Author's Profile Photo

မြ (စံကားဝါမြေ)

23/06/2024

❝မွေးရပ်ဌာနေ စံကားဝါမြေ❞

5 mins read
Life Style
Personal Development
Culture
❝မွေးရပ်ဌာနေ စံကားဝါမြေ❞'s photo

❖ မြရဲ့ အပုဒ်(၁၀၀)မြောက် ဆောင်းပါးလေးကတော့ မြဘဝမှာ တန်ဖိုးထားပြီး ချစ်မြတ်နိုးရဆုံး မြရဲ့ "မွေးရပ်ဌာနေ စံကားဝါမြေ" အကြောင်းလေးကို ရေးသားတင်ဆက်သွားမှာပါရှင်။

❖ လူ့ဘဝကြီးထဲကို စတင်ဝင်ရောက်လာတာနဲ့ မိမိကို မွေးဖွားခဲ့တဲ့ အရပ်ဒေသဟာ (လုံးဝ)ကို မေ့ဖျောက်ပစ်လို့ မရတဲ့ "ဇာတိချက်ကြွေရာမြေ" ဖြစ်ပါတယ်ရှင်။ ယခုအချိန်က ပိုပြီး သိသာပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေအရ မြန်မာပြည်သူအများစုက နိုင်ငံရပ်ခြားတွေကို သွားရောက်လုပ်ကိုင်နေရတဲ့အခါ မိမိရဲ့ မွေးရပ်ဇာတိကို ပိုမိုလွမ်းဆွတ်လာမိကြမှာ အမှန်ပါပဲရှင်။

❖ ဒီတိုင်းပါပဲ ရောဂါဖြစ်ရင် ဆေးကုလို့ရတယ်။ အချဉ်ဓာတ်လိုနေရင် Vitamin-C စားပေးရမယ်။ Proteinဓာတ် လိုရင် Proteinပေါ့။ လိုအပ်သလို ကုသလို့ ရပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ မွေးရပ်ဌာနေကို လွမ်းဆွတ်သတိရလာရင်တော့ ဘယ်ဆေးသောက်သောက်၊ ဘယ်လိုပဲ ကုကု မပျောက်နိုင်ပါဘူးရှင်။

❖ အဲတာဆိုတော့ ဘယ်အရာကပဲ ဇာတိချစ်မြတ်နိုးစိတ်ကို နှစ်သိမ့်ပေးနိုင်သလဲဆိုရင် စာပေ၊ ကဗျာ၊ လင်္ကာ၊ ပန်းချီ၊ အဆို၊ အက၊ သီချင်းအစရှိသည့် အနုပညာများကသာ ကုသပေးနိုင်ပါတယ်ရှင်။

❖ ဘာ့ကြောင့် "အနုပညာ"လို့ တထစ်ချ ပြောရသလဲဆိုရင်

စာအုပ်မှာက
➠ ဆရာမခင်ခင်ထူးရဲ့ "အညာသူ/အညာသား ကျွန်မဆွေမျိုးများ"နဲ့

သီချင်းမှာကတော့
➠ ဆရာကြီးစန္ဒယားထွန်းညို ရေးသားထားသော "ကိုယ့်ရပ်ဌာနေ" သီချင်းတို့ကို ဖတ်ရှု၊ နားဆင်မိလျှင် ပိုပြီး တမ်းတသတိရမိပါလိမ့်မယ်ရှင်။

❖ ယခုလို စာအမြည်းလေး ပြောပြီးသွားပြီဆိုတော့ မြရဲ့ မွေးရပ်ဌာနေအကြောင်းလေးကို အစချီပါတော့မယ်ရှင်။

❖ မြရဲ့ ဇာတိချက်ကြွေ ဒေသလေးကတော့ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်လေး ဖြစ်ပါတယ်ရှင်။ မြချစ်လှစွာသော ကျောက်ပန်းတောင်းမြို့လေးရဲ့ Nicknameလေးရော မသိချင်ကြဘူးလားရှင်......။

