အိမ်ပြေး ဒိုင်ယာရီ
လောကကြီးရဲ့ အဓိပ္ပာယ်က ဘာများလဲ။ တစ်နည်း၊ ကျွန်တော်တို့ ရှင်သန်နေရခြင်းရဲ့ အကြောင်းရင်းက ဘာများလဲ။ နောက်တစ်မျိုး၊ ကျွန်တော်တို့ ဘာကြောင့် လူလာဖြစ်ပီး အသက်ရှင် နေထိုင်နေတာလဲ။ ဘာတွေလုပ်ဖို့ ကျွန်တော်တို့ ရှင်သန်နေကြရသလဲ။
ဒီမေးခွန်းတွေဟာ လူမှန်းသိတတ်စ ၄တန်း၊၅ တန်း အရွယ်လောက်ကထဲက ကျွန်တော့်အတွေးကြောထဲ တိုးဝင် ရောက်ရှိလာခဲ့တဲ့ အရာတွေပေါ့။ ကိုယ်မကြိုက်တာ တစ်ခုခုကို အောင့်အီးပီး လုပ်နေရရင်လဲ ငါဒါကို ဘာ့အတွက်ကြောင့်များ လုပ်နေရတာလဲ၊ လုပ်နေရတာ တန်ရော တန်ရဲ့လား.. စတဲ့ အတွေးတွေဟာလဲ မကြာခဏ ဝင်မြဲပေါ့။ မတန်ရင် မလုပ်ချင်ဘူး။ တွက်ခြေမကိုက်ရင် မလုပ်ချင်ဘူး။ ပြောရရင် ဆောက်ပျင်း။
Why ဆိုတဲ့ စကားလုံးဟာလဲ ကျွန်တော့်အတွေးခေါင်မိုးပေါ် တစ်ဖောက်ဖောက် ကျလာနေတော့တာပဲ။ တခါတလေစဲသွားလိုက် တခါတလေသည်းလာလိုက်။ မသိချင်ယောင်ဆောင်၊ မကြားချင်ယောင်ဆောင်၊ ရတယ်။ သူတို့ကတော့ ကျမြဲ ကျနေဆဲ၊ သက်ဆင်းဆဲ သက်ဆင်းနေမြဲပဲ။ ဖောက်.. ဖောက်.. ဖောက်.. ဖောက်..။ ဖောက်ဖောက်ဖောက်ဖောက်။
ကျွန်တော် ဘာကြောင့် အတန်းမတက်ချင် ရတာလဲ။
ကျွန်တော် ဘာကြောင့် စာမကျက်ချင် ရတာလဲ။
ကျွန်တော် ဘာကြောင့် ဒီလောက် စကားနည်းနေရတာလဲ။
ကျွန်တော် ဘာကြောင့် အော်ဟစ်ဆူညံသံတွေကို သည်းမခံနိုင်ရတာလဲ။
ကျွန်တော် ဘာကြောင့် အမြဲလိုလို ဘူ နေရတာလဲ။
ကျွန်တော် ဘာကြောင့် တစ်ထီးတည်း နေချင်ရတာလဲ။
ကျွန်တော် ဘာကြောင့် ဒီကောင်မလေးကိုမှ ချစ်မိသွားတာလဲ။
နောက်ဆုံး။
ကျွန်တော် ဘာကြောင့် အသက်ရှင်နေရတာလဲ။
... စသဖြင့် Why တွေချည်း မေးနေမိတော့တာပါပဲ။
တချို့ Why တွေကျ အချိန်တစ်ခု အကြာမှာ အဖြေရသွားခဲ့တယ်။ ကျွန်တော် ဘာကြောင့် အသက်ရှင်နေရတာလဲ ဆိုတဲ့ အဖြေတော့ ကျွန်တော် မရသေးဘူးပေါ့ဗျာ။ ဒါနဲ့ ခင်ဗျားရော အဲ့အဖြေကို ရပြီးပြီလား။ တွေ့သွားပြီဆိုရင်တော့ ကျွန်တော် ဝမ်းသာပါတယ်။ ( ကျွန်တော်လဲ တစ်ချိန်ကတော့ တွေ့ခဲ့ဖူးတယ်ဗျ။ ) ဒါပေမယ့် ဒီထိ ဆက်ဖတ်ဖြစ်နေသေးရင်တော့ ခင်ဗျားလဲ မတွေ့သေးဘူးထင်ပါရဲ့။
