ကိုခန့်
မရပ်နဲ့
မင်းရဲ့ကြိုးစားမှုကို မရပ်တန့်လိုက်နဲ့။
ကြိုးစားပေမယ့် မအောင်မြင်လို့ "ကြိုးစားထားတာတွေက အလားကားပါပဲကွာ"ဆိုပြီး မင်းစိတ်ဓါတ်ကျနေပြီလား...
ဒါဆိုရင် အဲဒီစိတ်ကို ခေါင်းထဲကထုတ်ပစ်။
တစ်ကြိမ်မအောင်မြင်ရင် နောက်တစ်ကြိမ်ထပ်ကြိုးစား။
၉၉ ကြိမ် မအောင်မြင်ရင် အကြိမ် ၁၀၀ မြောက်ဆက်ကြိုးစား။
ကြိုးစားရမှာ မင်းတာဝန်။
နောက်ပြီး မင်းလက်လျှော့ချင်လာပြီ ၊ အားငယ်စိတ်တွေဝင်လာပြီဆိုရင် မင်းရှေ့မှာအောင်မြင်ခဲ့တဲ့သူတွေကို နမူနာယူ။
သောမတ်အယ်လ်ဘာအက်ဒီဆင်ကိုပဲကြည့်ဦး။
သူဘယ်လောက်ကြိုးစားခဲ့မယ်လို့ မင်းထင်လဲ ။
လျှပ်စစ်မီးသီးကိုတီထွင်နိုင်ဖို့အတွက် နှစ်တွေအကြာကြီး သူကြိုးစားခဲ့ရတာ ။
တစ်ကြိမ်တည်းကြိုးစားခဲ့တာ မဟုတ်ဘူး၊ အကြိမ်ကြိမ်။
ရပ်တန့်လိုက်ဖို့ မင်း ဘယ်တော့မှ မတွေးမိစေနဲ့။
ရလဒ်မကောင်းလို့၊ မအောင်မြင်လို့လည်း စိတ်မညစ်နဲ့။
ရလဒ်ကို ဂရုမစိုက်နဲ့၊ ကြိုးစားဖို့သာ အဓိကထား။
ကြိုးစားမှုတွေ လုံလောက်ပြီဆိုတာနဲ့ အောင်မြင်မှုဟာ နောက်ကလိုက်လာလိမ့်မယ်။ကိုယ့်အလုပ်ကိုယ်လုပ်။
နောက်ပြီး ဘယ်သူတွေဘာပြောပြော စိတ်တွေဝေဝါးမသွားနဲ့။
မင်းကို ပတ်ဝန်းကျင်က အကောင်းပဲပြောနေမှာ မဟုတ်ဘူး။
ကူညီမယ့်သူရှိတယ်ဆိုပေမယ့် ၁၀၀မှာ ၉၀လောက်က မင်းကိုတိုက်ခိုက်အပြစ်တင်မယ့်သူတွေ။
မင်းကြိုးစားတာကိုမြင်ရင် သူတို့တွေ မင်းကို လှောင်ကြ၊သရော်ကြလိမ့်မယ်။
မင်းရည်မှန်းချက်တွေ မှေးမှိန်သွားအောင်လည်း လုပ်ချင်လုပ်လိမ့်မယ်။
အဲဒါတွေကို မင်းထိန်းချုပ်လို့မရသလို၊ မင်းလုပ်ရပ်တွေအတွက်လည်း လိုက်ရှင်းပြနေစရာမလိုဘူး။
ခံစားနေရလောက်အောင်လည်း သူတို့ကမထိုက်တန်ဘူး။
မင်း အလုပ်သာမင်းလုပ်။
ဆက်ကြိုးစားနေ။
မင်းအောင်မြင်သွားပြီဆိုတာနဲ့ မင်းကြိုးစားနေစဥ်က မင်းကိုပြောခဲ့၊ ဝေဖန်ခဲ့တဲ့ ပါးစပ်တွေအလိုလိုပိတ်သွားလိမ့်မယ်။
နောက်တစ်ချက် မင်းသိရမှာက ရည်မှန်းကြီးရင်ကြီးသလောက် ပိုကြိုးစားရလိမ့်မယ်ဆိုတာပဲ။
လောကကြီးမှာ ဘယ်အရာမှ အလကားမရဘူး။
နောက်ပြီး ကိုယ့်ရည်မှန်းချက်ကို တကယ်ဖြစ်မြောက်လာစေဖို့အတွက် ကိုယ့်ရဲ့ကြိုးစားမှုတွေကလုံလောက်ရဲ့လားဆိုတာလည်း မင်းသေချာဆန်းစစ်ရလိမ့်မယ်။
ဆရာဝန်ဖြစ်ချင်တာလား။အင်ဂျင်နီယာ ဖြစ်ချင်တာလား။အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်ချင်တာလား။ နာမည်ကျော်Best Seller စာရေးဆရာကြီးတစ်ဦး ဖြစ်ချင်တာလား....