❐ ကျောက်ပန်းတောင်းမြို့လေးရဲ့ Nicknameကတော့ "(စံကားဝါမြေ)" ဖြစ်ပါတယ်ရှင်။ အဲ့တာကြောင့်မလို့ မြရဲ့ ကလောင်အမည်မှာ "မြ (စံကားဝါမြေ)"ဆိုတာက မြရဲ့ ဇာတိကို ချစ်မြတ်နိုးစိတ်ကြောင့် အမြတ်တနိုး တန်ဖိုးထား ထည့်သွင်းထားတာပေါ့ရှင်။

✤ ကျောက်ပန်းတောင်းမြို့လေး ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းလေးကတော့....

❐ အနော်ရထာမင်းစောရဲ့ တာဝန်ပေးချက်အရ အမတ်ကြီး သီဟပတေ့က မြန်မာသက္ကရာဇ် (၃၀၇) ခုနှစ်မှာ ခေါင်းနီအိမ်ကန်အရှေ့ဘက်မှာရှိတဲ့ သရက်ချဉ်ရွာ၊ ညောင်စောက်ရွာ၊ မကျီးစောက်ရွာနှင့် လေးရွာအုပ်စု အစရှိတဲ့ ကျေးရွာပေါင်း (၄)ရွာကို စုပေါင်းပြီး ယခုကျောက်ပန်းတောင်းမြို့တည်ရာအရပ်မှာ တည်ထောင်ခဲ့ပါသတဲ့ရှင်။

❐ "ကျောက်ပန်းတောင်း"လို့ ခေါ်ဆ်ိုရခြင်းကတော့ ကုန်းတော်ကြီးဘုရားတည်ရှိရာ တောင်တန်းမှာ ကျောက်ပန်းများ ထူထပ်စွာ ပေါက်ရောက်နေတာကို တွေ့ရှိရခြင်းကြောင့် ကျောက်ပန်းတွေကို အစွဲပြုပြီးတော့ မြို့အမည်ကို

✽ (သေဠာ၊ ပုပ္ဖ၊ ပပ္ပက)

◈ သေဠာဆိုတာက ကျောက်၊
◈ ပုပ္ဖဆိုတာက ပန်း၊
◈ ပပ္ပကဆိုတာက တောင်။

❐ ကျောက်များ ပန်ဆင်ထားသကဲ့သို့ ရှိနေသောတောင်ကို အစွဲပြု၍ "ကျောက်ပန်းတောင်" ဟုခေါ်လာရာမှ ယခုအခါတွင် "ကျောက်ပန်းတောင်း" လို့ ခေါ်တွင်လာခဲ့ရပါတယ်ရှင်။

✤ ကျောက်ပန်းတောင်းမြို့ရဲ့ အကျယ်အဝန်းလေးကရော ဘယ်လောက်ကျယ်ဝန်းမယ် ထင်ပါသလဲရှင်....။

❐ မြရဲ့ ကျောက်ပန်းတောင်းမြို့လေးကို ပထဝီဝင် အနေအထားအရ ကြည့်မယ်ဆိုရင် မြောက်လတ္တီတွဒ် (၂၀) ဒီဂရီ (၃၂) မိနစ်နှင့် (၂၁) ဒီဂရီ (၀၅) မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် (၉၅) ဒီဂရီနှင့် (၉၅) ဒီဂရီ (၃၂) မိနစ်အကြားမှာ တည်ရှ်ပါတယ်။ အရှေ့မှ အနောက်သို့ (၂၆.၇၅၂) မိုင်၊ တောင်မှမြောက်သို့ (၂၈.၃၄၇) မိုင်ရှိပြီး (၇၅၈.၃၅) စတုရန်းမိုင် ကျယ်ဝန်းပါသတဲ့ရှင်။

