အက္ခရာ - Haruki
လောကမှာ မအောင်မြင်ချင်တဲ့သူမရှိလောက်ဘူးလို့ ကျွန်တော်ထင်တယ်။ လူတိုင်း အောင်မြင်ချင်ကြတယ်။
ဒါပေမယ့် "အောင်မြင်မှု" ဆိုတာ လွယ်လွယ်ဖြစ်တည်လာတာတော့ မဟုတ်ပါဘူး။ သူ့မှာ ပေးဆပ်မှုတွေ၊ ကျရှုံးမှုတွေ၊ အခက်အခဲတွေ၊ ရင်းနှီးမြှုပ်နှံရမှုတွေ ရှိပါတယ်။
အောင်မြင်မှုကိုရောက်အောင်ကြိုးစားတာဟာ အဆောက်အဦးတစ်ခုတည်ဆောက်တာနဲ့တူတယ်။ ဘာကြောင့်လဲဆိုတော့ အောက်ခြေဖောင်ဒေးရှင်းခိုင်ခံ့မှ အဆောက်အဦးတွေတည်တံ့သလို၊ အောင်မြင်မှုမှာလည်း အောက်သက်ကျေမှုတွေ အများကြီးလိုလို့ပါ။
အမြဲကြိုးစားနေပေမယ့် မအောင်မြင်သေးလို့ စိတ်ဓာတ်ကျနေရင် ကျွန်တော်ပုံပြင်လေးတစ်ပုဒ်နဲ့ အားပေးပါမယ်။
တစ်ခါတုန်းက အင်မတန် အလုပ်ကြိုးစားပြီး ဇွဲလုံ့လရှိတဲ့ လူတစ်ယောက်ဟာ စိတ်ဓာတ်တွေ အကြီးအကျယ်ကျနေသတဲ့ခင်ဗျာ...။ အကြောင်းကတော့ သူဟာ ဘာလုပ်လုပ် အဆင်မပြေဖြစ်နေလို့ပါပဲ။ ဒါနဲ့ နောက်ဆုံးမှာတော့ သူဟာ အရာရာကို စွန့်လွှတ်ပြီး တောအုပ်တစ်ခုထဲကို ထွက်သွားလိုက်ပါတော့တယ်။
ဖြစ်ချင်တော့ အဲဒီတောအုပ်ထဲမှာ ရသေ့ကြီးတစ်ပါးနဲ့ သွားတွေ့သတဲ့။ ဒါနဲ့ သူလည်း ရသေ့ကြီးကို သူ့အလုပ်တွေ အဆင်မပြေတဲ့အကြောင်း ပြောပြမိတာပေါ့။
ဒီအခါ ရသေ့ကြီးက သူ့ကျောင်းသင်္ခမ်းနားကို ခေါ်သွားပြီး ဖန်းပင်လို့ လူသိများတဲ့ ကျောက်ခက်ပန်းပင်နဲ့ ဝါးပင်ကြီးကို လက်ညှိုးညွှန်ပြလိုက်ပြီး စကားစပြောလိုက်ပါတယ်။
“ဟိုဖန်းပင် နဲ့ ဝါးပင်ကို တွေ့သလား”
“တွေ့ပါတယ် ရသေ့ကြီး”
“အေး…. အဲဒီနှစ်ပင်ရဲ့ မျိုးစေ့တွေကို ငါက တစ်ပြိုင်တည်း စိုက်ခဲ့တာကွဲ့။ ဖန်းပင်ကတော့ ရက်အနည်းငယ်အကြာမှာပဲ အပင်ဖြစ်လာတယ်။ ဒါပေမယ့် ဝါးပင်ကတော့ တော်တော်နဲ့ အပင်ဖြစ်မလာဘူး။
ဒါပေမယ့် ငါစိတ်မပျက်ခဲ့ဘူး။ ဝါးပင်ကို ဖန်းပင်နဲ့အတူတူ ရေဆက်လောင်းပေးတယ်။ မြေဆီအာဟာရ ကျွေးပေးတယ်။ ဒါလည်း ဝါးပင်က တစ်နေ့တစ်နေ့ ထူးခြားမလာခဲ့ဘူး”
ရသေ့ကြီးစကားကို သူက စိတ်ဝင်တစား ဆက်နားထောင်နေပါတယ်။ ရသေ့ကြီးက ဆက်ပြောတယ်။
“ဒါပေမယ့် နောက်ငါးနှစ်လောက် ကြာတဲ့အခါမှာတော့ ဝါးပင်က အစို့လေးစထွက်လာတယ်။ အဲ... အစို့လည်း ထွက်ပြီးရော မကြာပါဘူးကွယ်။ နောက်ထပ်ခြောက်လအတွင်းမှာ ဝါးပင်က ပေတစ်ရာလောက်အထိ မြင့်သွားတော့တာပဲ။ အခု မင်းမြင်တယ် မှတ်လား။ ဝါးပင်နဲ့ ဖန်းပင် ဘယ်သူပိုရှည်လဲ”
