Author's Profile Photo

SarPhat Author

30/06/2024

အချစ်ဘာလဲဘယ်လဲ (7) မောင်လူသစ်

2 mins read
Art
အချစ်ဘာလဲဘယ်လဲ (7)

မောင်လူသစ်'s photo

** အချစ် ဘာလဲ ဘယ်လဲ **


အပိုင်း(၇)


မောင်လူသစ်


" အဖေ၊ အဖေ့သားနဲ့ မစန်းစန်းမော်တို့ ယူကြတော့မလို့တဲ့။.ဟိုက တခုလပ်၊ ကလေးတစ်ယောက်အမေ၊ အဖေ သဘောမတူနဲ့နော်၊ သမီးတို့ကတော့ သဘောမတူဘူး"


" ဟုတ်တယ်အဖေ၊ အဖေ့သားက အရင်မွေးလိူ့သာ အကိူကြီးဖြစ်နေရတာ၊ ဘာအရည်အချင်းမှလည်းမရှိဘူး။အရမ်းညံ့တယ်။သားတို့အထဲမှာ စုန်းပြူးပဲ။ အခုလည်းကြည့်၊ တခုလပ် ကလေးတစ်ယောက်အမေကိုမှ ယူတော့မယ်တဲ့။သားလည်း.သဘောမတူဘူးအဖေ။ "


အောင်လတ်နဲ့ စန်းစန်းမော်ယူကြတော့မယ်ကြားနေရလို့ အောင်လတ်ရဲ့ညီအကို မောင်နှမတွေက သူတို့အဖေကို ဝိုင်းပြောနေကြတယ်။.အောင်လတ်အဖေ ရှေ့နေကြီးက သူ့သားသမီး တွေကိုပြုံးပြီးကြည့်လိုက်တယ်။.ပြီးတော့ -


" သားတို့ သမီးတို့ပဲ အောင်လတ်ကို ကြည့်မရကြဘူးဆို၊ ကြည့်မရတဲ့အကောင် သူ့ဟာသူ ခွေးမကိုပဲယူယူ ယူပလေ့စေပေါ့၊ ဘာအရေးလဲ "


" သူယူတာက အကြောင်းမဟုတ်ဖူးအဖေ၊ သမီးတို့ သိက္ခာ ကျမှာစိုးလို့ပြောနေရတာ "


" သြော် ဒါဆို သမီးတို့က အောင်လတ်ကို ချစ်လို့မှ မဟုတ်ပဲ။ ကိုယ်သိက္ခာကျမှုာကို စိုးရိမ်နေကြတာပေါ့ "


"အဖေကလေ၊ ရှေ့နေပီပီ စကားကို ကပ်ပြောနေတယ်။ တကယ်ပဲ၊ စိတ်လေတယ် "


" အေးပါကွယ်။.အဖေလည်း.အောင်လတ်ကို စန်းစန်းမော်နဲ့ သဘောမတူပါဘူး "


" ဒါဆိုလည်း မယူဖြစ်အောင် ကြိုတားဆီးလေ အဖေ"


" အေး.အဖေ သဘောမတူတာက အောင်လတ်ဖက်ကမဟုတ်ဘူးဟေ့၊ စန်းစန်းမော်ဖက်ကနေပြီး က်ုယ့်သမီးလိုသဘောထားပြီး အောင်လတ်နဲ့ သဘောမတူတာ၊ ရှင်းပြီလား။ သမီးတို့အကို အောင်လတ်လို ဝေလေလေ အရက်သမား၊ အလုပ်အကိုင်မရှိ၊ ငပျင်း ကို ယူရဲတဲ့စန်းစန်းမော်ကိုတောင် ကျေးဇူးတင်ရဦးမယ်။သူတို့နှစ့်ယောက်က ငယ်ပေါင်းသူငယ်ချင်းတွေ၊ အတွင်းသိအစဥ်းသိတွေ၊ သံယောဇဥ်လည်းကြီးကြတယ်။ သမီးတို့အကို အောင်လတ်ကို ထိန်းနိုင်မှာလဲ သူပဲရှိတယ်။.ယူကြပလေ့စေ။ အောင်လတ်ဒဏ်ကို ခံန်ုင်မှာလည်း သူပဲရှိတယ်။.အဓိကက သူတို့ချင်း ချစ်ကြတယ်။ ကလေးတစ်ယောက်ရှိတာကလည်း ပြဿနာမဟုတ်ဘူး။ အဲဒီကလေး ပေါက်စလေးကတည်းက အောင်လတ်က ကုတ်ပေါ်တင်ပြီး ရွာရိုးကိုးပေါက်လျှောက်သွားနေတာလေ။