❖ ကျောက်ပန်းတောင်းမြို့နဲ့ ဘယ်မြို့လေးတွေက အိမ်နီးချင်း ထိစပ်နေသလဲဆိုတာရော မသိချင်ကြဘူးလားရှင်.....။

✤ ကျောက်ပန်းတောင်းမြို့နယ်ရဲ့ အိမ်နီးချင်း မြို့နယ်လေးတွေကတော့

◈ အရှေ့ဘက်တွင် မိတ္ထီလာမြို့နယ်၊
◈ အနောက်ဘက်တွင် မြန်မာ့ ရှေး‌ဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံ-ညောင်ဦးနှင့် မကွေးတိုင်းရှိ ချောက်မြို့နယ်၊
◈ တောင်ဘက်တွင် မကွေးတိုင်းရှိ နတ်မောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်နှင့်
◈ မြောက်ဘက်တွင် ပုပ္ပါးတောင်၊ တောင်သာမြို့နယ်၊ မလှိုင်မြို့နယ်နှင့် မြင်းခြံမြို့နယ်တို့တည်ရှိသည်။

✽ *အရှေ့သွား ဆိပ်ဖလူး၊ အနောက်သွား ဒဝါး၊ တောင်သွား ကံနီ၊ မြောက်သွား ကျွန်းခင်းကြီး"ဆိုပြီးတော့လည်း ကျောက်ပန်းတောင်းမြို့ရဲ့ အစွန်ဆုံးမှာရှိတဲ့နေရာလေးတွေကို ရှေးလူကြီးများက တဘောင်‌ပြောကြားခဲ့ပါသေးတယ်ရှင်။

◈ အရှေ့ဘက်မှာဆိုရင် ဆိပ်ဖလူးကန်အထိ၊
◈ အနောက်ဘက်မှာဆိုရင် ဘိုးတွင်းဒဝါးအထိ၊
◈ တောင်ဘက်မှာဆိုရင် ကံနီအထိ၊
◈ မြောက်ဘက်မှာဆိုရင် ကျွန်းခင်းကြီးအထိ ကျောက်ပန်းတောင်းမြို့တော်ကြီးက ကျယ်လိမ့်မယ် လို့လည်း ရှေးလူကြီးများရဲ့ တဘောင်အရ သိရပါတယ်ရှင်။

✤ ကျောက်ပန်းတောင်းမြို့မှာ

➠ တနင်္ဂနွေ အုဋ်ကျောင်းဘုရား၊
➠ တနင်္လာ ကုန်းတော်ကြီးဘုရား၊
➠ အင်္ဂါ စေတီကြီးဘုရား၊
➠ ဗုဒ္ဓဟူး ရွှေတောင်ဦးဘုရား၊
➠ ရာဟု ဘုရား (၄)ဆူ၊
➠ ကြာသပတေး မြတ်ရွှေဂူ၊
➠ သောကြာ သက်တော်ရ၊
➠ စနေ ဘုရားနီ ဆိုပြီးတော့ နေ့နံအလိုက် ဘုရား၊ စေတီ၊ ပုထိုးများလည်း တည်ထားပါတယ်ရှင်။

မြတို့ ကျောက်ပန်းတောင်းမြို့ဟာဆိုရင် ဘာသာတရားကို အလွန်အင်မတန်မှ ရိုသေကိုင်းရှိုင်းကြတဲ့အပြင် ကျောက်ပန်းတောင်းမြို့မှာဆိုရင်လည်း

◈ ဘုရားစေတီတွေ၊
◈ ဘုန်းကြီးကျောင်းတွေ၊
◈ စာသင်တိုက်ကြီးတွေ၊
◈ မယ်သီလရှင်ကျောင်းတွေ၊
◈ နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းတွေ၊
◈ ဓမ္မစကူးလ်ကျောင်းတွေ အစရှိသဖြင့် ပေါများစွာတည်ရှိသော မြို့တစ်မြို့ ဖြစ်ပါတယ်ရှင်။

✽ ဒါ့ကြောင့်မလို့ မြတို့ ကျောက်ပန်းတောင်းမြို့ကို "အဖြူအမည်း (လုံးဝ) မရောတဲ့မြို့" ဆိုပြီးတော့တောင် တင်စားခံထားရတဲ့အဆင့်ထိပေါ့နော်။

❖ ကဲ.... အဲ့တာဆိုရင် ဘာ့ကြောင့် "အဖြူအမည်း (လုံးဝ) မရောတဲ့မြို့" လို့ ပြောရသလဲဆိုရင်....