တကယ်တော့ အဲ့မေးခွန်းရဲ့ အဖြေဟာ ကျွန်တော်တို့ရှေ့မှာ အသင့်ရှိနေပြီးသားပါ။ ဘာသာရေး စာပေကျမ်းဂန်တွေမှာ၊ တွေးခေါ်ရှင်ကြီးတွေရဲ့ စာအုပ်စာပေတွေမှာ၊ ကျွန်တော် သိပ်အားကျရတဲ့ စာရေးဆရာကြီးတွေရဲ့ ဝတ္ထုတွေထဲမှာ၊ သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်တွေထဲမှာ၊ နောက်ဆုံး John Lennon ရဲ့သီချင်းတစ်ပုဒ်မှာ။
ခုထိမေးနေမိတုန်းပဲ ဆိုကတည်းက ရှိပြီးသား အဖြေတွေကို ခင်ဗျား မကျေနပ်သေးလို့၊ လက်မခံနိုင်သေးလို့လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်လည်း အဲ့လိုပဲကိုး။ ကိုယ်တိုင် ရှာပုံတော်ဖွင့်ချင်တာ။ ခြေကျင်တောင်တက် ခရီးသွားရင်းက ကျွန်တော့်ကိုယ်ပိုင် " the meaning of life " ရွှေအိုးကြီးကို မတော်တဆ ခလုတ်များ တိုက်မိ၊ တွေ့မိ သွားလေမလားပေါ့။
တက္ကသိုလ်ကျောင်းသား ဘဝတုန်းကတော့ the meaning of life ဆိုတာကြီးကို သည်းသည်းမည်းမည်း ရှာခဲ့ဖူးတယ်ဗျ။ ( အတန်းတွေလစ်ပီး အားအားယားယား ဆိုတော့အချိန်တွေ သိပ်ပိုကိုး။ ) နောက်တော့ ဒီရှာဖွေမှုကြီးဟာ မဖြစ်နိုင်ပါလား ဆိုပီး တစ်စတစ်စ လက်ခံယုံကြည် လာတော့တယ်။ အဲ့မေးခွန်းအစား ကျွန်တော့်ဘဝကို ကိုယ့်စိတ်ကြိုက် ဘယ်လို ရှင်သန်နေထိုင်ချင်သလဲ ဆိုတဲ့ဘက် ခေါင်းတည်ပီး မေးဖြစ်လာပါတော့တယ်။ မသေခင်လေး ဘာလုပ်သွားချင်လဲ ဆိုတာမျိုးပေါ့။
အဲ.. ဒီနေရာမှာ ဂန္ဒီရဲ့ စကားလေး တစ်ခွန်း သွားသတိရမိတယ်။ " ဒီနေ့ကို ခင်ဗျားရဲ့ နောက်ဆုံးနေ့ရက် တစ်ရက်လိုရှင်သန်ပါတဲ့။ " Steve Jobs လဲ အဲ့လိုစကားမျိုးပြောခဲ့ဖူးတယ်ဗျ။ သိပ်မမှတ်မိတော့ပါဘူး။ ပွင့်ပွင့်လင်းလင်းဝန်ခံရရင် သူတို့ပြောကြတဲ့ နေထိုင်မှု ပုံစံကြီးကို ကျွန်တော် ဘယ်လိုမှ ခံစားကြည့်လို့ မရခဲ့ဘူး။