"အဲဒါ ဆိုလည်း ပြီးရော အဖေ၊ သမီးတို့ကတော့ မစန်းစန်းမော်ကို.ယောင်းမ လို့ အသိအမှတ်မပြုဘူး၊ဒါပဲ "


"ဟာ တယ်ခက်တဲ့သမီးတွေပဲကွာ၊ အေး.သမီးတို့ဘာသာ သမီးတို့ အသိအမှတ် ပြုချင်ပြု၊ မပြုချင်နေ၊ အဖေကတော့ မိဘအနေနဲ့ အောင်လတ် မိန်းမယူမဲ့ ကိစ္စကိူ ဝတ္တရားနဲ့အညီ လုပ်ပေးရမှာပဲ ၊ ဒါပဲ. "


အောင်လတ်နဲ့ စန်းစန်းမော် ယူကြတော့မယ်ဆိုတော့ အောင်လတ်ရဲ့ ညီအကို မောင်နှစ်မတွေက အောင်လတ်အဖေ ကို နားကရိုင်းကြတယ်။အောင်လတ်အဖေက. သည်းမခံန်ုင်တဲ့ အဆုံး အော်ထုတ်လိုက်မှ အေးတော့တယ်။


အောင်လတ်က သူ စန်းစန်းမော်ကိူ ယူတော့မယ်လို့ သူ့အဖေကို တရားဝင် အသိပေးလိုက်တော့ အောင်လတ်အဖေက စန်းစန်းမော်အမေကို သွားတွေ့ပြီး အကျိူးအကြောင်းတီးခေါက်တယ်။.သားရှင်အနေနဲ့ သူ့ဖက်က ဘာတွေများ လုပ်ပေးရမလဲပေါ့။


" ကျမကတော့ ဘာမှအထွေအထူးမပြောချင်ပါဘူးဆရာရယ်။ အားလုံးကလည်း ငယ်မွေးခြံပေါက် ရပ်ဆွေရပ်မျိူး တွေပဲ။.ပြီးတော့ အောင်လတ်နဲ့စန်းစန်းမော်ဆိုတာကလည်း နည်းတဲ့ သံယောဇဥ်တွေမဟုတ်ဘူးလေ။သူတိူ့ချင်းကြည်ဖြူ နှစ်သက်ကြရင် ပြီးတာပါပဲ။ ကျမကတော့ သုတို့ချင်း.ယူပြီးကြရင် ရိပ်သာမှာ အနေများမှာပါပဲ "


စန်းစန်းမော်အမေက သူ့သဘောထားကို အေးအေးဆေးဆေးပြောတယ်။.စန်းစန်းမော်က သူ့သဘောထားကို ပြောတာ ရှင်းတယ် -


" သမီးက အခု သမီးသဘောထားကို ကြိုပြောမယ်။သမီးက အောင်လတ်ကို ချစ်လို့ယူမှာ၊ အကောင်း အဆိုး သမီးသိတယ်။ သမီးတိူ့ မင်္ဂလာကိစ္စကို ဦးအနေနဲ့ ဘာတစ်ခုမှအကုန်အကျခံစရာမလိုသလို ဘာငွေကြေး၊ ဘာပစ္စည်းမှလည်း လက်ဖွဲ့စရာမလိုဘူး။ ဘာမှလည်း တင်တောင်းစရာမလိုဘူး။ မိဘနေရာကနေ ရပ်တည်ပေးရင်ရပြီ။ သမီးမှာလည်း အဖေ မရှိတော့သလို အောင်လတ်မှာလည်း အမေမရှိတော့ဘူး ဆိုတော့ မိဘအနေနဲ့ မင်္ဂလာပွဲမှာ ဦးက ရပ်တည်ပေးဖို့ပဲ သမီး တောင်းဆိုချင်တယ်။ မင်္ဂလာဆောင်ကုန်ကျစရိတ်ကိုလည်း သမီးဘာသာ အကုန်ခံမယ်။ အကျယ်လည်း မချဲ့ဘူး။.ကိုယ့်အရပ်

