အက္ခရာ - Haruki
တစ်ခါတုန်းက တောင်ကုန်းတစ်ခုမှာ သိမ်းငှက်တစ်ကောင်ရှိသတဲ့။ အဲဒီတောင်ကုန်းရဲ့ အခြေမှာတော့ ညောင်ပင်ကြီးတစ်ပင်ရှိပါတယ်။ အဲဒီညောင်ပင်မှာလည်း ကျီးကန်းတစ်ကောင်နေပါတယ်။
ဖြစ်ချင်တော့ အဲဒီကျီးကန်းဟာ သူ့ကိုယ်သူ သိပ်ကိုအထင်ကြီးသတဲ့။ သူများလုပ်သမျှ အရာတိုင်းကိုလည်း သူလိုက်လုပ်နိုင်တယ်လို့ အမြဲတွေးပါတယ်။ တကယ်တမ်းတော့ ဒါဟာ သူ့ရဲ့ရူးသွပ်မှုမှန်း သူမသိရှာပါဘူး။
အထူးသဖြင့် သူက တောင်ကုန်းထိပ်မှာနေတဲ့ သိမ်းငှက်ကို ပြိုင်ချင်နေပါတယ်။ သိမ်းငှက်လုပ်သမျှကိုလည်း သူလုပ်နိုင်တယ်ဆိုပြီး စိတ်ကြီးဝင်နေတာပေါ့။
ဒါနဲ့ သူလည်း သိမ်းငှက်လှုပ်ရှားသမျှကို အမြဲ လေ့လာပါတော့တယ်။ သိမ်းငှက်ကလည်း မနက်မိုးလင်းတာနဲ့ ကောင်းကင်ကိုပျံတက်သွားပြီး လေထဲမှာ နာရီနဲ့ချီအောင် ဝေ့ဝဲပျံသန်းရင်း သူ့ရဲ့စူးရှတဲ့ မျက်လုံးတွေနဲ့ သားကောင်ကိုရှာတာပေါ့။
တွေ့ရင် သားကောင်ကို လျင်မြန်စွာနဲ့ တစ်ဟုန်ထိုး သုတ်ချီတော့တာပါပဲ။ ဒါကို သိသွားတဲ့ ကျီးကန်းက ခပ်ပြုံးပြုံးနဲ့ ပြောလိုက်ပါတယ်။
“ဟားဟား... ခင်ဗျား လုပ်တာကလည်း လွယ်လိုက်တာ။ ကျုပ်လည်း အဲဒီလောက်တော့ လုပ်နိုင်ပါတယ်။ ခင်ဗျားစောင့်ကြည့်” တဲ့လေ။ ဒီအခါ သိမ်းငှက်က ဘာမှပြန်မပြောပါဘူး။
ဖြစ်ချင်တော့ နောက်ရက်တွေမှာလည်း ဒီအတိုင်းပါပဲ။ ကျီးကန်းဟာ သိမ်းငှက်လုပ်သမျှကို လိုက်ကြည့်ပြီး အတုခိုးပါတယ်။ ပြီးရင် သူလုပ်ပြမယ်လို့လည်း တွေးထားသတဲ့။
အဲ... တစ်နေ့မှာတော့ သိမ်းငှက်ဟာ ကောင်းကင်မှာ ဝေ့ဝဲပျံသန်းရင်း သားကောင်ရှာနေတုန်း ချုံစပ်တစ်ခုမှာ ယုန်လေးတစ်ကောင်ကို မြင်လိုက်ပါတော့တယ်။ ဒါနဲ့ သူလည်းထုံးစံအတိုင်း ကောင်းကင်ကနေ တစ်ဟုန်ထိုးသုတ်ချီလိုက်တော့တာပေါ့။
ယုန်ကလေးဟာ သိမ်းငှက်ရဲ့ ခြေထောက်နှစ်ဖက်ကြားမှာ စွေ့ခနဲပါလာတော့တာပေါ့။ ဒါကိုမြင်တော့ ကျီးကန်းကပြောတယ်။ “ဟင်း... လွယ်လိုက်တာ။ အခွင့်ကြုံရင် ငါလည်းလုပ်ပြလိုက်ဦးမယ်” တဲ့။
နောက်တော့ သူလည်း တကယ်ပဲအခွင့်ကြုံပါတော့တယ်။ အဲဒါကတော့ တောင်ခြေမှာ ကြွက်တစ်ကောင်ဖြတ်ပြေးတာကို မြင်လိုက်ခြင်းပါပဲ။ အဲဒီတော့ သူလည်းအချိန်မဆွဲဘဲ ကြွက်ဖမ်းတော့တာပေါ့။
ဒါပေမယ့် သူကကြွက်ကို သူ့နည်းသူ့ဟန်နဲ့ ရိုးရိုးမဖမ်းဘူး။ သိမ်းငှက်လို အမြင့်ကို ပျံတက်သွားပြီးမှ ကောင်းကင်ကနေ တစ်ဟုန်ထိုးပြန်ဆင်းပြီး အင်နဲ့အားနဲ့ ဖမ်းလိုက်ပါတော့တယ်။
