အက္ခရာ - Haruki
ကျွန်တော်စာအုပ်ကလေးတစ်အုပ်မှာ သောမတ်(စ်) အယ်ဖာအက်ဒီဇင်အကြောင်းကို အမှတ်မထင်ဖတ်မိလိုက်တယ်။ အထူးသဖြင့်တော့ သူ့ဘဝရဲ့ ခက်ခဲပင်ပန်းပုံတွေနဲ့ သူဘယ်လိုကြိုးစားပြီး ၂ဝ ရာစုရဲ့ အကြီးမြတ်ဆုံး တီထွင်သူတစ်ယောက် ဖြစ်ခဲ့လဲဆိုတာတွေရေးထားတာပေါ့။
ဖတ်ရင်းနဲ့ အက်ဒီဇင်ရဲ့ဘဝဟာ စာလေးတစ်စောင်နဲ့ စတင်ခဲ့တယ်ဆိုတဲ့အကြောင်းလည်း သိခဲ့ပါတယ်။ ( စာအုပ်က စိတ်ခွန်အားပေးစာအုပ်ဆိုတော့ စာရေးသူကပဲ ဖန်တီးရေးထားသလား၊ အဖြစ်မှန်ကိုပဲရေးထားသလားဆိုတာတော့ ကျွန်တော်လည်းသေချာမပြောတတ်ပါဘူး။ )
တစ်နေ့ အက်ဒီဇင်လေး ကျောင်းကပြန်လာတဲ့အချိန် သူ့အတန်းပိုင်ဆရာမက သူ့ကို စာလေးတစ်စောင် ပေးလိုက်ပါတယ်။ “အက်ဒီဇင်… ဒီစာလေးကို ယူသွားပါ။ ပြီးရင် မင်းအမေကို ပေးလိုက်ပါ" တဲ့လေ။
အဲဒီတုန်းက အက်ဒီဇင်လေးဟာ သူ့တစ်သက်တာမှာ ကျောင်းစတက်ဖူးတာ လပိုင်းလောက်ပဲ ရှိသေးတာဆိုတော့ စာကိုမဖတ်တတ်သေးပါဘူး။ ဒါကြောင့် သူက စာကိုလမ်းမှာလည်း ဖတ်မကြည့်သွားပါဘူး။
အိမ်ရောက်တဲ့အခါမှာတော့ သူဟာ ဆရာမပေးလိုက်တဲ့စာကို သူ့အမေလက်ထဲထည့်ပေးလိုက်ပါတယ်။ “အမေ… သားရဲ့အတန်းပိုင်ဆရာမက အမေ့ကို ဒီစာလေးပေးခိုင်းလိုက်ပါတယ်" တဲ့လေ။
ဒီအခါ သူ့အမေက စာကိုတစ်ချက်ဖတ်လိုက်ပြီး မျက်ရည်တွေ ရစ်ဝိုင်းလာပါတယ်။ နောက်တော့ စိတ်အားတင်းပြီး သူ့သားကို အသံကျယ်ကျယ်နဲ့ ဖတ်ပြလိုက်ပါတယ်။
“ရှင့်ရဲ့သားက ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တစ်ယောက်ပါ။ သူ့လိုလူအတွက် ကျွန်မတို့ကျောင်းက သေးငယ်သိမ်ဖျင်းလွန်းပါတယ်။ နောက်ပြီး သူ့ကို သင်ပြပေးနိုင်လောက်တဲ့ ထူးချွန်တဲ့ဆရာတွေလည်း ကျွန်မတို့ကျောင်းမှာ မရှိပါဘူး။ ဒါ့ကြောင့် ရှင့်ရဲ့သားကို ရှင်ကိုယ်တိုင်ပဲ အိမ်မှာသင်ကြားပေးပါ” တဲ့။
အဲဒီနောက်မှာတော့ အက်ဒီဇင်လေးဟာ သူ့အိမ်မှာပဲ သူ့အမေရဲ့ သင်ကြားပေးမှုနဲ့ လူလားမြောက်ခဲ့ရပါတော့တယ်။ သူ့ဘဝမှာ ကျောင်းဆိုတာကို လပိုင်းလောက်သာတက်ခဲ့ဖူးပါရဲ့။
နောင်နှစ်ပေါင်းများစွာ ကြာလာတဲ့အခါမှာတော့...
သူ့အမေလည်း ဆုံးပါးသွားခဲ့သလို၊ သူလည်း ကျွန်တော်တို့သိတဲ့ ကမ္ဘာပေါ်က အအောင်မြင်ဆုံးလူတစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်။
တစ်နေ့ သူအိမ်သန့်ရှင်းရေးတွေလုပ်ပြီး မလိုအပ်တဲ့ မိသားစုပိုင်ပစ္စည်းအဟောင်းတွေကို စွန့်ပစ်ဖို့လုပ်ပါတယ်။ အဲဒီအချိန် မှာ အံဆွဲတစ်ခုရဲ့ထောင့်နားကနေ စာရွက်ခေါက်လေးတစ်ခု ထွက်ကျလာပါတယ်။ သူလည်း ဘာရယ်မဟုတ် ယူဖတ်လိုက်မိပါတယ်။
စာစောင်ထဲကစာလေးက - ?
