Author's Profile Photo

Yara

16/06/2024

သည်းမခံသင့်ရင် သည်းမခံပါနဲ့

1 min read
Life Style
Personal Development
General Knowledge
သည်းမခံသင့်ရင် သည်းမခံပါနဲ့'s photo

လောကမှာ စိတ်ရှည်ပါ။ သည်းခံပါဆိုပြီး ပြောတဲ့စကားတွေကို ခဏခဏကြားဖူးကြမှာပါ။ နောက်ပြီး ပြောကြတဲ့ စကားတစ်ခုရှိပါသေးတယ် 'သည်းခံတယ်ဆိုတာ အတိုင်းအတာတစ်ခုပဲရှိတယ်' တဲ့...။ အဲ့ဒီ အတိုင်းအတာဆိုတာ ဘာကိုပြောတာလဲ?။ ကျွန်မငယ်ငယ်က သဘောမပေါက်ခဲ့ပါဘူး ...။

နောက်တော့ ပြောကြတဲ့ 'အတိုင်းအတာ တစ်ခုထိ' ဆိုတာက ကိုယ့်ရဲ့ ခံနိုင်ရည်စွမ်းရှိသလောက် သည်းခံဖို့ပြောမှန်း သဘောပေါက်ခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်မ အမြင်ပြောရရင် တော့ သည်းမခံသင့်ရင် သည်းမခံတာက အကောင်းဆုံးပါပဲ။

အတိုင်းအတာတစ်ခုထိ သည်းခံတယ်‌ဆိုတာက တကယ်တော့ ကိုယ့်ကိုကိုယ် ချိုးနှိမ်ခြင်းတစ်မျိုးပါ။ ကိုယ့်ရင်ထဲက စကားတွေ၊ ပြောချင်တာတွေကို တံထွေးမြိုချပြီး တပ်ခေါက်ပစ်လိုက်တာဟာ အရှိန်အဟုန်နဲ့ ပေါက်ထွက်လာမယ့် မီးတောက်တစ်ခုကို စ‌မွှေးလိုက်သလိုပါပဲ။ တစ်ကြိမ်ကနေ နှစ်ကြိမ်၊ နှစ်ကြိမ်ကနေ သုံးကြိမ်၊ သုံးကြိမ်ကနေ လေးကြိမ်... ဘယ်နှကြိမ်အထိ ခံနိုင်ရည်ရှိမှာလဲ?။ 'လုပ်လို့ရလို့ လုပ်တယ်' ဆိုတာကိုလည်း သိကြမှာပါ။ လူတိုင်းက ဆတ်ဆတ်ထိမခံ စွာတဲ့သူတွေဆိုရင် ရန်မစရဲကြပါဘူး။ ငြိမ်မခံတတ်တဲ့သူဆိုရင် မဖိနှိပ်ရဲပါဘူး။

ဒါပေမဲ့ သင့်အနေနဲ့ ကိုယ့်ရဲ့ ခံနိုင်ရည်အားကို စိန်ခေါ်ပြီး အကြိမ်ကြိမ် ငြိမ်ခံနေလိုက်မိပြီဆိုရင်တော့ သင့်ရဲ့ ဂုဏ်ပုဒ်က လူရိုး၊လူအေး ဖြစ်သွားပြီး သူတို့အတွက် ထည့်တွက်စရာမလိုတဲ့ လူတစ်ယောက်ဖြစ်သွားတတ်ပါတယ်။ 'သူဆိုရင်တော့ ရပါတယ်၊ သူက အေးပါတယ်၊ သူက ကိစ္စမရှိပါဘူး' ဆိုပြီး လက်နှီးစုတ်လို ချောင်ထိုးခံဘဝရောက်သွားတတ်ပါတယ်။

ကြာရင် ကိုယ့်အစွမ်းအစအပေါ်ကိုယ်တိုင်က သံသယဝင်လာပြီး လူညံ့တစ်ယောက်လို့ ထင်မိသွားစေမှာပါ။ ‌ဒါကြောင့် ကိုယ့်ရဲ့ ရပ်တည်မှုသာ မှန်ကန်နေပါစေ၊ အလုံးစုံ သည်းခံဖို့ သင့်မှာ တာဝန်မရှိပါဘူး...။

လူသားတစ်ယောက်အဖြစ် မွေးဖွားလာကတည်းက လူသားဆန်ဆန်နေဖို့ တာဝန်ပဲရှိပါတယ်။ အများက လူတော်တစ်ယောက်အဖြစ် အသိအမှတ်ပြုခံရဖို့ မကြိုးစားပါနဲ့။ လူကောင်းဖြစ်နေရင်ကို သင်က လူပီသနေပါပြီ။

'သူ့အမှားကနေ ကိုယ့်အလွန်' ဆိုတာမျိုး အဖြစ်မခံပါနဲ့။ အကြိမ်ပေါင်းများစွာ သည်းခံပြီးတဲ့ လူတစ်ယောက်ဟာ ဆူအံ့ဆဲဆဲ ရေနွေးအိုးတစ်အိုးလိုပါပဲ။ ပုံမှန်မီးအားအရှိန်လေးတစ်ခုကနေ ကျိုက်ကျိုက်ဆူတဲ့ ရေနွေးအိုးတစ်အိုးအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဒီအခါ 'ဘာမဟုတ်တာလေးနဲ့...စိတ်ဆိုးစရာလား' ဆိုတဲ့ အသံတွေထွက်လာပါတော့တယ်။ သူတို့အပေါ် ဆက်သည်းခံဖို့ကပဲ ကိုယ့်ရဲ့ သမိုင်းပေးတာဝန်လိုလို၊ အဲ့လိုသည်းခံတာကို ခံရဖို့ကပဲ သူတို့ရဲ့ အခွင့်ထူးလိုလိုနဲ့ ကိုယ့်အလွန်တွေဖြစ်ကုန်ပါရောလား။

ဒါကြောင့် သင့်အနေနဲ့ အစတည်းက ပြောသင့်တာကိုပြော၊ ငြိမ်မခံသင့်တာကို ငြိမ်မခံတာက အဖြစ်သင့်ဆုံးပါပဲ။ အဲ့ဒီလို လုပ်ဆောင်ခြင်းက ကိုယ့်ရဲ့ အသိမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်၊ ညီအစ်ကို မောင်နှမ၊ သူငယ်ချင်းတွေကြားထဲမှာ တောက်လာမယ့် မီးစကို ဖယ်ရှားလိုက်တဲ့သဘောပါ။

ရိုးရိုးလေးပါပဲ....လူသားဆန်ပါ။

# Be remind yourself, you ain't an angel or a fairy.

#Yara
16.6.2024
Photo crd from Google.

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)