရမှာလဲ၊ မယူပါဘူး"
"အေး အဲဒီ ဥပဒေစာအုပ်တွေကို အဖေ့တပည့် ရှေ့နေတွေကိူ ပေးလိုက်မယ်။သူတို့ရတဲ့ သူတို့ဆရာရဲ့အမွေပေါ့။ အိမ့်လည်းရှင်းသွားမယ်။ အိမ်ရှင်းသွားပြီဆိုရင် အိမ်ငှားတင်လိုက်မယ်။ အနည်းဆုံးတစ်လကို သုံးသိန်းတော့ရမှာပဲ။ အိမ်က လူမနေရင်ပျက်စီးတတ်တယ်။ ဒီတော့ အငှားတင်ထားရမယ်။ တစ်လ သုံးသိန်းနဲ့ ခြောက်လ စာချူပ်လိုက်ရင် ဆယ့်ရှစ်သိန်းရမယ်။ အဲဒီ အိမ်ငှားခ ခြောက်လစာ ဆယ့်ရှစ်သိန်းကို ဘွဲ့ရပညာတတ်တွေဖြစ်ပြီး အလုပ်အကိုင်ကိုယ်စီ၊ဝင်ငွေကိုယ်စီရှိကြတဲ့ နင်တို့ မောင်နှမသုံးယောက်၊ တစ်ယောက် ခြောက်သိန်းစီ ခွဲယူကြ။ ဆယ်တန်းလည်းမအောင်၊ အလုပ်လည်း မရှိ၊ ဝင်ငွေလည်းမရှိတဲ့ ဆင်းရဲသားငနင်းပြား ငါက တပြားတချပ်မှ မယူဘူး။ ငါပြောတာ ရှင်းလား။အနည်းဆုံး ခြောက်လ တစ်နှစ်လောက်ကြာတော့ အိမ်ခြံမြေစျေးတွေ ထပ်တက်လာမှာပဲ။.တက်စျေးကြုံမှ ရောင်းမယ်။ အခု မရောင်းဘူး။ ဒါပဲ ။
အောင်လတ်က အဲသလို ပြောတာတောင် သူတို့က သိပ်မကြေနပ်ချင်ကြဘူး။ မကြေမနပ်နဲ့ လက်ခံလိုက်ကြတယ်။
အောင်လတ်က သူ့အဖေကျန်ခဲ့တဲ့ ဥပဒေစာအုပ်တွေကို သူ့အဖေရဲ့တပည့် ရှေ့နေလေးတွေကို ပေးပစ်လိုက်တယ်။ ရှေ့နေလေးတွေကလည်း သူတို့အတွက် အင်မတန် အဖိုးတန်တော့ ဝမ်းသာအားရနဲ့ လာယူသွားကြတယ်။
အိမ်ငှားရလာတော့ သေသေချာချာ ရှေ့နေနဲ့စာချူပ်ပြီး တစ်လ သုံးသိန်းနဲ့ ခြောက်လစာချူပ်လိုကိတယ်။အိမ်ငှားခရလာတဲ့ပိုကိဆံကို သူ့ညီနဲ့သူ့ညီမ သုံးယောက်ကို ခွဲပေးလိုက်တယ်။.သူက သူ့စကားအတိုင်း တပြားတချပ်မှမယူဘူး။
ဒါပေမဲ့ သူတို့အကိုကြီး အောင်လတ်ဟာ ဒီအိမ်ကြီးကိူ တစ်ယောက်တည်း မောင်ပိုင်စီးချင်လို့ အချိန်ယူပြီး အကွက်ချနေတယ်ဆိုပြီး အောင်လတ်ရဲ့ ညီ၊ညီမတွေက ထင်နေကြသလို အဲသလို လေသံကိုလည်း လွှင့်ထားတယ်။
အောင်လတ်က အကုန်ပြန်ကြားရပေမဲ့ ဘာတစ်ခွန်းမှ မပြောဘူး။ အသာကလေး ငြိမ်နေတယ်။
အောင်လတ်ညီနဲ့ညီမတွေက အိမ်ကို ရောင်းဖို့အတွက် ဝယ်သူကို အမြဲရှာနေကြတယ်။ သူတို့က သုံးမဲရှိတယ်။ အောင်လတ်ဖက်က တစ်မဲပဲရှိတော့ တကယ်လို့ ရောင်းမယ်ဆိုရင် အောင်လတ်အနေနဲ့ ဘာမှ မတတ်သာဘူး။ သူတို့ကမဲများနေတာပဲ ဆိုပြီး အိမ်ရောင်းထွက်ဖို့ အမြဲကြံစည်နေကြတယ်။
တနေ့တော့ အောင်လတ်က. သတင်းစာမှာ ကြေငြာလိုက်တယ်။ ဒီအိမ်ခြံမြေနဲ့ပတ်သက်ပြီး အမွေဆိုင်သားကြီးသြရသဖြစ်တဲ့ သူ့ရဲ့ သဘောတူ ခွင့်ပြုချက်မပါပဲ ပေါင်နှံခြင်း၊ ရောင်းချခြင်း၊ အငှားချထားခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ ပေးကမ်းခြင်း၊ တနည်းနည်းနဲ့ လွှဲပြောင်းခြင်း ခွင့်မပြုဘူး ဆိုပြီး ကြေငြာလိုက်ရော။
ဘာပြောကောင်းမလဲ
သူ့ညီအကိုမောင်နှမတွေ ငယ်ထိပ်မြွေပေါက်သလိုဖြစ်ပြီး တုန်တုန်ရီရီတွေဖြစ်ပြီး ဒေါသူပုန်တွေ ထကြပါလေရော ။ ။
ဆက်လက်တင်ပြပါမည်
မောင်လူသစ်
၁. ၆. ၂၀၂၄
Keep Reading