SarPhat Author
***ပိုက်ဆံတန်ခိုး အကျိူးပေးချက် ***
မောင်လူသစ်
ဒီတဲစုကလေးရဲ့ လမ်းကြားလေးတစ်ခုမှာ.ဦးရန်ကနားနေတယ်။ ဦးရန်ကနားက တစ်ယောက်တည်းသမား၊ သူက စျေးလေးထဲမှာ ထီးပြင်တယ်၊ဖိနပ်ချုပ်တယ်။မီးခြစ်ပြင်တယ်၊ဓါတ်မီးပြင်တယ်။
ဦးရန်ကနားက ထီးတွေ၊ဖိနပ်တွေ၊မီးခြစ်တွေ၊ ဓာတ်မီးတွေကို ပြင်ပေမဲ့ သူ့ကိုယ်သူတော့ ဘာမှမပြင်ဘူး။ဆံပင်လည်းမညှပ်သလို မုတ်ဆိတ်မွေးတွေ နှူတ်ခမ်းမွေးေံတွကိုလည်းမရိတ်ဘူး။ ရေလည်း ပုံမှန်မချိူးဘူး။
ရေသာပုံမှန်မချိူးပေမဲ့ အရက်ကတော့ ပုံမှန်သောက်တယ်။ လက်ဖက်ရည်လည်း ပုံမှန်သောက်တယ်၊ထမင်းကတော့ ပုံမှန်မစားဘူး။ ရေချိန်များသွားတဲ့နေ့ဆိုရင် ထမင်းလွတ်သွားတာများတယ်။
ဦးရန်ကနား ဆိုတာ သူ့နာမည်ရင်း ဟုတ်လား မဟုတ်ဘူးလား ဘယ်သူမှမသိသလို သူဟာ ဘယ်ဘာသာဝင်လဲ၊ဘာလူမျိူးလည်း ဘယ်သူမှရေရေရာရာ မသိဘူး။သူ့မှာ ကိုးကွယ်ရာ ဘာသာ ရှိလား၊ မရှိဘူးလားလည်းမရေရာဘူး။ ဦးရန်ကနားဟာ ဘယ်ဘာသာရေးရဲ့ အခမ်းအနားတွေ၊နေရာတွေဆီကိုသွားတာလည်းမတွေ့ရဘူး။
သို့သော် ဦးရန်ကနားက ဗမာစကားကိုတော့ မွှတ်သရွတ်လိုက်နေအောင်ပြောတတ်တယ်။ဦးရန်ကနားရဲ့ ဥပတိရုပ်ကို ပြောရရင် သူက အသက်ခြောက်ဆယ်လောက်ရှိမယ်ထင်ရတဲ့ ပိန်ပိန်ပါးပါး ကုလားအဖိုးကြီးတစ်ယောက်ပါပဲ။
ဦးရန်ကနားမှာ အိမ်ထောင်ရှိခဲ့သလား၊ဆွေမျိူး ညီအကို မောင်နှမတွေရှိခဲ့သလား၊ သားသမီးတွေ ရှိခဲ့သလားဆိုတာတွေက ဘယ်သူမှ မသိကြသလို ဘယ်သူမှလည်း စိတ်ဝင်တစားရှိကြတဲ့ ကိစ္စလည်းမဟုတ်ဘူး။
ရပ်ကွက်ကလေးကလည်း ရပ်ကွက်လို့သာ ဆိုရပေမဲ့ အိမ်အမှတ်မရှိ၊ လမ်းနာမည်မရှိတဲ့ ကျူးကျော်တဲစုကလေးပါ။ အရပ်လေးမျက်နှာက ရောက်လာကြတာဆိုတော့ ဘယ်သူတွေဟာ ဘယ်ကလာတယ်ဆိုတာ ဘယ်သူမှမသိကြသလို ဘယ်သူကမှလည်း စိတ်မဝင်စားကြပါဘူး။ သူ့ဟာသူ လာချင်တဲ့နေရာကလာ၊ သွားချင်တဲ့နေရာကိုသွား၊ဘယ်သူ့ကိစ္စမှလည်းမဟုတ်ဘူး။
အခုလည်း ဦးရန်ကနားဆိုတဲ့ ကုလားအဖိုးကြီးကိုလည်း ဘယ်သူမှ စိတ်မဝင်စားသလို ဦးရန်ကနားကလည်း သူထီးပြင်တဲ့အလုပ်နဲ့ အရက်သောက်ဖို့ကလွဲရင် ဘာကိုမှလည်း စိတ်မဝင်စားဘူး။အေးရော ။