“ရှင့်သားက ဉာဏ်ရည်မမီတဲ့ ကြောင်တောင်တောင်တစ်ဦးဖြစ်ပါတယ်။ မနက်ဖြန်ကစပြီး သူ့ကို ကျောင်းလုံးဝ မပို့လိုက်ပါနဲ့တော့” တဲ့။
အက်ဒီဇင်ဟာ ဒီစာကိုမြင်တော့ ခဏတာရှော့ခ်ရသွားပါတယ်။ ပြီးတော့ နာရီပေါင်းများစွာ ငိုကြွေးနေမိပါတော့တယ်။ ငိုလို့ပြီးသွားတဲ့အခါမှာတော့ သူက ဒိုင်ယာရီထဲမှာ စာလေးတစ်ကြောင်း ရေးသားလိုက်ပါတော့တယ်။
“ဉာဏ်ရည်မမီတဲ့ ကြောင်တောင်တောင် အက်ဒီဇင်ဟာ သူရဲကောင်းမိခင်ကြီးကြောင့် ရာစုနှစ်ရဲ့ အကြီးမြတ်ဆုံး တီထွင်သူတစ်ဦး ဖြစ်ခဲ့ရပါတယ်” တဲ့ခင်ဗျာ။
ဒီနေရာမှာ လူအများစုကတော့ အက်ဒီဇင်ဆိုတဲ့သူဖြစ်လာတာ သူ့အမေနဲ့သူကိုယ်တိုင်က အဓိကအခရာကျတယ်ဆိုတာသိမှာပါ။ ဒါပေမယ့် ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ပတ်ဝန်းကျင်ပါ။
ဟုတ်တယ်၊ အက်ဒီဇင်ရဲ့ကျောင်းဆရာမက ဘာကြောင့် သူ့အပေါ် ကြိုတင် နမိတ်အမှားကြီး ဖန်တီးခဲ့ပါလိမ့်။ အကယ်၍ ဒီစာကို အက်ဒီဇင်ကသာ လမ်းမှာကတည်းကဖတ်ခဲ့မိရင် အက်ဒီဇင့်ဘဝ ဘာတွေဆက်ဖြစ်သွားမလဲခင်ဗျာ။
ဟုတ်ပါတယ်.... သူဟာကလေးမလို့ စိတ်ဓာတ်တွေ အကြီးအကျယ် ပြိုလဲပျက်စီးသွားနိုင်ပါတယ်။နောက်ပြီး သူတို့ရဲ့ခန့်မှန်းချက်တွေ၊ ထင်မြင်ချက်တွေက လည်းမှားနေပါတယ်။
ဒီလိုဆို ကျွန်တော်တို့ဘဝမှာရော...။
ပတ်ဝန်းကျင်ကတော့ ကျွန်တော်တို့အပေါ် သူတို့သိသလောက်၊ သူတို့မြင်သလောက်နဲ့ ဝေဖန်လေကန်နေမှာပါပဲ။
ဒါကြောင့် ပတ်ဝန်းကျင်ကို သိပ်ပြီးအလေးထား ဂရုစိုက်နေစရာ မလိုပါဘူး။ တစ်ခါတလေ ပတ်ဝန်းကျင်ဆိုတာက ကျွန်တော်တို့ကို ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုပေးတတ်ပါတယ်။ ဒါကို သတိရပါ။ မဟုတ်ရင် ကျွန်တော်တို့တွေရဲ့ဘဝတွေမှာ ပိတ်ပင်မှုတွေ ပြည့်နေပါလိမ့်မယ်။
ဒီတော့...
စာဖတ်သူလေးအနေနဲ့
အောင်မြင်ချင်တယ်၊ တိုးတက်ချင်တယ်ဆိုရင်
ပတ်ဝန်းကျင်ကို သိပ်ပြီးအလေးမထားပါနဲ့။
( လုံးဝကြီး အလေးမထားခိုင်းတာမဟုတ်ဘူးနော်။ အလွန်အကျွန် အလေးမထားစေချင်တာပါ။ )
နောက်ပြီး ပတ်ဝန်းကျင်ဆိုတာမျိုးက
အမြဲတမ်းလိုလို သူတို့ပေတံနဲ့ပဲ
တိုင်းတတ်ကြတယ်ဆိုတာ သတိရနေပါ။
နွေဦးအက္ခရာ ( June 23, 2024 . 3:31 PM )
ကျွန်တော့်ရဲ့စာလေးတွေကို အားပေးဖတ်ရှုပေးနေလို့ ကျေးဇူးပါနော် စာဖတ်သူလေး။ ?
Keep Reading