အက္ခရာ - Haruki
တစ်ခါတုန်းက တိုင်းပြည်ကို တိုးတက်ချမ်းသာပြီး သာယာ ဝပြောအောင်လုပ်ထားတဲ့ ဘုရင်ကြီးတစ်ပါးရှိသတဲ့။ သူ့တိုင်းပြည်မှာ ပြည်သူပြည်သားတွေကလည်း စိတ်ချမ်းသာကြသလို၊ ပျော်လည်း ပျော်ရွှင်ကြပါတယ်။
ဒါနဲ့ တစ်နေ့ကျတော့ ဘုရင်ကြီးက တိုင်းပြည်ထဲကို လှည့်လည်ကြည့်ဖို့ ဆုံးဖြတ်လိုက်သတဲ့။ အကြောင်းကတော့ ပြည်သူပြည်သားတွေ ဘယ်လိုနေထိုင်ကြသလဲဆိုတာ သိဖို့နဲ့ သူ့နိုင်ငံအတွင်းက သမိုင်းဝင်နေရာတွေ၊ တန်ခိုးကြီးဘုရားတွေကိုလည်း ဖူးဖို့ပေါ့။
ဒါပေမယ့် ဘုရင်ကြီးက သူ့တိုင်းပြည်ရဲ့ နေရာတိုင်းကိုတော့ ရထားလုံးနဲ့ သွားလို့မရခဲ့ဘူးတဲ့။ တချို့နေရာတွေမှာ ခရီးလမ်းက ခက်ခဲကြမ်းတမ်းတာကြောင့် လမ်းလျှောက်သွားရတာတွေလည်း ရှိပါတယ်။
ဒါပေမယ့် ဘုရင်ကြီးကလက်မလျှော့ပါဘူး။ သူသွားချင်တဲ့ နေရာတိုင်းကို ကုန်းကြောင်းဆိုလည်း ရောက်အောင်သွားပါတယ်။
အဲဒီလိုသွားတဲ့အခါ သူဟာ တိုင်းသူပြည်သားတွေနဲ့ ပိုပြီးထိ တွေ့ ခွင့်ရလိုက်တဲ့အတွက် မသိသေးတာများစွာကိုလည်း သိသွားပါတော့တယ်။ တိုင်းသူပြည်သားတွေကလည်း ဘုရင်ကြီးကိုမြင်တော့ ပျော်ကြတာပေါ့။ ရင်းရင်းနှီးနှီးလည်း စကားပြောခွင့်ရကြတာကိုး။
ခက်တာက ဘုရင်ကြီးဟာ လမ်းလျှောက်ရတဲ့အခါမှာ ထင်သလောက် ခရီးမပေါက်ပါဘူး။ လမ်းတွေက ကျောက်လမ်းတွေမို့ ကြမ်းတမ်းခက်ထန်နေတာကိုး။ သူ့ခြေထောက်တွေလည်း နာကျင်ဖူး ရောင်လာသတဲ့။ ဒါနဲ့ ဘုရင်ကြီးက စဉ်းစားတယ်။ နောက်တော့...
“လမ်းတွေက ကြမ်းလိုက်တာ။ ခဏလေးလာတဲ့ ငါဘုရင် တောင် ဒီလောက်နာကျင်ပင်ပန်းနေရင်၊ နေ့စဉ်ဖြတ်သန်းနေတဲ့ ငါ့ ပြည်သူတွေ ဘယ်လောက်တောင် ဆင်းရဲနေကြမလဲ။ ငါတစ်ခုခု လုပ်ပေးမှ ဖြစ်လိမ့်မယ်” လို့ ကြံစည်ရင်း၊ သူ့အတွေးကို မှူးမတ်တွေဆီ ပြောပြလိုက်ပါတယ်။
“အမတ်ကြီးတို့။ လမ်းတွေဟာ ကျောက်ခဲတွေကြောင့် ကြမ်းတမ်းလိုက်တာကွယ်။ နေ့စဉ်ဖြတ်သန်းနေတဲ့ ပြည်သူတွေ ဒုက္ခရောက်ကြရောပေါ့။
သူတို့အတွက် ငါ့မှာအကြံတစ်ခုရှိတယ်။ နောက်နေ့ကစပြီး ငါ့နိုင်ငံကလမ်းတွေကို သားရေတွေခင်းပြီး သားရေလမ်းတွေ အဖြစ်ပြောင်းလဲလိုက်တော့မယ်။ ဒါဆို ပြည်သူတွေ ခြေထောက်မနာတော့ဘူးပေါ့ ”
ဘုရင်ရဲ့စကားကို ကြားတဲ့အခါ မှူးမတ်အားလုံး မျက်လုံးပြူးသွားကြပါတယ်။ ဟုတ်တယ်လေ။ တစ်တိုင်းပြည်လုံးက လမ်းတွေကို သားရေခင်းဖို့ဆိုတာ လွယ်မှမလွယ်ဘဲ။ ငွေကြေးတွေလည်း အများကြီးကုန်နိုင်သလို၊ ကျွဲနွားတွေရဲ့ အသက်ပေါင်းများစွာလည်း သေကြေပျက်စီးသွားနိုင်တယ်လေ။
