Author's Profile Photo

Yara

27/06/2024

လေးလံစေသော ခြေလှမ်းများ...

1 min read
Life Style
Personal Development
Poetry
လေးလံစေသော ခြေလှမ်းများ...'s photo

အရင်ကဆို...ကျွန်မက ဂျစ်ကန်ကန် ကောင်မလေးပေါ့။ပြန်မပြော နားမထောင်...ကိုယ်မှန်တယ်ထင်ရင် မိဘကိုတောင် ခပ်စိမ်းစိမ်းပြန်ကြည့်တတ်သေးတာ။

အရင်ကဆို...ကျွန်မက ဇွဲတအားကောင်းတဲ့ ‌သူပေါ့။
စာတစ်ပုဒ်ကို မရမချင်း... နေရာက မထပဲ စိတ်အားထက်သန်တဲ့ hyper မလေးလေ။

အရင်ကဆို...ကျွန်မက အရှက်အကြောက်ကြီးသူပေါ့။
လူရှေ့သူရှေ့... ကိုယ့်နာမည်ကိုယ် မိတ်ဆက်ရမှာတောင် ရှက်တတ်တာ... နောက်ပြီး လျှပ်စီးလက်ရင်လည်း နေစရာမရှိဘူး မိုးခြိမ်းသံကို သရဲထက်ကြောက်တတ်‌သေးတာ။

အရင်ကဆို... ကျွန်မက ရည်မှန်းချက်အပြည့်နဲ့ စိတ်အားထက်သန်သူပေါ့။ အနာဂတ်မှာ စောင့်နေတဲ့ အမေအဖေတို့အတွက် ပြည့်စုံတဲ့ အိမ်လေး အကြောင်းတွေးမိရင်း ပီတိဖြစ်လွန်းလို့... ဖြစ်ချင်တာကို တွန်းလုပ်ခဲ့တာပေါ့။

အရင်ကဆို... ကျွန်မက မျှော်လင့်ချက် အိပ်မက်တွေဆီ အရောက်‌သွားချင်တဲ့သူပေါ့။ ဘယ်လောက်ဝေးတဲ့ ခရီးဖြစ်ဖြစ် တစ်နေ့ငါရောက်မှာပဲဆိုတဲ့စိတ်နဲ့... မသိနားမလည် မရှိရလေအောင် အကုန်လေ့လာနေခဲ့တာ။

အရင်ကဆို... ကျွန်မက လူမှုဆက်ဆံရေး ကောင်းပြီး သူတစ်ပါးအပေါ် နားလည်ပေးတတ်သူပေါ့။ ဖြည့်တွေးပေးတတ်လွန်းလို့တောင် လူတကာက အကြည်ဓာတ်လေးလို့ အပြောခံခဲ့ဖူးတာပေါ့။

ဒါပေမဲ့... မမြဲခြင်းသဘောတရားအရ ကျွန်မလည်း ပြောင်းလဲလာခဲ့ပါပြီ...။

အရင်လို ဂျစ်ကန်ကန်နဲ့ ခပ်စိမ်းစိမ်းကြည့်တတ်ဖို့ နေနေသာသာ စကားနည်း...ရန်စဲ ဆိုသလို နှုတ်ဆိတ်နေတတ်ပြီ။

အရင်လို ဇွဲကောင်းတဲ့ hyper မလေးဖြစ်ဖို့ နေနေသာသာ Education နေရာမှာ တစ်ခုခုဖြည့်ရေးဖို့တောင် တွေဝေနေရပြီ။

အရင်လို အရှက်အကြောက်ကြီးသူဖြစ်ဖို့ နေနေသာသာ သဘောမတွေ့တိုင်း ထထအော်တတ်လို့ မနည်းအရှိန်သတ်ထားရသလို သရဲတွေ မိုးကြိုးတွေထက် လူအချင်းချင်းက ပိုကြောက်ဖို့ကောင်းမှန်းသိလာခဲ့တယ်။

အရင်လို ရည်မှန်းချက်ကြီးသူဖြစ်ဖို့ နေနေသာသာ စိတ်ကူးနဲ့တွေးထားသမျှ ဘာမှ လက်တွေ့အကောင်အထည်မဖော်မိသေးလို့ ကိုယ့်ကိုကိုယ်တောင် ရှက်မိတယ်။

အရင်လို မျှော်လင့်ချက်အိမ်မက်တွေဆီ အရောက်သွားဖို့နေနေသာသာ မနက်တိုင်း အလုပ်မီအောင်တောင် မနည်းအသက်လုပြေးနေရတယ်။

အရင်လို လူမှုဆက်ဆံရေး ကောင်းဖို့နေနေသာသာ ကိုယ့်ဘက်က စပြီး နှုတ်မဆက်ဖြစ်တာတောင်ကြာလှပြီ။ အခုတော့ ပြဿနာမဖြစ်ပဲ ခပ်တန်းတန်း ဆက်ဆံရေးတွေဖြစ်ကုန်လို့ ဘယ်မှာလဲ အကြည်ဓာတ်...။

ဪ... ဘာလိုလိုနဲ့ ခြေလှမ်းတွေ ရှေ့ကိုမလှမ်းမိဘဲနေရာမှာပဲ ရပ်တန့်နေတာ ဘယ်‌လောက်ကြာခဲ့ပြီလဲ....။ တစ်ခါတစ်ရံ ရပ်တန့်ရုံအားမရလို့ နောက်ပြန်တောင် လမ်းလျှောက်နေမိသေးတာ ....။

#ကျွန်မသိတဲ့ ကျွန်မ
#Yara
27.6.2024

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)