ကိုယ့်ဇာတ် ဖြစ်ရုံလောက်ပဲ လုပ်မှာ ဦးရဲ့ "


အင်မတန်စကားကြွယ်တဲ့ အောင်လတ်အဖေ ရှေ့နေကြီးဟာ စန်းစန်းမော်ပြောသမျှကို သဘောကျပြီး ဘာတစ်ခွန်းမှ ပြန်မပြောတော့ဘူး။.ပြုံးပြုံးကြီး ခေါင်းညိတ်ခဲ့ရတယ်။ သူ့စိတ်ထဲမှာတော့ စန်းစန်းမော်ဟာ အင်မတန်

ထက်မြက်ပြီး အင်မတန် သတ္တိကောင်းတဲ့ မိန်းကလေးပဲဆိုတာ ယုံကြည်သွားတယ်။ ဒီလို ရဲရင့်တဲ့ မိန်းကလေးရဲ့လက်ထဲမှာ သူ့သား အောင်လတ် အခြေကျပြီလို့လည်း ယုံကြည်သွားတယ်။


အောင်လတ်တို့မင်္ဂလာဆောင်ကြတော့ သူတို့မင်္ဂလာဆောင်ဟာ ထင်မှတ်ထားတာထက်ပိုပြီး ဝက်ဝက်ကွဲအောင်မြင်တယ်။ လာရောက်ချီးမြှင့်ကြသူတွေများတယ်။ရပ်ကွက်ထဲကလူတွေ၊ စျေးထဲကလူတွေ၊ ကျောင်းနေဖက်သူငယ်ချင်းတွေ၊ အောင်လတ်အဖေ ရှေ့နေကြီးဖက်က မိတ်ဆွေတွေစသည်ဖြင်​့ အတော်ကိူ စည်ကားသိုက်မြိုက်တယ်။ စျေးထဲက ကိုဇော်ကြီးက သူ့စကားအတ်ုင်း သုံးသိန်း လက်ဖွဲ့တယ်။


အောင်လတ်ဟာ သူ့မင်္ဂလာဆောင်ပွဲမှာ စန်းစန်းမော်ရဲ့ သားကလေးကို ဝတ်ကောင်းစားလှလေးဝတ်ပေးပြီး ကုပ်ပေါ်တင်ထားပြီး စန်းစန်းမော်ကို လက်ကကိူင်ထားတယ်။ မြင်ကွင်းဟာ အင်မတန် လှပတယ်။


သူတို့မင်္ဂလာပွဲမှာ လက်ဖွဲ့ ပစ္စည်းတွေ၊ လက်ဖွဲ့ငွေတွေ မနည်းမနောရတယ်။ အဲဒီသတင်းကိုကြားတော့ အောင်လတ်ရဲ့ ညီမတွေက ပြောလိုက်သေးတယ် -


" မစန်းစန်းမော်က ချစ်တီးမပီပီ.ချစ်တီးတွက် တွက်ပြီး

အပီ ဇယား ချူပ်လိုက်တော့ မြတ်သွားတာပေါ့ "


အဲလိုပြောတော့ အောင်လတ်ရဲ့ ယောက်ဖတွေက နားကြားပြင်းကပ်ပြီး သူတို့မိန်းမတွေကို ပြောလိုက်တာက -


" ဘာတွေ လျှောက်ပြောနေတာလဲကွာ၊ မင်းတို့အကို အောင်လတ်ကို ဟိုက ချစ်လို့ယူတာ။ ကဲ ပြောစမ်းပါဦး၊ မင်းတို့အကို အောင်လတ်မှာ ဘာအရည်အချင်း ဘာအစွမ်းအစရှိသလဲ။ သူ့ဘက်က ဘာပါသလဲ၊ ဟိုဒင်း နဲ့ ဟိုဟာပဲ ပါတယ်။.မိန်မချင်းလည်း ကိုယ်ချင်းစာကြပါဦးဟ "


ဆက်လက် တင်ပြပါမည်


မောင်လူသစ်

၂၅. ၅. ၂၀၂၄

Keep Reading

မိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewမိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း ( 3 )Elio (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞လွမ်းသမျှ စာတင်