အိမ်ပြေး ဒိုင်ယာရီ
" မင်းက minimalist ဆိုတော့ အမြည်း နည်းနည်းပဲ စားပေါ့ကွ "
.. အရက်ဝိုင်းထဲတွင် အမြည်းသမား ဖြစ်သော ကျွန်တော့်အား အသောက်သမား ကျွန်တော့် သူငယ်ချင်း တစ်ဦးမှ စနောက် ပြောဆိုခြင်း ဖြစ်ပါတယ်။
ထိုသူငယ်ချင်းကပဲ " မင်းက minimalist တစ်ယောက် မဟုတ်ဘူးလား၊ စာတွေကို ဘာလို့ ဒီလောက် အရှည်ကြီး ရေးနေရတာလဲ။ တိုတို တုတ်တုတ် တော်ရောပေါ့ " .. စသဖြင့်။ သူ့အမြင်မှာ minimalist တစ်ယောက် ဆိုရင် ဘာမဆို နည်းနည်း နှင့် တိုတိုရှင်းရှင်း ဖြစ်ရမယ်လို့နားလည်ထားဟန် တူပါတယ်။
တချိန်က ကျွန်တော်လဲ minimalism ကို အဲ့သည် အတွေးပုံစံ အတိုင်း သာမန်ကာ လျှံကာ နားလည် ထားမိခဲ့ပါတယ်။
ကျွန်တော် တွေ့မိသမျှ minimalist တွေက ဘာမဆို နည်းနည်းလေးတွေနဲ့ချည်းကိုး။ ပိုင်ဆိုင်မှု နည်းနည်း၊ ငွေကြေး ဥစ္စာ နည်းနည်း။ စားသောက် နေထိုင်တဲ့ ပမာဏ နည်းနည်း။ နေတဲ့ အိမ်ကလဲ ခပ်ကျဉ်းကျဉ်းတွေရယ်။ တချို့ minimalist တွေဆို အတည်တကျ နေထိုင်တဲ့ အိမ်ခြေကို မရှိကြဘူး။
ဒီလို အရာရာတိုင်းကို နည်းနည်းနဲ့ နေထိုင်နေတော့ကာ သူတို့ ရှင်သန်ရတာ ဘာအဓိပ္ပာယ်များ ရှိပါတော့မလဲလို့လဲ တွေးမိ ဖြစ်သေးရဲ့။
တဖြည်းဖြည်းနဲ့ နက်နက်နဲနဲ ဝင်ကြည့်ဖြစ်တော့မှ minimalist တွေဟာ ဘာမဆို၊ အရာရာတိုင်းကို နည်းနည်းလေးနဲ့ နေနေကြတာ မဟုတ်မှန်း၊ သူတို့ အတွက် အရေးမကြီးတဲ့ အရာတွေကိုသာ အနည်းဆုံးထိ လျော့ချနေကြမှန်း သိမြင်လာရပါတယ်။
တကယ့် အမှန်မှာ.. သူတို့ အတွက် အရေးမကြီးဘူးဆိုတဲ့ အရာတွေကို အနည်းဆုံးထိ လျှော့ချ လိုက်တာကြောင့် သူတို့ အတွက် တကယ် အရေးကြီးတဲ့ အရာတွေအဖို့..
များများ အချိန်ပေး၊
များများ အာရုံစိုက်၊
များများ ခံစား လာနိုင်ကြပါတယ်။
တစ်နည်း၊ သူတို့ စိတ်ကြိုက် ဘဝပုံစံကို များများ ရှင်သန် နေထိုင် လာနိုင်ကြတယ်လို့ တွေ့လာရပါတယ်။
ဒါကြောင့် Minimalism ဟာ Have Less, Live Less မဟုတ်ဘဲ Have Less, Live More ကို ဖြစ်စေတယ်လို့ မြင်မိပါကြောင်း။
Keep Reading