Chuko
2010ကျော်ခုနှစ်များဆီသို့
ဇွန်လမိုးဖွဲလေးများကျပြီဆို စိတ်ကအလိုလိုပျော်ရွှင်လာမိတယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းတွေပြန်ဖွင့်ပြီလေ။ ကျောင်းကိုခင်တဲ့သူ၊ကျောင်းပျော်ဆိုတော့ တစ်နှစ်ပတ်လုံး ခွင့်တစ်ရက်တောင်မယူဘဲ ကျောင်းတက်ခဲ့ဖူးတယ်။ အဲ့အချိန်တွေတုန်းက စက်ဘီးတွေ၊ဆိုင်ကယ်တွေနဲ့ကျောင်းတက်တဲ့သူဆိုတာ ခပ်ရှားရှားရယ်။ ရွာကျောင်းဆိုတော့ မြို့ပေါ်ကျောင်းတွေလို ဟိတ်ဟန်တွေ အပြိုင်အဆိုင်တွေ မရှိဘူးပေါ့။ (အဲ့အချိန်များကိုဆိုလို)ကိုယ်တွေကျောင်းက ရွာကြီးတော့ အလယ်တန်းကျောင်းမို့ ဘေးရွာကကျောင်းသားတွေလာတက်ကြရတယ်။ မူလတန်းကျောင်းပဲရှိတဲ့ရွာကများတာကိုး။ ကျောင်းကို ခြေလျင်လျှောက်ပြီးလာတက်ကြရတယ်။ ကိုယ်တောင် ၃၅ မိနစ်လမ်းလျှောက်ရတယ်။ ရွာမှာမနေဘဲ ကွင်းတဲ(လယ်ကွင်းထဲမှာ တဲတွေ၊အိမ်တွေ ဆောက်ပြီးနေထိုင်တာကိုဆိုလို)မှာနေတာလေ။ တခြားရွာက ကျောင်းသားတွေက ၁ နာရီ၊၁နာရီကျော်၊၂နာရီနီးပါးလမ်းလျှောက်ပြီး ကျောင်းသွား ကျောင်းပြန်လုပ်ရတယ်လေ။ အဲ့တာလည်း ပျော်ပျော်ပဲ။ သူငယ်ချင်းတွေ စကားပြောကြရင်း ၊စကြနောက်ကြရင်း၊ကစားကြရင်းနဲ့ မငြီးမငြူကျောင်းတက်ခဲ့ကြဖူးတယ်။မိုးရေတွေထဲ သူငယ်ချင်းတွေ တပျော်တပါးကြီး လမ်းလျှောက်ခဲ့ကြဖူးတယ်။ အခုခေတ်လို ဖုန်းတွေလည်းမရှိသေးတော့ စကားတွေပိုပြောဖြစ်ကြတယ်။ ကျောင်းဆင်းချိန်ဆို လမ်းမပေါ်မှာ ကျောင်းသားကျောင်းသူ အရွယ်စုံ ဖွေးဖွေးလှုပ်။ အခုချိန်များ လမ်းမှာ ကျောင်းသားကျောင်းသူလေးများတွေ့ရင် ပြန်တမ်းတလွမ်းမောမိပါရဲ့၂၀၁၀ ကျော်နှစ်များဆီသို့။
အချိန်တွေက ကုန်လွန်တာမြန်လိုက်တာ။ ၁၃ နှစ်ဆိုတဲ့ အချိန်ကာလကိုကျော်လွန်လာခဲ့ပြီ။ ၁၃ နှစ်ကျော်အတိတ်ကာလတွေက ရှင်သန်လာခဲ့တဲ့နေ့ရက်ပေါင်းများစွာထဲမှာ အပျော်ရွှင်ဆုံး ခုနှစ်သက္ကရာဇ်တွေပေါ့။ နှစ်ခါပြန်မရနိုင်တဲ့ ငယ်ရွယ်မှုတွေ၊လွတ်လပ်မှုတွေ၊ပျော်ရွှင်မှုတွေ၊ဖြူစင်ခြင်းတွေ။ အိမ်ရှေ့ လမ်းပေါ်က ကျောင်းသားလေးတွေကိုငေးရင်း စိတ်ကအတိတ်ကကျောင်းသားဘဝကို ပြန်မြင်ယောင်မိတယ်။
အခုတော့ ဘဝရဲ့တာဝန်တွေကို ကိုယ်စီ ထမ်းဆောင်ကြရင်း တွေ့ဖြစ်တဲ့သူငယ်ချင်းတွေရှိသလို ဝေးကွာနေတဲ့ သူငယ်ချင်းတွေလည်းရှိတယ်။ အမြဲတမ်း သတိရလွမ်းဆွတ်နေတာမဟုတ်ပေမယ့် ဘယ်တော့မှလည်း မေ့ပျောက်လို့မရနိုင်တဲ့ အမှတ်တရတွေပေါ့။ အဖြူအစိမ်းဝတ်ကျောင်းသားဘဝဆိုတာ တန်ဖိုးထားမြတ်နိုးရတဲ့ အမှတ်တရတွေမဟုတ်ပါလား။
ဇွန်မိုးဖွဲလေးများကျပြီဆို
ခေါင်းလောင်းသံက
သာသာယာယာ ထွက်ပေါ်လာမြဲ
ကျောင်းဖွင့်ပြီ
သူငယ်ချင်းတွေနဲ့ ပြန်ဆုံနိုင်ပြီ
၃လအတွင်း မပြောဖြစ်ခဲ့တဲ့
စကားတွေပြောမကုန်ပါပဲ။
ကျောင်းတော်ကြီးကလည်း
ရယ်မောသံ အပြည့်နဲ့ အသက်ဝင်လို့
ကျောင်းသွားကျောင်းပြန်လမ်းတွေဟာ
ရှည်လျားပေမယ့် မမောပန်းခဲ့ပါဘူး။
သူငယ်ချင်းတွေနဲ့အတူ
လျှောက်လှမ်းနေရလို့နဲ့တူတယ်
အခုတော့လည်း
သူတို့လည်း သူတို့ဘဝလမ်းမှာ
ကိုယ်လည်း ကိုယ့်ဘဝလမ်းမှာ
မောပန်းပေမယ့် ဆက်လျှောက်လှမ်းနေရမှာပါပဲ။
တစ်နေ့တော့
တို့သူငယ်ချင်းတွေ
ဟန်ဆောင်မှုကင်းပြီး
လွတ်လပ်စွာအတူ ရယ်မောချင်ပါသေးတယ်။
#Chuko
Keep Reading