❐ "အဖြူ" ဆိုတာက တရုတ်ဘုရားကျောင်းတွေ (လုံးဝ) တစ်ခုလေးဆို တစ်ခုလေးမှကို မရှိတဲ့မြို့၊

နောက်တစ်ချက်က "အမည်း" ဆိုတာက ကုလားလူမျိုးတွေရဲ့
(၁)ဗလီဘုံကျောင်း၊
(၂)ခရစ္စယာန်ကျောင်း၊
(၃)ခရစ္စမတ် အဆောက်အဦး
တစ်ခုဆို တစ်ခုမှကို (လုံးဝ) မရှိတဲ့ မြို့ပဲ ဖြစ်ပါတယ်ရှင်။

❖ *တောင် (၄)လုံး ၊ ကုန်း (၄)ကုန်း ၊ တံခါး (၄)ခု နဲ့ ဝိုင်းကာထား* ဆိုပြီးတော့ ကျောက်ပန်းတောင်းမြို့နဲ့ပတ်သက်ပြီး ရှေးလူကြီးများ ဆိုထားခဲ့သော တဘောင်များလည်း ရှိပါသေးတယ်ရှင်။

✤ အဲတာဆို တောင် (၄)လုံး ၊ ကုန်း (၄)ကုန်း ၊ တံခါး (၄)ခုက ဘာလေးတွေများ ဖြစ်မလဲဆိုတော့....

✽ တောင် (၄)လုံး
➠ [ ပုပ္ပါးတောင်၊ တောင်နီတောင်၊ ကောင်းဒီတောင်၊ ခင်တန်းတောင်(ဂွေးချိုတောင်)]

✽ ကုန်း (၄)ကုန်း
➠ (ညောင်ပင်ကုန်း၊ သားသတ်ကုန်း၊ ဆေးရုံကုန်း၊ ကံနှစ်ဆင့်ကုန်း)

✽ တံခါး (၄)ခု
➠ (တောင်ကျောက်တံခါး၊ မြောက်ကျောက်တံခါး၊ တံခါးမ၊ တံခါးကြီး) တို့နဲ့ ဝန်းရံထားပါတယ်ရှင်။

❖ *မင်း ဘဏ္ဍာ မြို့လယ်တည်* ဆိုတဲ့အတိုင်း ဘဏ်တွေက မြို့ရဲ့ အလယ်မှာ တည်ရှိပါတယ်။ ပို့ဆောင်ဆက်သွယ်ရေးမှာလည်း ကျောက်ပန်းတောင်းမြို့မှ အနယ်နယ် အရပ်ရပ်ကို ကားလမ်းဖြင့် ချိတ်ဆက်ထားပါတယ်။ မြတို့မြို့မှာ လေကြောင်းလမ်း မရှိသေးပေမယ့် ကားဂိတ်တွေနဲ့ Expressကားတွေဟာဆိုရင် တောင်လိုပုံနေတာမို့ ဘယ်ချိန်၊ ဘယ်သွားချင်လဲ ချက်ချင်းအဆင်ပြေချောမွေ့စေပါတယ်ရှင်။

❖ ကျောက်ပန်းတောင်းသူ/သားများက ဖော်ရွေပျူငှာပြီး ယဉ်ကျေးသိမ်မွေ့ကြတဲ့အပြင် အပြောအဆို ချိုသာရိုးသားကြ‌တာကလည်း မြကို ကြည့်ခြင်းအားဖြင့် သိမြင်နိုင်ပါတယ်နော်။ ?