နောက်တော့ ပညာရှိအမတ်ကြီးတစ်ဦးက ဘုရင့်အနားကို တိုးကပ်သွားပြီး လျှောက်တင်လိုက်ပါတယ်။
“အရှင်မင်းကြီး... ကျွန်တော်မျိုးမှာ အကြံကောင်းတစ်ခုရှိပါတယ်။ လုပ်ဆောင်ခွင့် ပြုပေးပါ”
ဘုရင်ကြီးကလည်း သူယုံကြည်ရတဲ့ အမတ်ကြီးမို့ ခွင့်ပြုလိုက်ပါတယ်။
ဒါနဲ့ အမတ်ကြီးက ဘုရင့်ရဲ့ ခြေဖဝါးအတိုင်းကို ယူလိုက်ပြီး သားရေတစ်ခုနဲ့ ဖိနပ်တစ်ရန် ချုပ်လုပ်ပေးလိုက်ပါတော့တယ်။
“အရှင်မင်းကြီး။ ဒီဖိနပ်ကို စီးကြည့်ပေးပါ" ဘုရင်လည်း အမတ်ကြီးပေးတဲ့ဖိနပ်ကိုစီးပြီး လမ်းလျှောက် ကြည့်လိုက်ပါတယ်။ ဖိနပ်ဟာ ကျောက်ခဲတွေရဲ့ဒဏ်ကို ကောင်းစွာ ကာကွယ်နိုင်တာကို သိလိုက်ပါတော့တယ်။
အဲဒီနောက် ဘုရင်ကြီးလည်း ပြည်သူပြည်သားတွေအတွက် သားရေလမ်းအစား သားရေဖိနပ်တွေကိုသာ လိုအပ်သူတွေထံပေးဝေဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
နောက်ဆုံးမှာတော့ ဘုရင်ကြီးဟာ အမတ်ကြီးရဲ့ ကျေးဇူးကြောင့် စေတနာလည်း အထမြောက်ခဲ့သလို၊ မလိုအပ်တဲ့ ငွေကုန်ကြေးကျလည်း သက်သာသွားတဲ့အပြင်၊ ကျွဲနွား တွေရဲ့အသက်တွေလည်း ရှင်သန်သွားတော့တာပေါ့။
-------------------------------------
ဒီလိုပါပဲ...‼️
တချို့လူတွေဟာ ဒီပုံပြင်ထဲကဘုရင်ကြီးလိုပဲ တအားကိုစေတနာကောင်းကြပါတယ်။ တစ်ခုခုဆို ကူညီလိုက်မယ်၊ အားဖြည့်ပေးလိုက်မယ်၊ ထောက်ပံ့ပေးလိုက်မယ်ဆိုတဲ့ လူတွေရှိပါတယ်။ တကယ်ပဲ သူတို့ဟာ လူကောင်းတွေပါ။ တနည်းအားဖြင့် လူပီသတဲ့ လူတွေပေါ့။
ဒါပေမယ့် အဲဒီလို တစ်ဖက်သားကို စေတနာထားပြီး ကူညီတဲ့အခါ မလိုလားအပ်တာတွေ ဖြစ်မသွားဖို့တော့ လိုတာပေါ့။ ဉာဏ်နဲ့ယှဥ်တတ်ဖို့၊ စေတနာကနေ ဝေဒနာမဖြစ်သွားဖို့ပေါ့။ ကျွန်တော်တို့ကိုယ်တိုင်တောင် စေတနာကနေ ဝေဒနာဖြစ်သွားရတာတွေ ကြုံဖူးတယ်မဟုတ်လား။
ကိုယ်ကကောင်းစေချင်လို့လုပ်ပေးလိုက်တာက တစ်ဖက်သားရဲ့ဒုက္ခတွေ၊ အခက်အခဲတွေကို ဖြေရှင်းပေးရာမရောက်ဘဲ နှစ်ဆတိုးသွားစေတာမျိုးဖြစ်သွားတတ်ပါတယ်။
ဒီတော့ ဘာပဲလုပ်လုပ် ကိုယ့်အနေနဲ့
ဉာဏ်နဲ့ယှဉ်တွဲတတ်ဖို့ လိုပါတယ်။
ဉာဏ်မပါတဲ့ ကူညီမှုတွေဟာ
အလကားဖြစ်သွားတတ်လို့ပါပဲ။
ဆင်ပါးစပ် နှမ်းဖြူးသလို
အပေါ်ယံလုပ်နေလို့လည်း အကျိုးမရှိပါဘူးခင်ဗျာ။
နွေဦးအက္ခရာ ( June 22, 4:21 PM )
Keep Reading