မင်းဖြစ်ချင်တာကို တိတိကျကျ သိဖို့လိုတယ်။
ဒ့ါပြင် ရည်မှန်းချက်ရှိပြီဆိုရင်လည်း ကြိုးစားဖို့အချိန်အားရော၊ လူအားရော ရင်းနှီးနိုင်ရမယ်။
ကိုယ့်ရည်မှန်းချက်ကို အကောင်အထည်ဖော်လို့ရသည်ထိ ကိုယ့်ရဲ့ကြိုးစားမှုတွေက လုံလောက်နေရမယ်။
ဆရာဝန်ဖြစ်ချင်တဲ့သူက တက္ကသိုလ်ဝင်တန်းမှာ "အောင်ရင်ပဲ ကျေနပ်ပါပြီ"ဆိုပြီး မကြိုးစားခဲ့ရင်တော့ သူဟာ သူ့ရည်မှန်းချက်နဲ့ ဝေးသွားမှာပဲ။ဒါကြောင့် မင်းဖြစ်ချင်တာတွေအတွက် မင်းမှာလုံလောက်တဲ့ကြိုးစားမှု ရှိကိုရှိရလိမ့်မယ်။
နောက်ပြီး တစ်ခုသတိပေးချင်တာက အလျင်မလိုပါနဲ့။
အခုရေတွင်းတူး အခုရေကြည်သောက်ချင်လို့တော့ ဘယ်ဖြစ်နိုင်မှာလဲ။
ကံကောင်းလွန်းသူလူနည်းစုကလွဲပြီး အောင်မြင်သူတိုင်းလိုလိုဟာ အချိန်တွေအများကြီးကြိုးစားခဲ့ရတာ။
အောင်မြင်မှုတွေရဲ့နောက်ကွယ်မှာ သူတို့တွေရဲ့ အများထက်ပိုတဲ့ကြိုးစားမှုတွေ၊ ရုန်းကန်မှုတွေ အများကြီးရှိတယ်ဆိုတာ မင်းသိထားဖို့လိုတယ်။
အောင်မြင်မှုတွေရဲ့ သဘောသဘာဝကိုက အချိန်ယူပြီး ဇွဲရှိရှိကြိုးစားရတာမို့ အကောင်းဆုံးကြိုးစားပါ။
မကောင်းတဲ့ရလဒ်တွေကို ခံစားမနေပါနဲ့။
စိတ်ရှည်ရှည်၊နည်းလမ်းမှန်မှန်နဲ့ ဆက်ကြိုးစာရင် မင်းလိုချင်တဲ့ရလဒ်ကောင်းတွေ မလွဲမသွေရလာပါလိမ့်မယ်။
ဒါကြောင့် ကြိုးစား ။ ၁၀၀%ပြည့်အောင်ကြိုးစား ။
မင်းသာ တကယ်ကြိုးစားခဲ့ရင် ဘယ်အရာမှ မင်းကို ရပ်တန့်လို့ မရတော့ဘူး။
မင်းလည်းဘယ်တော့မှ ရပ်တန့်ဖို့မတွေးဘဲဆက်ကြိုးစား။
အခုဒီစာကိုဖတ်နေစဥ်မှာ မင်းရဲ့ အောင်မြင်မှုကိုလိုလားတဲ့စိတ်တွေ တက်ကြွချင်တက်ကြွနေလိမ့်မယ်။
အဲဒီစိတ်ကို ထိန်းထား။
ခဏတာ တောက်လောင်တဲ့ကောက်ရိုးမီးမျိုးမဟုတ်ဘဲ ၊ မင်းရဲ့အောင်မြင်မှုကို လိုလားတဲ့စိတ်တွေဟာ ဖွဲမီးလို တမြေ့မြေ့တောက်လောင်နေရမယ်။
အခုဒီစာဖတ်ပြီးသွားရင် မင်းရဲ့တွေဝေနေတဲ့ စိတ်တွေ၊အပျင်းထူတဲ့စိတ်တွေကို လုံးဝဖျက်ဆီးပျက်ပြီး...
