အိမ်ပြေး ဒိုင်ယာရီ
စာအုပ်တွေဟာ ကျွန်တော့်အချစ်ဦး။ တစ်ရက်၊ ကျွန်တော့် အချစ်ဦးကို ကျွန်တော်ကိုယ်တိုင်ပဲ လမ်းခွဲခဲ့တယ်။
ဒီလမ်းခွဲဇာတ်ဟာ ကျွန်တော် ဖတ်ခဲ့ရတဲ့ စာတိုလေး တစ်ကြောင်းက အစပြုခဲ့တယ် ထင်ပါရဲ့။ " I was desperate to convey my worth through the books " အမှန်ပါပဲ။ ကျွန်တော်ဟာ " ဘယ်လိုကောင် " ဖြစ်ကြောင်း ကျွန်တော် ပိုင်တဲ့ စာအုပ်တွေကတစ်ဆင့် ချပြချင်နေခဲ့တာကိုး။
ကျွန်တော် ဝန်ခံပါတယ်။ ကျွန်တော်ဟာ ( နီးစပ်ရာ ကျွန်တော့် အသိုင်းအဝိုင်း နဲ့ယှဉ်ရင် ) စာအုပ်တွေ အများကြီး ဖတ်ခဲ့ဖူးတယ်ဆိုတာ။ သို့ပေမယ့် အဲ့စာအုပ်တွေမှာပါတဲ့ အသိပညာ၊ အတတ်ပညာတွေကို သဘောပေါက်နားလည်ပီး လက်တွေ့ဘဝမှာ ကျင့်သုံးဖြစ်တယ်ဆိုတာတော့ မရှိသလောက်ပါပဲ။ ကျွန်တော်တို့ ငယ်တုန်းက စာမေးပွဲဖြေဖို့ စာတွေ ကျက်ခဲ့ရသလိုပေါ့။ အမှတ်ကောင်းရဖို့ နင်းကန်ကျက်တယ်။ နားလည်လည် မလည်လည်။ စာမေးပွဲလဲ ဖြေပီးရော မေ့ပစ်လိုက်ကြရော။
ကျွန်တော် စာဖတ်တဲ့ ပုံစံဟာလဲ အဲ့သဘောပါပဲ။ " ဒီလတော့ ဘယ်နှစ်အုပ်ပီးအောင် အပြတ်ကြုံးမဟဲ့ " " ဒီလတော့ အရင်လစံချိန် ကျော်အောင် အပီဝုန်းမဟဲ့" လို့ ကြွေးကြော်ပီးဖတ်တာ။ စာကြည့်စားပွဲ ပေါ်မှာလဲ to-read list နဲ့ ဖတ်စရာ စာအုပ်တွေက အပုံလိုက် အထပ်လိုက် အပြည့်အသိပ်။ အဲ့တော့ ကန်တင်းထိုင်လဲ စာဖတ်တယ်။ ဘတ်စ်ကားပေါ်မှာလဲ စာဖတ်တယ်။ တစ်ယောက်တည်း ရှိနေချိန်လဲ စာဖတ်တယ်။ ဘေးနားမှာ လူတွေရှိနေချိန်လဲ စာဖတ်တယ်။ နောက်ဆုံး ပန်းခြံရောက်လို့ ထိုင်မိရင်လဲ လွယ်အိတ်ထဲက စာအုပ်တစ်အုပ် ထွက်လာပြန်ရော။
နောက်က ကျားလိုက်သလိုပဲဆိုတာ ကျွန်တော် စာဖတ်တဲ့ ပုံစံကို ပြောနေတယ် ထင်ပါ့။ စာအုပ်တစ်အုပ် စကိုင်တယ်။ စဖတ်တယ်။ သို့ပေမယ့် မျက်လုံးက နောက်တစ်အုပ်ဆီ ရောက်မိနေပီ။ မြန်လိုက်တာလဲ ပြောမနေနဲ့။ စကားလုံးတွေဟာ ကျွန်တော့် မျက်လုံးအစုံရှေ့ ဖြတ်ဖြတ်ပြေးနေလား အောက်မေ့ရတယ်။ ဝှီးခနဲ၊ လှစ်ခနဲ။ အဲ.. စာအုပ်တစ်အုပ်ဖတ်ပီးလို့ ဘတ်ခနဲ ကောက်ပိတ်ကြည့်။ ဘာမှတ်မိသလဲ၊ ဘာတွေဆင်ခြင်မိလဲ။ ဟင့်အင်းပဲ။ တကယ်တော့ အဲ့လို မေးချိန်တောင် မရလိုက်ပါဘူး၊ လက်က နောက်တစ်အုပ်ဆီ ရောက်နှင့်နေပီကိုး။