ဦးရန်ကနားဟာ သူ့ဟာသူ တဲလေးထိုးပြီး တစ်ကိုယ်တည်းနေတယ်၊ ထမင်းချက်မစားဘူး။ စျေးထဲကဆိုင်မှာ မနက်စာစားတယ်၊ညနေစာကို အရက်ဆိုင်နားက လမ်းဘေးဆိုင်မှာ စားတဲ့အခါစားတယ်၊ ရေချိန်များသွားရင် ထမင်းမစားတော့ဘူး။
ဦးရန်ကနားတဲကလေးရဲ့ ရှေ့မျက်နှာချင်းဆိုင်က တဲကလေးမှာ တစ်ကိုယ်တော် စံမြန်းနေထိုင်တာက ဒေါ်ပဲလှော် လို့အများကခေါ်ကြတဲ့ အသက် ခြောက်ဆယ်လောက် အဖွားကြီးပါ။
ဒေါ်ပဲလှော်က မည်းခြောက်ပိန်ကပ်ပြားချပ် ပိန်လှီနေပေမဲ့ သွားတာလာတာ.အတော်ကလေး ပေါ့ပါးသွက်လက်တယ်။ ဆံပင်တွေဖြူနေပေမဲ့ မျက်စိ နား ကောင်းတယ်။ သူက အနှိပ်သည်လုပ်တယ်။ မနှိပ်ရတဲ့ ရက်တွေမှာ.လမ်းတကာသွားပြီး ဗာဒံသီးကောက်တယ်။ ရလာတဲ့ ဗာဒံသီးတွေကို ဗာဒံသီးထုရောင်းတဲ့စျေးသည်ဆီမှာ သွင်းတယ်။
ဒေါ်ပဲလှော်က ငယ်ငယ်က အိမ်ထောင်ရှိခဲ့သလား။သားသမီးတွေ၊ဆွေမျိုးတွေ၊ မောင်နှမတွေရှိသလား၊သူဘယ်ကလာလဲ ဘယ်သူမှမသိသလို ဒီအဖွားကြီးကိစ္စကို ဘယ်သူမှ လည်း စိတ်ဝင်စားတာမဟုတ်ဘူး။
ဒေါ်ပဲလှော်ကလည်း ထမင်းချက်မစားဘူး။ကြုံရာစားတယ်။ သူက အတော်ကလေး မာပုံလည်းရတယ်၊ အဖွားကြီးပေမဲ့ တစ်ခါမှနေထိုင်မကောင်းဖြစ်တယ်ဆိုတာမရှိဘူး။ ဒီကြားထဲ ဒေါ်ပဲလှော်က ညနေဆိုရင် အရက်ဖြူတစ်ပိုင်းမော့သေးတယ်။သူ့ဟာသူ ဆိုင်ကနေဝယ်လာပြီး
သူ့တဲကလေးထဲမှာမော့တယ်၊ ပြီးရင် ဝယ်လာတဲ့ထမင်းကိုစားပြီး တစ်ချိူးတည်းအိပ်သွားတာ မိုးလင်းမှနိုးတယ်။
ဒီတဲစုကလေးမှာက နယ်တကာ ရပ်တကာက အောက်ခြေနင်းပြား ဆင်းရဲသားတို့ထိပ်ခေါင်၊ ဖွတ်ကြားတကာတို့ရဲ့ဆရာ့ဆရာ၊ ခရုဆံကျွတ်တို့ရဲ့ အဓိပတိ၊လိပ်ပက်လက်လန်တို့ရဲ့ ဂုရု၊ ငမွဲငပြာတို့ရဲ့ စံပြုပုဂ္ဂိုလ်တွေ လာရောက်စုဝေးနေကြတယ်ဆိုတော့ အားလုံးဟာ မသေထမင်းကလေးကိုစားရဖို့အရေး မိုးလင်းမိုးချူပ် ကြက်ယက်သလို ပင်ပန်းကြီးစွာ ရှာဖွေစားသောက် ခေါင်းမီးတောက်နေကြရတော့ကာ ဘယ်သူ့ ဘယ်သူကိုမှ ဘယ်သူကမှ စိတ်ဝင်စားဖို့အချိန်မရကြဘူး။
