SarPhat Author
ရှေးလူကြီးတွေကပြောတယ် အချစ်ဦးကိုမြေးဦးရတောင်မမေ့ဘူးတဲ့ ။ ကျွန်တော်ငယ်ငယ်တုန်းက အဲ့စကားကိုမယုံခဲ့ဘူး ။ အခုတော့ ကျွန်တော်အဲ့စကားကို အကြွင်းမဲ့ယုံကြည်နေပါပြီ ။ ကျွန်တော်တို့ ဝေးသွားတဲ့အချိန်တွေက ကြာညောင်းခဲ့ပြီဖြစ်ပေမယ့် အခုချိန်အထိ ကျွန်တော့်စိတ်ထဲမှာတော့ သူမကနေရာယူထားဆဲဘဲ ။ သူမဆိုတာက ကျွန်တော်သိပ်ချစ်ရတဲ့ ကျွန်တော့်ရဲ့အချစ်ဦးလေးပေါ့ ။ သူနဲ့ကျွန်တော်ရဲ့ တွေ့ဆုံပုံက မဆန်းကြယ်သလို အရမ်းလည်းမရိုးရှင်းခဲ့ဘူး ။
အဲ့နေ့က ကျွန်တော်ကို အတန်းပိုင်ဆရာမက အတန်းထဲမှာအရမ်းဆော့လို့ဆိုပြီး အပြစ်ပေးတဲ့အနေနဲ့ တစ်ခန်းလုံးရဲ့ သန့်ရှင်းရေးကို ကျွန်တော်တစ်ယောက်ထဲကို လုပ်ခိုင်းခဲ့တယ် ။ အဲ့တော့ အရင်ပြန်နေကြအချိန်ထက် တော်တော်ေနာက်ကျမှ ကျွန်တော်ကျောင်းဆင်းခွင့်ရခဲ့တယ် ။ ကျွန်တော်ကကျောင်းမှာဆို အရမ်းဆိုးတဲ့ကျောင်းသားမဟုတ်ပေမယ့် အရမ်းဆော့ပြီးအစအနောက်သန်တဲ့ ကျောင်းသားထဲမှာတော့ပါတယ် ။ အဲ့တော့ အမြဲလိုလိုအပြစ်ပေးခံရတာကြောင့် ကျောင်းနောက်ကျမှပြန်ရတာက ကျွန်တော့်အတွက် အထူးအဆန်းတော့မဟုတ်ခဲ့ပါဘူး ။ ဒါပေမယ့် အဲ့နေ့မှာတော့ ကျွန်တော့်ရင်ကိုလှုပ်ခါသွားစေမယ့် ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခွင့်ရခဲ့တယ် ။ သူမကအဲ့အချိန်တုန်းက အလျင်လိုနေပုံရတယ် ။ စက်ဘီးကိုအလျင်ကွေ့လာခဲ့ပြီး လမ်းတည့်တည့်သွားနေတဲ့ ကျွန်တော့စက်ဘီးနဲ့ တိုက်မိခဲ့တယ် ။ စစခြင်းတော့ကျွန်တော်လည်း စိတ်တိုသွားပြီး ရန်တွေ့မလို့ပါဘဲ ။ ဒါပေမယ့် သူမပုံစံလေးကိုမြင်လိုက်တဲ့အခါ ကျွန်တော့်ကမ္ဘာကြီး ရပ်တန့်သွားသလို ခံစားလိုက်ရပြီး ကြောင်ကြည့်နေမိတယ် ။ ဒါပေမယ့် သူမရဲ့အော်သံကြောင့် ကျွန်တော်လည်းသတိပြန်ဝင်လာခဲ့တယ် ။ အဲ့အချိန်မှာ ကျွန်တော်ကြည့်လိုက်တော့ သူမကသူ့စက်ဘီးကိုသူနင်းပြီး ထွက်တောင်သွားပြီ ။ ကျွန်တော်လည်းကြောင်သွားခဲ့တယ် ဘာလို့ကျွန်တော့်ကို blind