တက္ကသိုလ် ကျောင်းသားဘဝတုန်းကတော့ ရသမျှ မုန့်ဖိုး စာအုပ်တွေဝယ်တာနဲ့ အားလုံးကုန်တာပဲ။ စာအုပ်အသစ်တွေရော အဟောင်းတန်းတွေကရော မွှေနှောက်ရှာဖွေပီး လိုက်ဝယ်ခဲ့တာ။ ပိုင်ဆိုင်ခဲ့တဲ့ စာအုပ်တွေထဲမှာ ဘာသာပြန် စာအုပ်တွေ အများဆုံးပါတယ်။ ပီးတော့ တက်ကျမ်းတွေ။ နောက် နိုင်ငံရေးနဲ့ စီးပွားရေး အတွေးအခေါ် စာအုပ်တွေ။ အတ္ထုပ္ပတ္တိ တွေလဲ ပါသေးသဗျ။ နောက်ဆုံး မပါမဖြစ် ရသစာအုပ်လေးတွေပေါ့ဗျာ။
ကျွန်တော်ဘာကြောင့် အဲ့လောက် စာအုပ်အများကြီး ဝယ်ဖြစ်ခဲ့သလဲ။ ကျွန်တော် နေထိုင်ရာ ဝန်းကျင်မှာ စာကြည့်တိုက်ကောင်းကောင်း မရှိလို့။ အဲ့တုန်းက ကျွန်တော်သွားနေကျ အမျိုးသားစာကြည့်တိုက် ဆိုတာလဲ စာအုပ်တစ်အုပ်ရဖို့ကို Da Vinci's code အဖြေထုတ်ရသလို ခပ်ခက်ခက်ရယ်။ ဒဂုံတက္ကသိုလ် စာကြည့်တိုက်ဆိုလဲ စာအုပ်တွေက မစုံမလင်နဲ့။ အဲ့တုန်းက ဒီဘက်ခေတ်မှာလို Yangon book plaza တို့လို Inya book club တို့လို ရှိခဲ့ရင်တော့ ကောင်းသား။ အဲ့လိုဆို ကျွန်တော် စာအုပ်တွေ အများကြီး ဝယ်ဖြစ်ခဲ့မယ် မထင်ပါဘူး။
နောက် ရှိသေးတယ်။ စာအုပ်တွေ ဝယ်ရတဲ့ အကြောင်းရင်း။ စာအုပ်တွေကို ချစ်လို့ဆိုတာထက် ကျွန်တော်ဟာ " ဘယ်လိုကောင် " ဖြစ်ကြောင်း ပိုင်ဆိုင်တဲ့ စာအုပ်တွေကတစ်ဆင့် ချပြချင်နေခဲ့လို့။ ဒဿန စာအုပ်တွေဖတ်ပီးသွားရင် ကိုယ့်ကိုကိုယ် စဉ်းစားတွေးခေါ်နိုင်သူ တစ်ယောက်အဖြစ် အထင်ရောက်နေခဲ့တာ။ စီးပွားရေးဆိုင်ရာ စာအုပ်တွေ ဖတ်ပီးရင်လဲ ထိုနည်း၎င်း။ ကျွန်တော် ဖတ်တဲ့စာအုပ်တွေ နဲ့ စာအုပ်ပုံကြီးတွေကို မြင်သွားတာနဲ့ " ဒီကောင်ဟာ စာသိပ်ဖတ်တဲ့ ဆရာကြီးပါလား " လို့ အထင်ခံချင်ခဲ့တာကိုး။ ရှိန်သွားစေချင်ခဲ့တာကိုး။ ကိုယ့်ကိုကိုယ် ဒီလိုဖြစ်နေမှန်းလဲ Fumio Sasaki ရဲ့ စာအုပ်ကို ဖတ်ပီးမှ သတိပြန်ဝင်လာပါတယ်။