တစ်နေကုန် တစ်နေခန်း ကလေး လူကြီး အားလုံး ဟာ ပရိယေသနဝမ်းစာရေးအတွက် နေပူစပ်ခါး ပြေးလွှားရှာဖွေနေကြရပြီး မသေထမင်း မသေဟင်းလေးတွေကို မဝရေစာ စားပြီးရင် မောပန်းနွမ်းနယ်စွာနဲ့ ခြေပစ်လက်ပစ် အိပ်မောကျသွားကြတာ မနက်မိုးလင်းလို့ သေးပေါက်ချင်လွန်းမက ပေါက်ချင်လာမှ အိပ်ယာက နိုးတတ်ကြတယ်။
သူတို့နေထိုင်ရာ အိမ်ဂေဟာတဲနန်းတွေကလည်း ကြုံရာ ရရာ တာလပတ်စ၊ ပလပ်စတစ်စ၊ ကတ္ထူစက္ကူစ၊သွပ်ပြားစလေးတွေနဲ့ မိုးကာထားကြပြီး ကြုံသလို ခင်းထားကြရတာမျိူးရယ်၊ ပြတင်းပေါက်မရှိ၊ အိမ်တံခါးမရှိ၊ ရှိစရာလည်းမလို၊ မနက်မိုးလင်းရင် ဒီအတိုင်းထားခဲ့ရုံပဲ။
သူခိုးခိုးစရာ ဘာမှမရှိ၊ သူများယူသွားစရာ ဘာမှမရှိ။ ပကတိ အပူအပင်ကင်း နောက်ဆံတင်းစရာ မလိုတဲ့ဘဝ။ချမ်းသာစွ။
အမျိူးသားတွေကလည်း နေလောင်မည်းခြောက်၊ ကွမ်းချေးလက်လေးသစ်၊ ဆံပင်နီကြောင်၊ ကိုယ်ရောင်မရှိ၊ပကတိရုပ်သွင်က လောကဓံ ထုထောင်းထားလို့ ရှိရင်းစွဲအသက်ထက် ပိုပြီး အိုမင်းရင့်ယော်နေကြတယ်။ချောင်းတဟွတ်ဟွတ် ဆိုးသူက ဆိုးနေကြသေးတယ်။ ဆေးလိပ်နံ့၊ကွမ်းနံ့၊ အရက်နံ့၊ နေလောင်နံ့ ထောင်းထောင်းထပြီး
မြင်ရသူ ဣတ္ထိယအပေါင်းက စွဲလမ်းမက်မောစရာပေါ့။
အမျိုးသမီးတွေကလည်း ပိန်ချပ်ပြားကပ်၊ လိပ်ခါးဖားဖင်၊ ပါးရိုးငေါငေါ၊ ချေးလက်လေးသစ်၊သန်းထူလဗျစ်၊ မျက်ချေးဗလပျစ်၊ သွားချေးထူထူ၊ ဗိုက်ပူနံကား၊ နို့သီးဗောက်ဘက်၊
နားပေါက်ဟောင်းလောင်း၊ကလေးတွဲလောင်း၊ အနံ့ တထောင်းထောင်းနဲ့ မြင်ရသူပုရိသအပေါင်းက နှာခေါင်းမီးတောက် ငေါက်ကနဲထ ပပဝတီ ဥမ္မာဒန္တီ ဘရဏီနတ်သမီးအလား ထင်မှားယောင်ရမ်း စွဲလမ်းမက်မောသွားစေလောက်တယ်။
သူတို့လို မိဘနှစ်ပါး နှစ်ပြားရွှေဂဟေဆက် ပေါင်းဖက်ပြီး မီးရှူးသန့်စင် ဖွားမြင်တော်မူကြတဲ့ ဘုစုခရု ကြီးစဥ်ငယ်လိုက် သားလှရတနာ သမီးလှရတနာ အပေါင်းတို့ကလည်း ဖင်ရှူးခေါင်းကား၊ နံကား ဗိုက်ပူ၊ ဖင်ကဟောင်းလောင်း၊ ချေးလက်လေးသစ်၊ အီးကပေကျံ၊ သေးနံ့ နံစော်၊ ကိုယ်ပေါ်ဝဲပေါက်၊ ဟောက်ပက်မျက်တွင်းနဲ့ မြင်ရသူတိုင်း ရှူမဝ ချစ်မဝစရာ ရုပ်ဆင်းအင်္ဂါ ပြည့်စုံစွာပေါ့။