“ဝါးပင်ပါ ရသေ့ကြီး”
“ဒါဆို ဝါးပင်က အခုလိုရှင်သန်ဖို့ အချိန်လေးနှစ်ကျော်လောက်မြုံနေခဲ့တာ ဟုတ်သလား”
“မဟုတ်ပါဘူး ရသေ့ကြီး”
“မင်းမှန်တယ်။ ဝါးပင်က မြုံနေခဲ့တာ မဟုတ်ဘူး။ အဲဒီနှစ်တွေအတွင်းမှာ သူက မြေအောက်ထဲကနေ သူ့အမြစ်တွေကို ခိုင်ခံ့ပြီး ကြီးထွားသန်မာအောင် အရင်လုပ်နေတာကွဲ့။ ပြီးမှ သူ့တစ်ပင်လုံး ကို အာဟာရပေးဖို့ လုံလောက်တဲ့အချိန်မှာ မြေပြင်ပေါ်ကို ထွက်လာတော့တာပဲ”
ထိုလူဟာ ရသေ့ကြီးပြောပြတာကို ခေါင်းတဆတ်ဆတ်ညိတ်ပြီး နားထောင်နေပါတော့တယ်။
“မင်းလည်း မှတ်ထားပါ။ အောင်မြင်ချင်တယ် ဆိုရင် ဝါးပင်လိုအခြေခိုင်အောင် အရင်လုပ်ရတယ်ကွဲ့။ နောက်ပြီး အရင်နှစ်တွေအတွင်း မင်းလည်း အလုပ်ကြိုးစားခဲ့တာပဲ။ အဲဒီလို အလုပ်ကြိုး စားခဲ့တာတွေ၊ ဇွဲလုံ့လတွေက မင်းရဲ့အောင်မြင်မှုအမြစ်တွေကို ကြီးထွားစေတယ်ဆိုတာ မင်းမမေ့ပါနဲ့။ ပြန်ပါ။ မင်းဟာ မကြာခင်မှာ မြေပြင်ပေါ်ထွက်လာပါတော့မယ်”
နောက်တော့ ထိုလူလည်း ရသေ့ကြီးကို ဦးချပြီး အလုပ်ကြိုးစားဖို့ ပြန်ခဲ့ပါတော့တယ်။
ဘယ်လိုလဲ ကျွန်တော့်ရဲ့စာဖတ်သူလေး...
ကျွန်တော်တို့ အလုပ်တစ်ခုကိုကြိုးစားနေချိန်အတွင်း အရာမရောက်သေးလို့ စိတ်ဓာတ်ကျသင့်သလား။ စိတ်ဓာတ်မကျသင့်ဘူးနော်။
ဒါဟာ ကိုယ့်ရဲ့အခြေကို ပိုပြီးတည်တံ့ဖို့ ပြင်ဆင်ဖြည့်စွက်နေတယ်လို့ မှတ်ယူရပါမယ်။
တကယ့်အောင်မြင်မှုအစစ်အမှန်တွေဆိုတာ...
ရေရှည်ကြိုးစားရတာပါ။ ဒါမှ အောက်သက်ကျေပြီး ပိုခိုင်မြဲတာ မဟုတ်လား။ ခုရေတွင်းတူး၊ အခုရေကြည်သောက်လို့ မရဘူးလေ။ လုံလောက်တဲ့ ရင်းနှီးမြှုပ်နှံမှုတော့ ရှိရမှာပေါ့။
ဒါကို တချို့လူတွေက သိပါတယ်။ ခက်တာက သိလျက်နဲ့ အောက်သက်မကျေဘဲ မြန်မြန်အောင်မြင်ချင်နေကြတာပါပဲ။ အောင်မြင်မှုဆိုတာ နတ်ရေကန် ထဲပစ်ချလိုက်သလောက် မလွယ်ပါဘူး။
ဒီတော့ . . .
အောင်မြင်ချင်တယ်၊
တိုးတက်ချင်တယ်ဆိုရင် မဆုတ်မနစ် ကြိုးစားပါ။
အချိန်အခါကျရောက်လာတဲ့အခါ
ကြိုးစားသူတိုင်း အောင်မြင်ပါတယ်။
ဒါပေမယ့်
တချို့အောင်မြင်မှုတွေကတော့
ဝါးပင်လို အမြစ်တွေခိုင်အောင်
အရင်လုပ်ရတယ်ဆိုတာ သတိရနေပါ။ ။
နွေဦးအက္ခရာ ( June 25, 2024. 4:12 PM )
Keep Reading