အဲ့နောက် ကျွန်တော့် minimalism ခရီးစဉ် တာထွက်ဖို့ မဖတ်ဖြစ်တော့တဲ့ စာအုပ်တချို့ကို သူငယ်ချင်းတွေကိုပေးပလိုက်တယ်။ စာကြည့်တိုက်တွေကို လှူပလိုက်တယ်။ အဟောင်းတန်းဆီ ရောင်းစားပလိုက်တယ်။ စုစုပေါင်း အုပ်ရေ ၃၀၀ ကျော်လောက် ရှိမယ် ထင်ပါတယ်။
အဲ့လို လမ်းခွဲလိုက်တော့ ဘာဆက်ဖြစ်သွားလဲ။ တဖြည်းဖြည်းနဲ့ ကိုယ်လက်ရှိ ဖတ်ဖြစ်နေတဲ့ နှစ်အုပ်၊ သုံးအုပ်လောက်ပဲ ကျန်တော့တယ်။ ဒီလိုနဲ့ နောက်ဆုံး တစ်အုပ်ပဲ ကျန်တော့တယ်။ ဒီတော့ အရင်လို စာအုပ်တွေ တစ်အုပ်ပီး တစ်အုပ် ထိုင်ဖတ်ပီး စာစရေးဖို့ကို အချိန်ဆွဲနေလို့ မရတော့ဘူး။ အခန်းကျဉ်းကျဉ်းလေးထဲ ကိုယ်ရယ် စာအုပ်တစ်အုပ်ရယ်၊ နှစ်ယောက်တည်း ပိတ်မိနေသလို ဖြစ်သွားတယ်။ သူ့ကိုမှ မကိုင်ရင် တစ်ခြားကိုင်စရာ ဘာမှ မရှိတော့ဘူး။ ဒါနဲ့ အဲ့စာအုပ်ကို ဘာသာပြန်ဖြစ်သွားတယ်။
လမ်းခွဲခဲ့တဲ့ စာအုပ်တွေကိုရော မလွမ်းဘူးလား။ မလွမ်းပါဘူး။ သူတို့မရှိတော့လဲ e-book တွေက တစ်ဆင့် အချိန်မရွေး ဒေါင်းဖတ်လို့ရနေသေးတာပဲ။ နောက်ဆုံးထွက်တဲ့ စာအုပ်ကိုမှ စာရွက်လှန် ကိုင်ဖတ်ချင်ရင်တော့ အင်းဝစာအုပ်ဆိုင် သွားထိုင်ဖြစ်ပါတယ်။ ကာပူချီနိုပူပူတစ်ခွက် မှာသောက်ပီး စာတစ်အုပ်ဆုံးတဲ့ထိ ထိုင်ဖတ်နေလိုက်တယ်။ တစ်ရက်နဲ့ မပီးတော့လဲ နောက်တစ်ရက် သွားဆက်ဖတ်တာပေါ့ဗျာ။ ကော်ဖီနံ့သင်းနေတဲ့ ဝါကျင့်ကျင့်မီးရောင်အောက် စာထိုင်ဖတ်ရတာဟာ နွေးနွေးထွေးထွေးတော့ရှိသား။ ဖတ်ပီးရင်တော့ စာအုပ်ကို သူ့နေရာသူ ပြန်ထားခဲ့တာပါပဲ။ အရင်လိုတော့ အိမ်ကို မဝယ်သွားဖြစ်တော့ဘူးပေါ့။
ခုလက်ရှိမှာ ကျွန်တော့် ပိုင်ဆိုင်တဲ့ စာအုပ်တွေ သိပ်မရှိတော့ပါဘူး။ သို့ပေမယ့် စာတွေကိုတော့ ဆက်ဖတ်ဖြစ်နေတုန်းပါပဲ။ အရင်ကထက်တောင် တစ်အုပ်ချင်းကို ဂရုတစိုက် ပိုဖတ်ဖြစ်နေပါသေးတယ်။ ပိုဆင်ခြင် မိနေပါသေးတယ်။ စာအုပ်တွေနဲ့ ကျွန်တော် လမ်းခွဲခဲ့တယ်။ သို့ပေမယ့် စာအုပ်တွေကိုကျွန်တော် ချစ်နေဆဲပါပဲ။ ဒါကြောင့် ပြောကြတာဖြစ်မယ်။ " မပိုင်ဆိုင်လဲ ချစ်လို့ရတယ် " ဆိုတာ။
Keep Reading