SarPhat Author
ပြင်သစ်တွေရဲ့ ဘဝနေပုံ အနုပညာကို “L’art de vivre à la française”လို့ခေါ်ပါတယ် …
ပြင်သစ်တွေက ဘဝကို ဘယ်လိုဖြတ်သန်းကြလဲ?
ပြင်သစ်တွေက တကယ်တော့ သိပ်ကိုရိုးရှင်းတဲ့ ဘဝနေနည်းကို သဘောကျကြသူတွေပါ။ အလုပ်ချည်းပဲ လုပ်နေတာမျိုးလည်း မဟုတ်ဘူး။ ပိုက်ဆံတို့၊ ဈေးကြီးတဲ့ Branded ပစ္စည်းတွေတို့ကိုလည်း သဲကြီးမည်းကြီး စုတတ်တဲ့သူတွေ မဟုတ်ပါဘူး။ သူတို့က ဘဝမှာ အရေးကြီးတဲ့ အခိုက်အတန့်လေးတွေကို တန်ဖိုးထားတတ်သူတွေပါ။ ဉပမာ သူငယ်ချင်းတွေနဲ့ဆုံတာ၊ အစားကောင်းကောင်း လေးတွေ စားတာ၊ အနုပညာလိုက်စားတာ ဒါမျိုးလေးတွေကို ပိုသဘောကျကြတာပါတဲ့။ အဲဒီတော့ ဘဝကို ပြင်သစ်ဆန်ဆန် ဖြတ်သန်းနည်းလေးတွေကို ကြည့်လိုက်ရအောင်။
(၁) ရိုးရှင်းတဲ့အရာလေးတွေကို တန်ဖိုးထားပါ။
ပိတ်ရက်တွေမှာ အလုပ်အချိန်ဇယားတွေကို ခဏမေ့ထားပြီး ကိုယ်ပျော်ဖို့ ဘာလုပ်ချင်လဲဆိုတာ ကိုယ့်ဘာသာ မေးပါတဲ့။ ကော်ဖီဆိုင်လှလှလေးမှာ စာဖတ်တာ၊ ပန်းလှလှလေးတွေ ဝယ်တာ၊ မိသားစုအတွက် ဟင်းလေးတွေ ချက်ပေးတာ အဲဒီလို အလုပ်လေးတွေပေါ့။ ပြင်သစ်တွေရဲ့ Lifestyle ကလေ အလုပ်ချိန်မဟုတ်ရင် ကိုယ်လုပ်တဲ့ အရာတွေကို ဖြေးဖြေးနှေးနှေးလေးတွေလုပ်ရင်း ဖြတ်သန်းတာပါတဲ့။ ပြီးတော့ တချို့အချိန်လေးတွေမှာ အပင်လေးတွေစိုက်တာတို့၊ လမ်းလျှောက်ထွက်တာတို့ လုပ်ပြီးတော့လည်း တစ်ယောက်တည်း အချိန်ကုန်ကြည့်ပါတဲ့။
(၂) တနင်္ဂနွေနေ့တွေကို ပြင်သစ်လို ကုန်ဆုံးပါ။
ပြင်သစ်တွေကလေ တနင်္ဂနွေနေ့တွေကို အကြိုက်ဆုံးပါပဲတဲ့။ ပြင်သစ်မှာ တနင်္ဂနွေနေ့ဆိုရင် စတိုးဆိုင်တွေ အားလုံးနီးပါး ပိတ်ပြီး စားသောက်ဆိုင်တွေပဲ ဖွင့်တာဆိုတော့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အစားကောင်း ကောင်းလေးတွေ စားဖို့ တမင်တိုက်တွန်းနေသလိုပါပဲ။ “En famille” လို့ခေါ်တဲ့ ပြင်သစ်တွေရဲ့ တနင်္ဂနွေနေ့ နေ့လယ်စာတွေက အရမ်း ကြာတတ်ပြီး တစ်ခါတလေဆို နေ့ခင်းကိုတောင် ကူးသွားတတ်သေးတယ်တဲ့။ ပြင်သစ်တွေက တနင်္ဂနွေနေ့မှာ သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားထွက်တာတို့၊ ပြတိုက်သွားတာတို့ လုပ်တတ်ကြသေးတယ်။ ဆိုင်တွေပိတ်ပေမဲ့ ပြတိုက်တွေကတော့ မပိတ်ပါဘူးတဲ့။ ပြီးတော့ ပဲရစ်မှာဆိုရင် လအစရဲ့ ပထမဆုံး တနင်္ဂနွေနေ့မှာဆို ပြတိုက်ဝင်ကြေးတွေက Free ဆိုတော့ သူတို့ ပြတိုက်သွားကြတာလည်း မဆန်းပါဘူး။
(၃) စာဖတ်ပါ။
ပြင်သစ်တွေကလေ ရုပ်ရှင်တို့၊ အော်ပရာတို့၊ ပြဇာတ်တို့ဆို သိပ်ကြိုက်တာပဲ။ အနုပညာဆိုလည်း လိုက်စားတတ်ကြလွန်းလို့ ပြဇာတ်ရုံတွေဆိုတာ သူတို့ဆီမှာ အမြဲရေပန်းစားတယ်။ ပြင်သစ် လူနေမှုဘဝမှာ စာများများဖတ်ဖို့နဲ့ ပညာတတ်ဖို့က အရေးအကြီးဆုံးလို့ ယူဆထားကြတော့ ပိုက်ဆံဘယ်လောက် ရှာနိုင်လဲ ဆိုတာထက် စာဘယ်လောက်ဖတ်တယ်၊ ဗဟုသုတ ဘယ်လောက်ရှိတယ်ဆိုတာကိုပဲ ပိုပြီးအထင်ကြီးကြတာပါ။ စာဖတ်တာကလည်း ပြင်သစ်တွေရဲ့ နေ့စဉ်ဘဝမှာ အရေးပါတယ်ဆိုတော့ တစ်နေ့ကို အချိန်နည်းနည်းစီ ပေးပြီး စာဖတ်တဲ့အကျင့်ကို ပျိုးထောင်တာကလည်း ပြင်သစ်တွေလိုနေနည်း အနုပညာတစ်ခုပါပဲ။ ပြင်သစ်စာကို အတိုင်းအတာ တစ်ခုအထိ တတ်ထားတဲ့သူတွေအတွက်လည်း ဘာစာအုပ်ဖတ်ရမယ်မသိရင် ရှာဖတ်ဖို့ အဆင်ပြေမယ့် ပြင်သစ်စာအုပ်နာမည်လေးတွေ ထည့်ပေးလိုက်ပါတယ်။
- Le Petit Prince (Antoine de Saint-Exupery) (မင်းသားလေး- ဒေါက်တာခင်လေးမြင့် ဘာသာပြန်)
- Madame Bovary (Gustave Flaubert)
- Bel ami (Guy de Maupassant)
- Le tour du monde en 80 jours (Jules Verne)
- Balzac et la petite tailleuse chinoise (Dai sijie)
ခုရေးထားတဲ့ အချက်လေးတွေထဲက ဘယ်အချက်က ကိုယ်နဲ့အကိုက်ဆုံးဖြစ်မလဲဆိုတာ သေချာလေ့လာပြီး ကိုယ်ကလည်း လိုက်လျောညီထွေဖြစ်အောင် နေမယ်ဆိုရင် ဘဝကို ပြင်သစ်ဆန်ဆန် ဖြတ်သန်းနိုင်ပါပြီ
နောက်အပတ်မှ L’art de vivre à la français နဲ့ပတ်သက်ပြီး နောက်ထပ် စိတ်ဝင်စားစရာအချက်တွေ ထပ်ဝေမျှပေးဉီးမယ်နော်
Keep Reading