အဲသလို ဤလောကမြေမဟီရဲ့ နိုင်ငံကြီးဖွား မဟာလူသားတို့စုဝေးစံမြန်းရာ ဒီတဲစုကလေးမှာက အဖေမရှိတဲ့ကလေး၊အမေမရှိတဲ့ကလေးတွေကလည်း ရှိသေး၊ လင်ပစ်မိန်းမ၊ မယားပစ်လင်တွေကလည်းရှိသေး၊ လင်ယူ မယားယူ လင်ကွာ မယားကွာကိစ္စက ထမင်းစားရေသောက် ပိုက်ဆံတစ်ကျပ် ကျပျောက်သလောက်တောင် အရေးမကြီးပါဘူး။ အဆင်ကို ပြေလို့။
အခုလို နေအိမ်တိုက်တာကို မီးလောင်မှာမပူရ၊ သူခိုးခိုးမှာကိုမပူရ၊ ဓားပြတိုက်မှာကို မပူရ၊ အနုကြမ်းစီးမှာကိုမပူရ၊ သွားချင်ရာသွား နောက်ဆံမတင်းရတဲ့ ပကတိသုခ. လွတ်မြောက်ငြိမ်းချမ်းလှစွာသော ဤလူသားတို့ အစုအဝေးကလေးမှာဆိုရင်တော့ ဦးရန်ကနားနဲ့ ဒေါ်ပဲလှော်တို့က သူများထက်တောင်ပိုပြီး ငြိမ်းချမ်းလွတ်မြောက်ကြသေးတယ်။
သူတို့မှာ သားပူ သမီးပူ လင်ပူ မယားပူဆိုတာမရှိ၊ ဥစ္စာပစ္စည်းအတွက်လည်းပူစရာမရှိ၊ ညနေဘက်ကျရင် အရက်ဖြူကလေး တစ်ပိုင်းစီမော့ပြီး ဇရက်မင်းစည်းစိမ်နဲ့ စက်တော်ခေါ်နိုင်ကြတယ်။ နေ့လည် နေ့ခင်းလည်း ကိုယ့်ရဲ့ တဲနန်းဂေဟာမှာ.တရေးတမော ခရော ခရောအိပ်စက်အနားယူနိုင်ကြသေးတယ်။
သူများတွေက တော်ရုံတန်ရုံနဲ့ နေ့ခင်းနေ့လည် တရေးတမော ခရော ခရော လုပ်နိုင်ကြတာမဟုတ်ဖူး။ အားလုံးလိုလိုဟာ ကိုယ့်သန်ရာသန်ရာ ပလုံကောက်သူကောက်၊
သဲထမ်း ကျောက်ထမ်းသူထမ်း၊ အမှိုက်ပုံမွှေသူမွှေ၊ လမ်းဘေးရေမြောင်းက ကန်ဇွန်းရွက်၊ကနဖော့ရွက်ခူးသူကခူး၊ ဘုန်းကြီးကျောင်းက ဆွမ်းကျန်ဟင်းကျန် စွန့်ပြီးဝေမဲ့အချိန် သွားတန်းစီတဲ့လူကစီ နဲ့ကိုယ်စီကိုယ်စီ အလုပ်အားကြတာမဟုတ်ဖူးရယ်။
သူများတကာတွေ နေ့လည်နေ့ခင်း တရေးတမော မခရောနိုင်တဲ့ အချိန်မှာ အမျိူးကောင်းသားကြီး ဦးရန်ကနားက သူ့ရဲ့စံအိမ်တော်မှာ တရေးတမော စက်တော်ခေါ် ခရောနိုင်သလို အမျိူးကောင်းသမီးကြီး ဒေါ်ပဲလှော်ကလည်း သူများတကာတွေ နေ့လည်နေ့ခင်း တရေးတမော မခရောနိုင်တဲ့အချိန်မှာ သူ့ရဲ့စံတော်နန်းမှာ တရေးတမော ခရောနိုင်တော်မူနိုင်တယ်။
