အက္ခရာ - Haruki
တစ်ခါတုန်းက အလွန်ပူပြင်းတဲ့ ကန္တာရတစ်ခုမှာ သစ်ပင်တစ်ပင်ဟာ ထီးထီးကြီး ပေါက်ရောက်နေသတဲ့။
သူ့ရဲ့အမြစ်တွေကလည်း သဲပူတွေကြားမှာ နစ်မြုပ်နေသလို၊ သူ့ရဲ့အခေါက်တွေကလည်း ပူပြင်းလွန်းတဲ့ ကန္တာရနေရှိန်ရဲ့ တိုက်စားမှုကို ခံနေရသတဲ့။ ဒါပေမယ့် အဲဒီသစ်ပင်ဟာ အပူရှိန်တွေကို အလျှော့မပေးဘဲခဲရာခဲဆစ် ရှင်သန်နေသတဲ့။
တခြားသောသစ်ပင်တွေကတော့ သူ့လို မဟုတ်ဘဲ ကန္တာရအပူရှိန်ကို မလွန်ဆန်နိုင်ကြလို့ သေသွားကြပါပြီ။ ဒါကြောင့် သူဟာ ကန္တာရအလယ်က အထီးကျန်သစ်ပင်တစ်ပင်ဖြစ်နေတော့တာပေါ့။
တစ်နေ့ကျတော့ သိမ်းငှက်တစ်ကောင်ဟာ ကန္တာရထဲကိုဖြတ်သန်းရင်း အဲဒီသစ်ပင်ရဲ့ ကိုင်းတစ်ကိုင်းမှာ နားခိုလိုက်သတဲ့။ ပြီးတော့ သစ်ပင်ကို စကားစပြောလိုက်တယ်။
ဒီ “အို.. ရူးမိုက်လွန်းတဲ့ သစ်ပင်။ အသင်ဟာ ဘာကြောင့် ကန္တာရထဲမှာ တစ်ပင်တည်း ရှင်သန်နေတာလဲ။ သင့်ကိုကြည့်ရတာပူလောင်မိသလို၊ သနားလည်း သနားမိတယ်။ အသင် ဘာကြောင့် အခုလို အထီးကျန်စွာ ရှင်သန်နေတာလဲ။ ကျုပ်အထင် အသင့်ကို လိုအပ်တဲ့သူ ဒီကမ္ဘာမှာ တစ်ယောက်မှ မရှိလောက်ပါဘူး” တဲ့လေ။
ဒီစကားကိုကြားတော့ အထီးကျန်သစ်ပင်က ပြန်ပြောလိုက်ပါတယ်။
“ဒီကမ္ဘာမှာ ကျုပ်ကို လိုအပ်တဲ့သူ ရှိပါတယ် အဆွေငှက်” သစ်ပင်ရဲ့စကားကိုကြားတော့ သိမ်းငှက်က စိတ်ဝင်စားသွားတယ်။ ပြီးတော့ ဘေးဘီဝဲယာကိုလည်း ဝေ့ဝဲကြည့်လိုက်တယ်။ ဘာမှမတွေ့။ သစ်ပင်ရဲ့ဝန်းကျင်မှာ သဲအတိဖုံးနေတဲ့ ကန္တာရပြင်ကြီး သာ ရှိလေရဲ့။ ဒီတော့ သိမ်းငှက်က ပြန်ပြောလိုက်တယ်။
“ဘယ်မှာလဲဗျ။ ကျုပ်တော့ မတွေ့ပါဘူး”
“ခင်ဗျားလေဗျာ”
သစ်ပင်ရဲ့စကားကိုကြားတော့ သိမ်းငှက်က မျက်လုံးပြူး မတတ် အံ့သြသွားတယ်။
“ကျုပ် ဟုတ်လား။ ပေါက်ပေါက်ရှာရှာဗျာ။ အသင့်ကို ကျုပ် မလိုအပ်ပါဘူး”
သိမ်းငှက်ရဲ့ တုံ့ပြန်သံကိုကြားလိုက်တဲ့အချိန်မှာတော့ သစ်ပင်က ချက်ချင်းပြန်ပြောလိုက်ပါတော့တယ်။
“မလိုအပ်ရင် ကျုပ်ရဲ့သစ်ကိုင်းပေါ်ကနေ အဆွေငှက် ဆင်းလိုက်ပါ။ ပြီးရင် သဲကန္တာရထဲမှာ သွားရပ်လိုက်ပါတော့”
အထီးကျန်သစ်ပင်ရဲ့ မထင်မှတ်ထားတဲ့ စကားကို ကြားတဲ့ အခါ သိမ်းငှက်ခမျာ ခပ်တွေတွေ ဖြစ်သွားရပါတော့တယ်။ ပြီးတော့ သူ ခဏငြိမ်ပြီး စဉ်းစားလိုက်ပါတယ်။ အဲဒီအချိန်မှာ သစ်ပင်က ဆက်ပြောလိုက်ပါတယ်။
“အဆွေငှက်။ တကယ်တမ်းတော့ ကျုပ်သာ ဒီကန္တာရထဲမှာ ရှိမနေရင် အသင်လည်း အထီးကျန်ငှက်တစ်ကောင် ဖြစ်နေမှာပါပဲ။ နောက်ပြီး ကျုပ်က ဘယ်သူ့ကိုမှ မလိုအပ်ပေမဲ့ အသင်ကတော့ ကျုပ်ကို လိုအပ်တယ်မဟုတ်လား”
နောက်တော့ သိမ်းငှက်လည်း သစ်ပင်ပြောတာကို သေချာ စဉ်းစားသုံးသပ်ပြီး လက်ခံလိုက်ပါတော့တယ်။
ပုံပြင်လေးက ဒါပါပဲ။ ?
