SarPhat Author
အချိန်တွေ ရာသီတွေအလီလီ ပြောင်းလဲသွားပေမယ့် ငါ့ရင်ထဲက နင့်ကိုချစ်တဲ့ ချစ်ခြင်းတွေကတော့ အခုချိန်အထိ မပြောင်းလဲဘဲ ရင်ထဲမှာရှင်သန်နေဆဲပါ ချစ်သူ ။ နင်ကတော့ မှတ်မိတော့မယ် မထင်ပေမယ့် ငါ့မှတ်ဉာဏ်ထဲမှာတော့ နင်နဲ့စတွေ့ခဲ့တဲ့အချိန်က မနေ့တနေ့ကလိုပါဘဲ ။ အဲ့နေ့က ငါကျူရှင်နောက်ကျနေလို့ စက်ဘီးကိုအသည်းအသန်နင်းနေတဲ့အချိန် လမ်းချိုးကိုကွေ့လာတဲ့ နင့်စက်ဘီးကိုမမြင်ဘဲ ဝင်တိုက်မိခဲ့တယ် ။ အဲ့နေ့က အမှန်တကယ်မှားတာ ငါဆိုပေမယ့် နင့်ကိုတောင် ပြန်အော်မိခဲ့သေးတယ် ။ သေချာတယ် အဲ့နေ့ကနင်လည်း ဒေါသထွက်သွားမှာဘဲ blind ကြီး အအော်ခံရတာဆိုတော့ ။ နောက်ရက်လည်းရောက်ရော ကျူရှင်မှာ နင့်ကိုပြန်တွေ့ခဲ့ရတယ် ။ နင်က ကျူရှင်ကိုအသစ်ပြောင်းလာတဲ့ တစ်ယောက်တဲ့လေ ။ အဲ့နေ့က နင်တော့သိမှာ မဟုတ်ပေမယ့် ငါတော်တော်မျက်နှာပူနေခဲ့တာ ။ ပြီးတော့ စိတ်ထဲမှာလည်း ကြိတ်ပြီးပျော်နေခဲ့တယ် ။ ဘာလို့ဆို ငါကငယ်ငယ်လေးထဲက ကျူရှင်ဆို အိမ်မှာဘဲ ဆရာမခေါ်သင်ရတာများတယ် ။ အခုသင်တဲ့ ဆရာမတောင်မှ မေမေတို့နဲ့ အရမ်းရင်းနှီးလို့ ဆရာမအိမ်မှာ သွားသင်ရတာ ။ ပြီးတော့ ဆရာမကျူရှင်မှာကလည်း အတန်းကြီးတွေဘဲရှိတော့ ငါနဲ့ရွယ်တူသူငယ်ချင်း မရှိဘူးလေ ။ ငါ့အိမ်နဲ့ ကျောင်းကလည်းဝေးပြီးတော့ အိမ်အပြင်လည်း သိပ်မထွက်ရတော့ ငါအိမ်နားမှာ သူငယ်ချင်းတစ်ယောက်မှ မရှိခဲ့ဘူး ။ နင်ကျူရှင်ကို ရောက်လာတော့ အိမ်နားမှာ သူငယ်ချင်းရပြီဆိုပြီး ပျော်ခဲ့ရတယ် ။ ပြီးတော့ ငါစက်ဘီးတိုက်မိတဲ့ နေ့ကအကြောင်းကို ပြန်တောင်းပန်တော့ နင်ကအေးအေးဆေးဆေးဘဲ ကျေအေးပေးခဲ့တယ် ။ အဲ့နေ့က ငါတွေးမိခဲ့တာက နင်တော်တော် သဘောကောင်းတာဘဲလို့ပေါ့ ။ တကယ်လည်း နင်ကအရမ်းသဘောကောင်းပြီး ကြင်နာတတ်တဲ့ သူတစ်ယောက်ပါ ။ ငါ့အပေါ်ကိုလည်း အရမ်းအနွံတာခံခဲ့တယ် ။ ငါ့ဘက်က နင့်အပေါ် အနိုင်ယူခဲ့သမျှကိုလည်း တစ်ခါမှစိတ်မကွက်ခဲ့ဖူးဘူး ။ ငါသဘောကျတဲ့ IDOL တွေအကြာင်းပြောပြရင်လည်း အမြဲတမ်း စိတ်ရှည်လက်ရှည်နဲ့ နားထောင်ပေးခဲ့တယ် ။ ငါကပုံဆွဲပျင်းလို့ ကျောင်းကပထဝီပုံတွေဆွဲခိုင်းရင်လည်း တစ်ခါမှမငြင်းခဲ့ဖူးဘူး ။ နင်စာလုပ်စရာတွေ ရှိရင်တောင်မှ ငါ့ပုံတွေကိုဆွဲပေးခဲ့တယ် ။ မုန့်တွေဘာတွေ အတူတူသွားစားရင်လည်း အမြဲငါစားချင်တဲ့ဆိုင်ကိုဘဲ ဦးစားပေးခဲ့တယ် ။ ငါ့ကျောင်းကသူငယ်ချင်းတွေက ကဗျာတွေရေးလာကြတော့ ငါလည်းသူတို့လိုရေးသွားချင်တယ် ဒါပေမယ့် ရေးလည်းမရေးတတ်ဘူးလို့ပြောတော့ နင်ကနင်ရေးပေးမယ်လို့ ပြောပြီးနောက်တစ်ပတ်လောက်ကြာတော့ ကဗျာတွေအပြည့်ရေးထားတဲ့ စာအုပ်တစ်အုပ် ငါ့ကိုပေးခဲ့တယ်နော် ။ ငါကဒီလောက်အများကြီး နင်ဘယ်အချိန်မှာ ရေးလိုက်တာလဲလို့မေးတော့ ကျောင်းမှာအားတဲ့အချိန်တိုင်း ထုတ်ရေးထားတာလို့ ပြောခဲ့တယ် ။ သေချာပြန်စဉ်းစားရင် ငါကနင့်စီကို အရှုပ်ထုတ်တွေဘဲ သယ်လာခဲ့တာများတယ် ။ ငါတစ်ခုခုလိုချင်တာရှိရင်လည်း နင့်ကိုဘဲ ဂျစ်တိုက်ခဲ့မိတယ် ။ အဲ့အချိန်တုန်းက ရှေးလူကြီးတွေ ပြောနေကြ အနားမှာရှိတဲ့ အရာရဲ့တန်ဖိုးကို ဂရုမပြုမိတတ်ကြဘူး ဆိုတဲ့စကားအတိုင်း ငါလည်းနင့်တန်ဖိုးကို သတိမထားမိခဲ့ဘူး ။ ငါတို့တွေ ၁၀ တန်း ပြီးတော့ နင်တို့မိသားစု နိုင်ငံခြားကိုပြောင်းသွားတဲ့အခါမှ ငါလည်းနင့်တန်ဖိုးကို နားလည်လာခဲ့တယ် ။ ဒါပေမယ့် အဲ့အချိန်အထိလည်း ငါကနင့်ကိုချစ်မိနေမှန်း မသိခဲ့ဘူး ။ တဖြည်းဖြည်း အချိန်တွေကြာလာတာနဲ့အမျှ ငါနင့်ကိုပိုပိုပြီး လွမ်းလာခဲ့တယ် ။ ငါ့မှာသူငယ်ချင်းတွေ အများကြီးရှိနေပါရဲ့နဲ့ နင်ဆိုတဲ့ကွက်လပ်က တဖြည်းဖြည်း ပိုကြီးလာခဲ့တယ် ။ Uni မှာကောင်လေးတွေ ငါ့ကိုချစ်ရေးဆိုကြတဲ့အခါ အရင်ကနင်ရေးပေးတဲ့ ကဗျာတွေဖတ်ရင်း အတူတူရယ်မောခဲ့ကြတဲ့အချိန်တွေကို ပြန်မြင်ယောင်မိနေတတ်တယ် ။ V dayမှာ စုံတွဲတွေ ပန်းစည်း နှင့် ချောကလက်လေးတွေ ကိုင်သွားတာမြင်တိုင်း အရင်က V day နေ့တိုင်း ချစ်သူတွေဘဲ ချောကလက်ကျွေးကြတာမဟုတ်ဘူး ။ ကိုယ်ချစ်တဲ့ ဘယ်သူ့ကိုမဆို ချောကလက်ကျွေးလို့ရတယ် ။ နင်ကလည်း ငါ့အချစ်ဆုံးသူငယ်ချင်းမလို့ ချောကလက်ကျွေးတာဆိုပြီး အမြဲတမ်းချောကလက်လာကျွေးတတ်တဲ့ နင့်ကိုသတိရတယ် ။ အဖြူအစိမ်းနဲ့ကျောင်းသားလေးတွေကိုမြင်တိုင်း အရင်ကနင်နဲ့ငါရဲ့ပုံရိပ်လေးတွေကိုသတိရတယ် ။ အဲ့လိုနဲ့ဘဲ တဖြည်းဖြည်းနဲ့ ငါနင့်ကိုချစ်နေမိမှန်း သိလာခဲ့တယ် ။ ဒါပေမယ့် ငါအချစ်က အသိနောက်ကျခဲ့ပါတယ် ။ ငါနင့်ကိုချစ်နေမိမှန်း သိတဲ့အချိန်မှာ နင်ကငါနဲ့အဝေးဆုံးကို ရောက်နေခဲ့ပြီလေ ။ အဲ့ခေတ်က အခုလိုမျိုး social media တွေလည်း မဖွံ့ဖြိုးသေးတော့ နင်နဲ့အဆက်အသွယ်ရဖို့ ဆိုတာလည်း မဖြစ်နိုင်ခဲ့ဘူးလေ ။ အခုအချိန်ရောက်မှတော့ နင်လည်းအိမ်ထောင်တွေဘာတွေကျလောက်ရောပေါ့ ။ နင်ငါ့ကိုနိုင်ငံခြားသွားခါနီး နှုတ်ဆက်လက်ဆောင်အဖြစ် လာပေးခဲ့တဲ့ နင့်ဒိုင်ယာရီစာအုပ်လေးထဲက နင်ငါ့ကိုစတွေ့ထဲကသဘောကျခဲ့တာ ဆိုတဲ့အကြောင်းကိုဖတ်ရတော့ ငါပျော်ရမယ့်အစား မျက်ရည်တွေကျခဲ့မိတယ် ။ ငါတို့နှစ်ယောက်ရဲ့ အချစ်က အချိန်မနှောင်း ခဲ့ပေမယ့် အသိနောက်ကျခဲ့တယ်ချစ်သူရယ် ။ အကယ်၍ငါ့မှာသာ အခွင့်အရေးရှိခဲ့မယ်ဆိုရင် ငါလည်းနင့်ကိုချစ်နေတဲ့အကြောင်းတွေဝန်ခံချင်ပါရဲ့ ။
23.6.2024
Keep Reading