ဒါပေမယ့် ကြွက်ကိုတော့မမိပါဘူး။ သူဟာ အရှိန်လွန်ပြီး တောင်ကုန်းအခြေမှာရှိတဲ့ ကျောက်ဆောင်နဲ့ တိုက်မိပါလေရော။ ကျီးကန်းခမျာ ကြွက်မရတဲ့အပြင် ဒဏ်ရာတွေပါရကုန်ပါတော့တယ်။ အဲဒီတော့မှာ သိမ်းငှက်က ကျီးကန်းကို ပြောလိုက်ပါလေရဲ့။
“မင်းနဲ့ငါက ငှက်ချင်းတူပေမယ့် သဘာဝချင်းမတူဘူး။ ငါတို့အားလုံးမှာ သဘာဝတရားက ပေးထားတဲ့ မတူညီတဲ့ စွမ်းအင်တွေ ရှိကြတယ်။ အဲဒါတွေကို အသုံးချပြီး ကိုယ့်ဘဝကိုယ် တည်ဆောက်ရမှာ။ အချင်းချင်း ပြိုင်နေစရာ မလိုပါဘူးကွာ” တဲ့။
ကျွန်တော်အနှစ်သက်ဆုံးစကားလေးပါပဲ။ ကျွန်တော်တို့ဘဝတွေမှာလည်း တချို့လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မသိမသာဖြစ်ဖြစ်၊ သိသိသာသာ ဖြစ်ဖြစ်ပြိုင်နေကြတာပါပဲ။
တကယ်က တစ်ဦးနဲ့တစ်ဦးဟာ ပြိုင်စရာမလိုပါဘူး။ သူ့ဘဝနဲ့ ကိုယ့်ဘဝဟာ တူကြတာမှ မဟုတ်ပဲ။ နောက်ပြီး အဲဒီလိုပြိုင်ကြတဲ့အခါ စိတ်မထားတတ်ရင် ကိုယ့်ဆီမှာ အကုသိုလ်၊ ပူလောင်မှုတွေတောင် ဖြစ်ပါသေးတယ်။ ပြီးတော့ အဲဒီလို တခြားလူကို ပြိုင်တာဟာ ကိုယ့်ရဲ့ဉာဏ်ရည်နိမ့်ပါးမှုကို ဖွင့်ချလိုက်တာနဲ့ အတူတူပါပဲ။
တကယ်တမ်းက မဖြစ်မနေ ပြိုင်ဆိုင်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်သာ ပြိုင်ရမှာပါ။ မနေ့က ကိုယ်နဲ့ ဒီကနေ့ကိုယ်မှာ ဘယ် ပိုသာသလဲဆိုတာမျိုးပေါ့။ ဒါဆို လူဟာ တိုးတက်လာမှာ သေချာ ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ တစ်ပါးသူနဲ့ သွားပြိုင်နေရင်တော့ တိုးတက်ခြင်းဆိုတာထက်၊ တခြားဆိုးကျိုးတွေကိုသာ ရလာမှာသေချာပါတယ်။
ကျွန်တော်တို့လူသားတိုင်းတစ်ယောက်ချင်းစီမှာ မတူညီတဲ့ အစွမ်းအစတွေလည်း ရှိတတ်ကြပါတယ်။ ဒါတွေကို ဘယ်လိုမျိုး အကောင်းဆုံး အသုံးချပြီး ကိုယ့်ဘဝ၊ ကိုယ့်အနာဂတ်ကို တည်ဆောက်မလဲဆိုတာကိုသာ စဉ်းစားထားသင့်ပါတယ်။
ဒါဆို ကျွန်တော်တို့အားလုံး နေထိုင်ရှင်သန်ရတာ အဆင်ပြေမှာပါ။
ဒါကြောင့် ကိုယ့်ဘဝကို
အအောင်မြင်ဆုံးတည်ဆောက်ချင်ရင်
တစ်ပါးသူကိုကြည့်ပြီး လိုက်မပြိုင်နေပါနဲ့။
ကိုယ့်အစွမ်းအစနဲ့သာ
ရှေ့ကို အကောင်းဆုံးဆက်လျှောက်ပါ။
စာဖတ်သူလေး သေချာပေါက် အောင်မြင်ပါလိမ့်မယ်။
နွေဦးအက္ခရာ ( June 27, 2024 . 1:08 PM )
Keep Reading