❖ ဒီအချက်လေးကတော့ မြက ကိုယ့်မြို့ကို ဂုဏ်ဖော်ပြီး ပြောပြနေတာ မဟုတ်ရပါဘူးရှင်။ မြရဲ့ ဆရာမတစ်ယောက်က ပြောဖူးပါတယ်။ "ဆရာမက ဆရာအတတ်ပညာကို "ခွင်"လို့ သုံးနှုန်းတဲ့ ကျောက်ပန်းတောင်းမြေကနေ ရခဲ့တာမလို့ ဆရာမအတွက် မမေ့နိုင်တဲ့ မြို့လေးတစ်မြို့ပါ။ ကျောက်ပန်းတောင်းသူ/သားတွေရဲ့ ‌ဖော်ရွေရိုးသားမှုက စံထားလောက်ပါတယ် သမီးလေးရေ....." ဆိုပြီးတော့ ပြောပြခဲ့ဖူးပါတယ်ရှင်။

❖ စကားအရာမှာလည်း အညာလေသံပါနေကြပါတယ်။ ဥပမာ မြဆိုရင် "မနက်ခင်း၊ နံနက်ခင်း" လို့ ပါးစပ်ကနေ မပြောတတ်ပါဘူး။ "မနက်ကြီး" လို့ပဲ ပြောတတ်ပါတယ်ရှင်။ နောက်တစ်ခုက "ခုနစ်၊ ခွန်" ကို "ခွင်"လို့ ပြောတဲ့အရပ်ဒေသဆိုပြီးတော့လည်း နာမည်ကြီးပါသေးတယ်ရှင်။

✤ လည်ပတ်စရာနေရာလေးတွေကတော့...

❐ ကြက်မောက်တောင်ဆည်၊ ရုပ်ရှင်ရုံ၊ ပန်းခြံ၊ ကစားကွင်း၊ ဈေး၊ စံပယ်ပင်ကန်၊ ထိန်ကန်၊ ကောင်းဒီတောင်တက်ခြင်း၊ ပုပ္ပါးတောင်တက်ခြင်း၊ ပုဂံ-ညောင်ဦး ဘုရားဖူးသွားခြင်းတွေကို မိသားစု၊ သူငယ်ချင်း/မိတ်ဆွေတွေနဲ့ အတူတူ သွားရောက်ပြီး ပျော်ရွှင်မှုအနှစ်သာရတွေကို ခံစားနိုင်ဖို့ရာ အိမ်ရှင်လေးမြက လိုက်ပို့ပေးမှာပေါ့ရှင်။

❖ လူတိုင်း သဘောကျကြတဲ့ အစားအစာအရာမှာလည်း လွန်စွာမှ စားစရာ ပေါများလှတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်ရှင်။ မနက်ကြီးစာဆိုရင် မုန့်ဟင်းခါး (အသုပ်၊ အရည်ပျော်)၊ ရှမ်းခေါက်ဆွဲ၊ ဒံပေါက်၊ အီကြာကွေး၊ ပလာတာ၊ နံပြား၊ လက်ဖက်ရည်၊ ကော်ဖီ၊ စားတော်ပဲ၊ ပဲကြီးဥ၊ ကောက်ညှင်းပေါင်း၊ ငချိတ်ပေါင်း၊ ထမင်းကြမ်းကြော်နှင့် အကြော်စုံ အများကြီးထဲကမှ ဘယ်ဟာစားချင်လဲပြော မနက်ကြီးစာမှာတင် ကျောက်ပန်းတောင်းမြို့ကနေ မခွဲခွာချင်လောက်အောင် စွဲဆောင်နိုင်ပါတယ်ရှင်။