------------------
ကျွန်တော်တို့ဘဝတွေမှာလည်း ဒီလိုပဲပေါ့။ တချို့လူတွေဟာ တခါတလေကိုယ့်ကိုယ်ကိုယ် အားငယ်နေတတ်ကြတယ်။ “ငါ့ကို ဘယ်သူမှ မလိုအပ်ဘူး” ၊ “အရေးဆို ငါ့အနားမှာ ဘယ်သူမှ မရှိဘူး” ဆိုပြီးပေါ့။
အမှန်က ကျွန်တော်တို့ဘဝမှာ ဘယ်သူ့ကိုမှလည်း တကယ်မလိုအပ်ပါဘူး။ ကိုယ်ရပ်တည်ဖို့၊ ကိုယ်ရှင်သန်ဖို့၊ ကိုယ်အောင်မြင်ဖို့ အတွက် ကိုယ့်ဘာသာ ကြိုးစားရမှာပါ။ အဲဒါကို ကိုယ့်အနားမှာ ဘယ်သူမှမရှိလို့ဆိုပြီး “အထီးကျန်”တယ် မထင်လိုက်ပါနဲ့။
နောက်ပြီး ‼️
လောကမှာ ကိုယ့်ကိုလိုအပ်တဲ့သူက အနည်းဆုံး တစ်ယောက်လောက်တော့ ရှိတယ်ဆိုတာသိထားပါ။ မိဘဖြစ်ဖြစ်၊ ညီအစ်ကိုမောင်နှမဖြစ်ဖြစ်၊ မိတ်ဆွေဖြစ်ဖြစ်၊ ချစ်သူဖြစ်ဖြစ်၊ ဒါမှမဟုတ် ကျွန်တော်တို့တစ်ခါမှမမြင်ဖူးသေးတဲ့ လူတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်လေ...။
အရေးကြီးတာက ကိုယ့်ဘဝကို သဲကန္တာရထဲက အထီးကျန် သစ်ပင်လို ဘယ်လောက်ခက်ခဲပါစေ၊ ဘယ်လောက်ကြမ်းတမ်းပါစေ ရှင်သန်နိုင်ဖို့ပါပဲ။
တစ်နေ့ကျရင် ကိုယ်ရှင်သန်နေတဲ့ ဘဝကြီးက တစ်စုံတစ်ယောက်ကို ကျေးဇူးပြုလာနိုင်ပါလိမ့်မယ်။ ဒါဆို ကိုယ်က လောကမှာ အသုံးကျသူတစ်ယောက် ဖြစ်လာပြီပဲ။
ဆိုတော့ . . .
ဘဝမှာ ကြိုးစားရှင်သန်ပါ။
ဘယ်အခက်အခဲမဆို ရအောင် ဖြတ်သန်းပါ။
မအောင်မြင်ခင်စပ်ကြား
သူတစ်ပါးရဲ့ ဝေဖန်သံတွေကို
နားမယောင်ပါနဲ့။
တစ်နေ့ ကိုယ်အောင်မြင်လာတဲ့အခါ
သူတို့တွေ ကိုယ့်ကို အလိုလို မှီခိုလာပါလိမ့်မယ်။
လူငယ်နှင့်ဘဝလက်ဆောင်စာအုပ်အား ကိုးကားရေးဖွဲ့ထားပါသည်။
နွေဦးအက္ခရာ
Keep Reading