ကြီးအော်သွားတာလည်းပေါ့ ။ အဲ့နေရာမှာ တခြားသူသာဆို ကျွန်တော်ကျိန်းသေပေါက် ရန်လိုက်ဖြစ်မိမှာ ။ ဘာလို့ဆို ကျွန်တော်ကလည်း မဟုတ်မခံစိတ် ရှိတဲ့သူတစ်ယောက်ဘဲလေ ။ အဲ့နေ့က ညရောက်တဲ့အထိ ကျွန်တော် အဲ့ကောင်မလေးအကြောင်း ခေါင်းထဲကမထွက်ခဲ့ဘူး ။ကျွန်တော်ကိုကျွန်တော်လည်း စဉ်းစားမရဖြစ်ခဲ့တယ် ။ ဘာလို့ဆို အဲ့ကောင်မလေးက အရမ်းကြီးချောနေ လှနေတဲ့ ထဲမှာမပါဘူးလေ ။ ဒါပေမယ့် ကျွန်တော့်မျက်လုံး ထဲမှာတော့ ချစ်စရာလေးလို့မြင်နေမိတယ် ။
နောက်နေ့ကျောင်းဆင်းတော့ မေမေပြောထားတဲ့ ကျူရှင်အသစ်ကို ကျွန်တော်သွားခဲ့တယ် ။ အဲ့ကျူရှင်ကဆရာမက မေမေသူငယ်ချင်းရဲ့တူမ မလို့မေမေက ကျွန်တော့်ကိုသွားတက်စေချင်နေတာနဲ့ ကျွန်တော်လည်းမေမေ့သဘောကျ အဲ့ကျူရှင်ကို ပြောင်းတက်ခဲ့တယ် ။ အဲ့ကျူရှင်ကိုရောက်တော့ ဆရာမက သားလေး သားနဲ့ရွယ်တူသူငယ်ချင်းတစ်ယောက်ရှိသေးတယ် ။ သူလာရင် မိတ်ဆက်ပေးမယ်နော်လို့ ပြောတယ် ။ ဆရာမကတော့ သဘောကောင်းတဲ့ပုံပါဘဲ ။ ပြီးတော့ အဲ့ကျူရှင်က အစ်ကိုကြီးအစ်မကြီးတွေ ကလည်းသဘောကောင်းကြတယ် ။ ပြီးတော့ မရောက်သေးတဲ့ ကျွန်တော်နဲ့ရွယ်တူကောင်မလေးကိုလည်း ချစ်ကြတယ်နဲ့တူပါတယ် ။ ယွန်းတော့ အဖော်ရသွားပြီပေါ့လို့ ပြောရင်းပျော်နေကြတယ် ။ ကျွန်တော်လည်းတွေးလိုက်မိတယ် ဒီကျူရှင်ကပျော်ဖို့ကောင်းမှာပါဆိုပြီး ။ အဲ့အချိန်မှာဘဲ သူတို့ပြောနေတဲ့ ကောင်မလေးရောက်လာခဲ့တယ် ။ အဲ့ကောင်မလေးကိုမြင်လိုက်ရတဲ့အခါ ကျွန်တော့်ကမ္ဘာကြီးတစ်ခုလုံး ရပ်တန့်သွားသလိုခံစားလိုက်ရတယ် ။ ဘာလို့ဆို အဲ့ကောင်မလေးက ကျွန်တော့်ရဲ့စွာတေးလန်လေး ဖြစ်နေလို့ဘဲ ။ စွာတေးလန် ဟုတ်တယ် အဲ့နာမည်လေးက သူမအကြောင်းစဉ်းစားရင်း ကျွန်တော့်ခေါင်းထဲ auto ရောက်လာတဲ့ သူမအတွက်နာမ်စားလေးပေါ့ ။ သူမနဲ့လည်း အရမ်းလိုက်တယ်လို့ ကျွန်တော်တော့ထင်တယ် ။ ဘာလို့ဆို သူမက ကျွန်တော်ကိုစတွေ့ထဲက စွာသွားခဲ့တာလေ ။ နောက်ဆရာမ မိတ်ဆက်ပေးပြီးတော့ သူမကျွန်တော့်ကို အဲ့နေ့ကအကြောင်း ပြန်တောင်းပန်ခဲ့တယ် ။ အမှန်တိုင်းပြောရရင် အဲ့အချိန်က ကျွန်တော့်စိတ်ထဲမှာပျော်နေခဲ့တယ် ။ သူမ ကျွန်တော့်ကိုမှတ်မိနေတဲ့ အတွက်လေ ။ ကျွန်တော်လည်း အစောကြီးထဲက စိတ်ထဲမရှိခဲ့တာမလို့ လွယ်လွယ်ဘဲ ပြန်ကျေအေးပေးခဲ့တယ် ။ အဲ့လိုနဲ့ သူမနဲ့ကျွန်တော် သူငယ်ချင်းတွေဖြစ်သွားခဲ့ကြတယ် ။ ကျွန်တော်ကစတွေ့ကတည်းက သူမကိုသဘောကျနေရတဲ့သူဆိုတော့ သူမအလိုကိုလိုက်ခဲ့တာများတယ် ။ သူမကပုံဆွဲရတာကို အရမ်းပျင်းတဲ့ထဲမှာပါတော့ သူမရဲ့ကျောင်းကပုံတွေကို ဒိုင်ခံဆွဲရတာကတော့ ကျွန်တော်ဖြစ်လာခဲ့တာပေါ့ ။ ကျွန်တော်လည်း အရင်ကပုံဆွဲပျင်းခဲ့ပေမယ့် သူမကျောင်းကပုံတွေကြောင့် သူမစိတ်ညစ်နေတာမြင်တော့ ကျွန်တော့်ရဲ့ပုံဆွဲပျင်းပါတယ်ဆိုတဲ့ စိတ်ကြီးလည်းပျောက်ခဲ့ရတယ် ။ သူမမျက်နှာကအပြုံးကိုမြင်တာနဲ့တင် ကျွန်တော်ပျော်ပါတယ်လေ ။
သူမက K Pop Idol တွေဘဲ သဘောကျတတ်တဲ့ ကောင်မလေးမလို့ ကျောင်းမတူပေမယ့် ကောင်လေးကိစ္စတွေကို ကျွန်တော်စိတ်ချခဲ့ရတယ် ။ အဲ့အတွက်လည်း ကျွန်တော်သူ့ Idol တွေကို ကျေးဇူးတင်သလို သူ Idol တွေအကြောင်းပြောပြရင်လည်း စိတ်ရှည်ရှည်နဲ့ နားထောင်ပေးဖြစ်တယ် ။ သူမက ၁၀တန်း မပြီးမချင်း ရည်းစားမထားဘူးဆိုတဲ့ သူမအပြောကြောင့် ကျွန်တော်သူမကိုဖွင့်ပြောဖို့ကိုနောက်ဆုတ်ခဲ့တယ် ။ ဒါပေမယ့် ကျွန်တော်သူမကိုစတွေ့ကတည်းက စရေးခဲ့တဲ့ ဒိုင်ယာရီစာအုပ်လေးထဲမှာတော့ သူမကိုကျွန်တော်ဘယ်လောက်ချစ်ကြောင်း နဲ့ သူမနဲ့ပတ်သတ်တဲ့ ကျွန်တော့်ခံစားချက်လေးတွေကို အမြဲရေးထားလေ့ရှိတယ် ။ ကျွန်တော်သူမကို တစ်နေ့ထက်တစ်နေ့ ပိုချစ်လာတဲ့အကြောင်းတွေလည်း ပါတာပေါ့ဗျာ ။ ကျွန်တော်သူမကို ၁၀ တန်း ဖြေပြီးရင် ဖွင့်ပြောဖို့ အစီအစဉ်တွေလည်းဆွဲထားခဲ့တယ် ။ ဒါပေမယ့် ကျွန်တော် Bio ဖြေပြီးအိမ်ပြန်လာတဲ့အချိန်မှာ သိလိုက်ရတာ Canada မှာရှိတဲ့ ကျွန်တော့်အဖွား က Cancer အဆင့် 3 ဖြစ်နေတာတဲ့ ။ ကျွန်တော့်အတွက်တော့ ကမ္ဘာပြိုတဲ့နေ့ပါဘဲ ။ အဖွားနဲ့ကျွန်တော်နဲ့က အနေသာဝေးပေမယ့် အဖွားကကျွန်တော်အချစ်ဆုံးနဲ့ ကျွန်တော်ရဲ့အယုံကြည်ရဆုံးလူတစ်ယောက်လေ ။ ကျွန်တော်အဲ့အဖြစ်ကြီးကို မယုံကြည်နိုင်ဖြစ်ခဲ့ရတယ် ။ အဲ့အချိန်မှာဘဲ ဖေဖေက ဟိုမှာရှိတဲ့အဖွားရဲ့ လုပ်ငန်းတွေကိုဦးစီးဖို့ နဲ့ အဖွားကိုအနီးကပ်စောင့်ရှောက်ဖို့ အတွက် ကျွန်တော်တို့ တစ်မိသားစုလုံး Canada ကိုပြောင်းဖို့အကြောင်းဖန်လာခဲ့တယ် ။ အဲ့ကိစ္စတွေဖြစ်ပြီး ကျွန်တော်တို့ Canada ကိုပြောင်းတဲ့အချိန် ကြားထဲမှာ 3လ လောက်ဘဲအချိန်ရခဲ့တယ် ။ အဲ့အချိန် 3 လ အတွင်းမှာလည်း ကျွန်တော် သူမနဲ့မတွေ့ဖြစ်ခဲ့ဘူး ။ ဘာလို့ဆို ဖေဖေက passport တို့ လေယာဉ်လက်မှတ်တို့ ရဖို့အလုပ်ရှုပ်နေတဲ့အတွက် ဒီကဖေဖေလုပ်ငန်းတွေကို ကျွန်တော်ကကူညီပေးခဲ့ရတယ် ။
ကျွန်တော် သူမကိုနောက်ဆုံးသွားတွေ့ဖြစ်ခဲ့တာက ကျွန်တော်မထွက်သွားခင် တစ်ရက်အလိုမှာဖြစ်တယ် ။ မနက်ဖြန်ဆိုရင်ဘဲ ကျွန်တော်ကသူမဘေးနားကနေ ထွက်သွားရတော့မယ့်လူဖြစ်တာကြောင့် ကျွန်တော်သူမကိုချစ်နေတဲ့အကြောင်း ဖွင့်မပြောရက်ခဲ့ဘူး ။ ဒါပေမယ့် ကျွန်တော်ကအတ္တကြီးတဲ့သူတစ်ယောက်လေ ။ ကျွန်တော်သူမကို ဖွင့်ပြောပြီးမထားခဲ့ရက်ပေမယ့် ကျွန်တော်သူမကိုချစ်ခဲ့တဲ့အကြောင်းကိုတော့ သူမကိုသိစေချင်တယ် ။ အဲ့တာကြောင့် သူမကိုနောက်ဆုံးနှုတ်ဆက်တဲ့နေ့က ကျွန်တော့်ရဲ့ဒိုင်ယာရီစာအုပ်လေးကို ပေးခဲ့ပြီး ငါဒီနိုင်ငံမှာမရှိတော့တဲ့အချိန်မှ ဖွင့်ဖတ်ပါလို့မှာခဲ့တယ် ။ အဲ့အချိန်က အခုလိုမျိုး ph တို့ facebook တို့ မတွင်ကျယ်သေးတဲ့အချိန်ဆိုတော့ သူမကိုဘယ်လို ဆက်သွယ်ရမှန်းလဲမသိခဲ့ဘူး ။ အဲ့လိုနဲ့ဘဲ ကျွန်တော်နဲ့သူမနဲ့ ဝေးခဲ့ရတယ် ။ ဒီနိုင်ငံမှာ သူမထက်ချောတဲ့လှတဲ့သူ သူမထက်တော်တဲ့သာတဲ့သူတွေ ဘယ်လောက်ဘဲတွေ့တွေ့ ကျွန်တော့်နှလုံးသားထဲမှာတော့သူမသာလျှင် အမြစ်တွယ်နေခဲ့တာ ၁၀စုနှစ်တစ်ခုကျော် လာခဲ့ပါပြီ ။
24.6.2024
Keep Reading