မနက်ဖြန်ဆိုတာ မရှိမှတော့ ဒီနေ့ မလုပ်ချင်လုပ်ချင်နဲ့ ဝတ္တရားအရ လုပ်နေရတဲ့ အလုပ်တွေ အားလုံးကို ပစ်ချပစ်လိုက်မှာပဲ။ အဲ့တော့ ရှင်သန်ရမယ့် တစ်ကြိမ်တည်းသာရမယ့် နေ့ရက် တစ်ရက်ကို ကျွန်တော် ဘယ်လိုသုံးရမလဲ။
အဲ့မှာ ကျွန်တော် တစ်သွားပီ။ ဒယ်လစ်သွားပီ။ ကိုယ်မှာကြားချင်တဲ့အရာတွေကို စာအုပ်တစ်အုပ်ထဲမှာ ရေးခြစ်ခဲ့မိလေမလား။ အကြိုက်အနှစ်သက်ဆုံး စာအုပ်တစ်အုပ်ကို ကြိမ်ပက်လက်ထိုင်ခုံလေးပေါ်ထိုင်ရင်း၊ ကာပူချီနို ခပ်နွေးနွေးကို လက်နှစ်ဘက်နဲ့ ဆုပ်ကိုင်ရင်း၊ စာထိုင်ဖတ်ဖြစ်နေမိမလား။ သူငယ်ချင်းတွေကို " သားကြီးတို့ သွားကစ်ရအောင်" လို့ပဲ အိမ်ပေါက်စေ့ တံခါးခေါက်သွားခေါ်မိလေမလား။ ကျွန်တော့် အဘွားနဲ့တူတူထိုင်ရင်း Animal Planet ကလာတဲ့ တောရိုင်းတိရစ္ဆာန်တွေ အကြောင်း ထိုင်ကြည့်မိလေမလား။ ဟိုကောင်မလေးကိုပဲ ချစ်တယ်လို့ သွားဖွင့်ပြောမိလေမလား။ ကျွန်တော်ဘာဆက်လုပ်ဖြစ်မယ် ဘယ်လိုမှ မှန်းဆလို့ မရတော့ပါဘူး။ တွေးကြည့်လို့ မရတော့ဘူး။
အဲ့တော့ ဖုန်းလေးချပီး ဝရန်ဒါအပြင် အောက်ဘက်ကို ခပ်တွေတွေ ငေးကြည့်လိုက်မိတယ်။ ဘယ်ဘက်ခြမ်းမှာ အပြွတ်လိုက် အခိုင်လိုက် သီးနေတဲ့ သရက်ပင်အိုကြီး။ ရှေ့တည့်တည့်မှာတော့ လေပြင်းတစ်ချက်အဝေ့ကြောင့် လွင့်သွားတဲ့အဝတ်တွေကို ကျီးကန်းတောင်းမှောက် လိုက်ကောက်နေတဲ့ အဒေါ်ကြီး။ ညာဘက်မှာတော့ ပန်းဖွားလေးတစ်ခုလို၊ အကိုင်းအခက်မှန်သမျှ တစ်နေရာထဲက စုဖြာထွက်လာသလို ဖြစ်နေတဲ့ သစ်ပင်ကြီး။ အုပ်အုပ်ဆိုင်းဆိုင်း စိမ်းစိမ်းနုနုနဲ့။ သူ့ပေါ် နေခြည်ကလဲ ပက်ဖြန်းပေးလိုက်သေး။ အိုး.. သိပ်ကို လှတာပဲ။
ခုလောလောဆယ်တော့ meaning of life ကို မရှာချင်တော့ဘူးဗျာ။ မကြည့်မိ၊ မမြင်မိတာကြာပီ ဖြစ်တဲ့ သဘာဝတရားကြီးရဲ့ အလှတရားတွေကို ငေးမောကြည့်လိုက်ဦးမယ်။ ကောင်းကင်ကြီးကို မော့ကြည့်လိုက်ဦးမယ်။ အင်း၊ ရှင်သန်နေရခြင်းကိုက လှပနေပီးသား မဟုတ်ပါလား။
Keep Reading