အခုဇာတ်လမ်းက ဦးရန်ကနားနဲ့ဒေါ်ပဲလှော်တို့ နှစ်ယောက် အခုလို မိမိရဲ့စံအိမ်တော်မြနန်းမှာ နေ့လည်နေ့ခင်း တရေးတမောစီ ခရောန်ုင်ကြရာကနေစတင်လာခဲ့တယ်လို့ ဆိုရမယ်။
ဒေါ်ပဲလှော်ရဲ့တဲနဲ့ ဦးရန်ကနား ရဲ့တဲက မျက်နှာချင်းဆိုင်နေပြီး အကွာအဝေးက ခုနှစ်ပေ၊ရှစ်ပေလောက်ပဲရှိတယ်။ တံခါး ဘာညာလည်းမရှိတော့ နေ့လည်ဆိုရင် တလှမ်းမြင်နေရတယ်။ နီးနီးလေးပဲလေ။
တနေ့ မှာ ဒေါ်ပဲလှော်က မနက်ကအလှူရှိတဲ့ ဘုန်းကြီးကျောင်းထဲဝင်ပြီး ဝက်သားဆီပြန်၊ငါးမြစ်ချင်းပေါင်းနဲ့ ကြုံတောင်ကြုံခဲ ဗိုက်ကားအောင် ပွဲတော်တည်ခဲ့ပြီး နေ့လည်နေ့ခင်း သူ့ရဲ့စံအိမ်တော်မှာ ဗိုက်လေးလေးနဲ့တရေးတမော ခရောနေပြီး သေးပေါက်ချင်တာနဲ့ အိပ်ယာကနိုးလာတယ်။ ပြီးတော့ သေးသွားပေါက်လိုက်ပြီး ပြန်လာတယ်။ ရေတစ်ခွက်သောက်ပြီး တရေးပြန်နှပ်မယ်အလုပ်မှာ ဟေး ကနဲ ဦးရန်ကနားရဲ့ အော်သံကိုကြားလိုက်ရတယ်။
ဘာပါလိမ့်ဆိုပြီး ဦးရန်ကနားရဲ့တဲကို ကြည့်လိုက်တော့ ဦးရန်ကနားဟာ ထီလက်မှတ်တစ်စောင်နဲ့ ထီပေါက်စဥ်တစ်စောင်ကိုကိုင်ပြီး ထီတိုက်နေရင်း ဝမ်းသာအားရနဲ့အော်လိုက်တာကို လှမ်းမြင်လိုက်ရတယ်။ ထီပေါက်လို့ ဝမ်းသာအားရအော်လိုက်တာ။ ကြည့်နေရင်းတန်းလန်းက ဦးရန်ကနားဟာ တဆတ်ဆတ်တုန်လာပြီး ပက်လက်လန်လဲကျသွားတယ်၊ မျက်ဖြူကြီးလန်ပြီး တခွီးခွီးတက်နေတယ်။ တအောင့်ကြာတော့ ငြိမ်ကျသွားတယ်။
ချက်ဆို နားခွက်ကမီးတောက်တဲ့ ဒေါ်ပဲလှော်ဟာ ဦးရန်ကနား ထီပေါက်ပြီး.ဝမ်းသာလုံးဆို့ပြီး နှလုံးသွေးရပ်သွားပြီဆိုတာ သိလိုက်ရတယ်။ အနားအနီးမှာလည်း ဘယ်သူမှ သိပ်ရှိတာမဟုတ်ဖူး။.ခပ်လှမ်းလှမ်းမဗာ ကလေးတွေဆော့နေကြတာပဲရှိတယ်။.ဒေါ်ပဲလှော်ဟာ လေလိုဲလျင်မြန်မှုမျိူးနဲ့ သူ့တဲပေါ်ကနေ ခုန်ပျံကျော်လွှာ့းပြီး ဦးရန်ကနားတဲပေါ်ရောက်သွားတယ်။ ထီလက်မှတ်နဲ့ ထီပေါက်စဥ်ကို ချက်ချင်းကောက်ယူပြီး သူ့ချွေးခံထဲကို ထိုးထည့်လိုက်တယ်၊ လက်စဖျောက်လိုက်တယ်။