❖ ဒါ့အပြင် ကျောက်ပန်းတောင်းမြို့ရဲ့ နာမည်အကြီးဆုံး အစားအစာလေးတွေကတော့ မုန့်ပြားသလက်နဲ့ အာလူးကြော်ဖြစ်ပါတယ်ရှင်။ မုန့်ပြားသလက်ကတော့ မြဘဝမှာ (၃)နှစ်အရွယ်လောက်ကတည်းက ယခု အသက်(၁၇)နှစ်ထိတိုင်အောင် ရိုးအီသွားခြင်းမရှိတဲ့ ဘဝမှာ အကြိုက်ဆုံး မြန်မာပီဇာလေးပေါ့ရှင်။ မြ အခုလိုပြောလိုက်တာနဲ့တင် မုန့်ပြားသလက်က ဘယ်လောက်ထိ အရသာရှိပြီး ကောင်းလွန်းတယ်ဆိုတာကို ပြောနေစရာ မလိုတော့ပါဘူးလို့ ထင်ပါတယ်ရှင်။

❖ အာလူးကြော် ဆိုသည်မှာလည်း မြတို့ ကျောက်ပန်းတောင်းက အာလူးကြီး စိုက်ပျိုးထုတ်လုပ်တဲ့ အရပ်ဒေသ မဟုတ်ပါဘူးရှင်။ အာလူးသီးကို တခြားမြို့တွေက မှာယူပြီးမှ ကြော်ရတာပါ။ ဒါပေမယ့် ကျောက်ပန်းတောင်းအာလူးကြော်ကို မီအောင် ကြော်ကြပေမယ့် ဘယ်ဒေသကမှ မကြော်နိုင်ကြပါဘူးတဲ့ရှင်။ အဲဒီအချက်လေးကတော့ အာလူးကြော်နဲ့ ကျောက်ပန်းတောင်းရဲ့ ထူးခြားချက်လေးပေါ့ရှင်။

❖ မြရဲ့ ကျောက်ပန်းတောင်းမြို့ဟာ အညာဒေသ ဖြစ်တဲ့အတွက် ထန်းလျက်စစ်စစ်ကို ရရှိနိုင်ပါသေးတဲ့အပြင် မန်းကျည်ပင်တွေက အိမ်တိုင်းလိုလိုမှည ရှိတဲ့အတွက် မန်ကျည်းသီးလည်း ပေါများပါတယ်ရှင်။ မြတို့အိမ်မှာတောင် ထောင့်(၄)ထောင့်မှာ မန်းကျည်းပင်တွေ ဝိုင်းနေပါတယ်ရှင်။ ဒါ့အပြင် ပဲအမျိုးမျိုး၊ ပဲဆီ၊ နှမ်းဆီနဲ့ နဂါးမောက်သီးတို့လည်း ရရှိနိုင်ပါသေးတယ်ရှင်။

♡‌ ကဲ အဲတာဆိုတော့ ယခုမြရဲ့ ဆောင်းပါးလေးကို ဖတ်ရှုပြီးချိန်မှာ မြတို့ရဲ့ အညာဒေသလေးဖြစ်တဲ့ ကျောက်ပန်းတောင်းမြို့လေးဆီကို အခါအခွင့်သင့်ရင် အလည်လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

♡‌ လက်ဆောင်အနေနဲ့ မြရဲ့ ကျောက်ပန်းတောင်းမြို့ဖိတ်ခေါ်သံ သီချင်းလေးကို နားသောတဆင်လိုပါက ယခု လင့်လေးထဲမှာ သွားရောက်နားဆင်နိုင်ပါတယ်ရှင်။

✮ ကျောက်ပန်းတောင်းမြို့ ဖိတ်ခေါ်သံတေး

➠ https://t.me/Author_Mya_2710/202


✮ ကျောက်ပန်းတောင်းမြို့တော်ကြီးအတွက် တေးသီချင်းတစ်ပုဒ် "This is my town."

➠ https://t.me/Author_Mya_2710/203


စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
23.6.2024(Sunday)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)