ပန်းတိုင်ရောက်အောင် ကြိုးစားတော့။
အခြားသူတွေလည်း ကြိုးစားနေကြမှာပဲ။
"သူတို့တောင် လုပ်နိုင်ရင် ငါကဘာလို့မလုပ်နိုင်ရမှာလဲ"ဆိုတဲ့ စိတ်ကိုမွေး။
ကြိုးစားပြလိုက်စမ်းပါ။
ကုန်ဆုံးပြီးခဲ့တဲ့ အချိန်တွေကို နှမြောမနေနဲ့။
အခုကစပြီးကြိုးစား။
မရပ်နဲ့ ဆက်ကြိုးစား။
ဒါဆိုရင် မင်းရဲ့ကြိုးစားမှုတွေနဲ့ ထိုက်တန်လာတဲ့တစ်နေ့...
မြေကြီးလက်ခတ်မလွဲ မင်းအောင်မြင်လာလိမ့်မယ်။
*****
စာဖတ်သူတို့အနေနဲ့ အခုကျွန်တော်ရေးသားထားတဲ့ စာလေးကိုဖတ်ပြီး စိတ်ခွန်အားတက်ကြွမှုတွေ ရသွားလိမ့်မယ်လို့ယုံကြည်ပါတယ်။ကျောင်းသားပဲဖြစ်စေ၊ ကိုယ်ပိုင်အလုပ် လုပ်ကိုင်ဖို့ ကြိုးစားနေသူတွေပဲဖြစ်စေ၊ ကိုယ့်ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေသူတွေပဲဖြစ်စေ တခါတလေမှာ လက်လျှော့ချင်စိတ်တွေ၊ အားငယ်စိတ်တွေ ဝင်လာတတ်တာမို့ စိတ်ခွန်အားတွေပြန်လည်မြှင့်တင်ပေးနိုင်ဖို့အတွက် ဒီစာလေးကို ရည်ရွယ်ရေးသားရခြင်းဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်သူတွေအနေနဲ့ ဒီစာကိုဖတ်ပြီး အသိတရားတစ်ခုခု၊ အတွေးအခေါ်တစ်ခုခု ရခဲ့တယ်ဆိုရင်၊ စိတ်ခွန်အားတက်ကြွလာတယ်ဆိုရင်ပဲ ကျွန်တော် အလွန်ဝမ်းသာရမှာပါ။အဲဒီ စိတ်ခွန်အားတွေ ၊ အသိတရားတွေကိုအသုံးပြုပြီး ကိုယ့်ရည်မှန်းချက်တွေအောင်မြင်လာဖို့ အကောင်းဆုံးကြိုးစားကြပါလို့လည်း တိုက်တွန်းလိုက်ပါရစေ။
ချစ်ရတဲ့စာဖတ်သူတွေအားလုံး ကိုယ်ရည်မှန်းချက်ကို ကိုယ်သိသော၊ ကြိုးစားချင်စိတ်ရှိသော၊ နည်းလမ်းမှန်စွာဖြင့် ကြိုးစားတတ်သော၊အခက်အခဲတွေ ကြုံလာခဲ့ရင် လက်မလျှော့တတ်သော ၊ အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်သော လူတော်လူကောင်းတွေ ဖြစ်ကြပါစေခင်ဗျာ။
*****
ကိုခန့်
Keep Reading