ပြီးတော့ ဒေါ်ပဲလှော်ဟာ ဦးရန်ကနားရဲ့ အသက်မရှိတော့တဲ့လတ်လတ်ဆတ်ဆတ် အလောင်းကောင်ကြီးကို ပွေ့ယူလိုက်ပြီး ရင်ခွင်ထဲထည့်ပြီး အော်ကြီးဟစ်ကျယ် ငိုချလိုက်တော့တယ်။
" အောင်မယ်လေး ကိုရန်ကနားရဲ့ အခုသီတင်းကျွတ်ရင် ယူတော့မယ်ဆိူပြီး အခုတော့ မိပဲလှော်ကို တစ်ယောက်တည်းထားခဲ့ပြီပေါ့ ကိုရန်ကနားရဲ့၊ မိပဲလှော် ဘယ်လိုဖြေရမှာလဲ၊ ဟီး ဟီး ဟီး ဟီး ဟင့် ဟင့်
ဟင့် ရွတ် ဟီး ဟီး ဟီး "
ဒေါ်ပဲလှော်ရဲ့ ခုနှစ်သံချီကြောင့် ဘေးဘယ်ညာက ရှိတဲ့ ကလေးတွေ၊ လူကြီးအချိူ့ စုဝေးရောက်လာကြတယ်။
ဒေါ်ပဲလှော်က. သူနဲ့ ဦးရန်ကနား လူမသိသူမသိမေတ္တာမျှနေကြတာ တစ်နှစ်ကျော်ပြီဆိုတဲ့အကြောင်း၊ အခု သီတင်းကျွတ်ရင် လူသိရှင်ကြား ယူကြတော့မယ်လို့ တိုင်ပင်ထားခါမှ အခုတော့ ရန်ကနားတစ်ယောက် ကောက်ခါငင်ခါ သေသွားရတဲ့အကြောင်း နှပ်ရည်တရွှဲရွှဲ မျက်ရည်တတွေတွေနဲ့ လာသမျှလူတွေကို ဇာတ့်စုံခင်းပြီး ငိုပြနေတော့ကာ လူတွေကလည်း ငိုရမလို ရယ်ရမလိုနဲ့ ၊ ဒေါ်ပဲလှော်ကို သနားရတော့မလိုလိုနဲ့ ၊ အဲသလိုနဲ့ ဒေါ်ပဲလှော်ရဲ့ အရေးပေါ်ချစ်သူ ဦးရန်ကနားအလောင်းလည်း အရပ်ကောင်းမှူနဲ့မြေကျရတယ်။ ဖဲဝိုင်းလေးလုပ်ပြီး ရတဲ့အကောက်ပိုက်ဆံကို ဒေါ်ပဲလှော်ကို အပ်ကြရတယ်။
ဦးရန်ကနားနာရေးပြီးတော့ ဒေါ်ပဲလှော်တစ်ယောက် အဲဒီနေရာကနေ ပျောက်ချင်းမလှပျောက်သွားလိုက်တာ အရိပ်အယောင်တောင်ရှာမတွေ့တော့ဘူး။
အမြင့်ဆုံး အောင်ဘာလေထီဆုကြီးကို မမျှော်လင့်ပဲ အပိုင်ရသွားတဲ့ ဒေါ်ပဲလှော်တစ်ယောက် ဦးရန်ကနားကို သတိမှရပါလေစ။
ပိုက်ဆံရဲ့ တန်ခိုးစွမ်းအင်ကြောင့် ဦးရန်ကနားတစ်ယောက် အသက်ထွက်ပြီး အသုဘအလောင်းကောင်ဘဝရောက်တာတောင် ချစ်သူရသွားသေးတယ်။နိပ်ဟ
တမလွန်ကနေ စိတ်ကူးနဲ့ကြည်နူးနေပြီလား၊ ဒေါသအမျက် ချောင်းချောင်းထွက်ပြီး ဒေါ်ပဲလှော်ကို ကလော်တုတ်နေလေမလားတော့ မသိနိုင်ဘူးရယ်။။
မောင်လူသစ်
၁၅. ၆. ၂၀၂၃
Keep Reading