မြ (စံကားဝါမြေ)
ဒီနေ့မှာတော့ မြက မြလို စတင်ပြီး စာရေးသားနေတဲ့ စာရေးသူလေးတွေအတွက်
➽ စာကောင်းပေမွန်လေးတွေကို ဘယ်လိုရေးရမလဲ။
➽ စာရေးဖို့ မပျင်းအောင် ဘယ်လိုလုပ်ရမလဲ။
➽ စာက ခေါင်းထဲမှာတော့ ပေါ်လာပေမယ့် လက်တွေ့ ချရေးခါကျ ဘာရေးရမလဲ မသိတော့တာ ဘာ့ကြောင့်လဲ။
အစရှိသော လူပြောများတဲ့ မေးခွန်းလေးတွေကို တက်သစ်စ လူငယ် စာရေးသူလေးတွေအတွက် ရည်ရွယ်ပြီးတော့ "စာရေးခြင်း အနုပညာ"ဆိုတဲ့ ပညာပေးဆောင်းပါးလေးကို ရေးသားသွားမှာပါရှင်။
ကဲ.... အဲ့တာဆိုရင် စာအရေးအသားကောင်းတဲ့ စာတစ်ပုဒ်ဖြစ်လာအောင် ဘယ်လိုတွေ လုပ်ကြမလဲ။ ဘာတွေ လိုအပ်သလဲ...? ဆိုတာကို သိရဖို့ မြရဲ့ ဆောင်းပါးလေးကို အဆုံးထိ ဖတ်ကြည့်လိုက်ကြရအောင်နော်။
ပထမဦးစွာ "စာရေးခြင်း အနုပညာ"နဲ့ ပတ်သက်လို့ မြက အချက်(၅)ချက်ကို မြရေးတဲ့ပုံစံလေးထဲကနေ ကောက်နှုတ်ထားပါတယ်ရှင်။
1. Free Writing (လွတ်လွတ်လပ်လပ် ရေးကြည့်ပါ။)
Free Writingဆိုတာက ကန့်သတ်ချက်တွေ၊ ခေါင်းစဉ်တွေ၊ စည်းကမ်းတွေ မရှိပါဘူးရှင်။ မိမိရဲ့ ခေါင်းထဲ၊ အတွေးထဲမှာ ပေါ်လာသမျှ စာလေးတွေကို အကြမ်းစာရွက် (သို့) အကြမ်းစာအုပ်လေးထဲမှာ မှတ်စုသဘောမျိုးနဲ့ လက်တန်းရေးချခြင်းကို ဆိုလိုတာပါရှင်။
ဒီနည်းလမ်းလေးက ဘယ်လိုတောင် အလုပ်ဖြစ်သလဲဆိုရင် မြက မြရဲ့ဘေးနားမှာ အကြမ်းစာရွက်လေးနဲ့ စာအုပ်လေးတစ်အုပ်ကို အမြဲထားဖြစ်ပါတယ်ရှင်။
⬔ စာရွက်လေးထဲမှာက မြရဲ့ လုပ်စရာရှိတဲ့ အလုပ်တွေကို ချရေးထားပြီး တစ်ခုပြီးတာနဲ့ အမှန်ခြစ် (✔️)လေး ခြစ်လိုက်တဲ့အခါ အလုပ်တစ်ခုပြီးရင် စိတ်ထဲမှာ တစ်ခုပေါ့သွားသလို အတော်လေးကို ခံစားချက်ကောင်းတာကို စာဖတ်သူလေးတို့ လိုက်လုပ်ကြည့်ရင် နားလည်လာပါလိမ့်မယ်ရှင်။
⬔ စာအုပ်ထဲမှာကျတော့ စာအုပ်ဖတ်ရင်းကနေပဲဖြစ်ဖြစ်၊ Audio Bookနားထောင်ရင်းကနေပဲဖြစ်ဖြစ် တစ်နေရာရာကနေ စာသားကောင်းတာလေးတွေ၊ မြသဘောကျမိတာလေးတွေကို စာအုပ်လေးထဲမှာ ချမှတ်ထားပြီးတော့ ယခုလို မြ ဆောင်းပါးလေးတွေ ပြန်ရေးတဲ့အခါမှာ အချက်အလက်လေးတွေက အသုံးဝင်တာပေါ့ရှင်။
2. Read More (စာကို အရင်ကထက် ပိုပြီး များများဖတ်ပေးပါ။)
ဒီအချက်လေးကတော့ မြတို့ စာရေးသူတွေအတွက် မဖြစ်မနေကို လိုက်နာကျင့်သုံးရမယ့် အဓိကအချက်လေးပါရှင်။ အလုပ်တစ်ခုကို လုပ်မယ်၊ ပညာရပ်တစ်ခုခုကို စိတ်ဝင်စားတယ်ဆိုရင် အရူးအမူးကို ဖြစ်နေရပါမယ်။ လုံးဝ ရူးသွပ်နေမှသာလျှင် တိုးတက်နိုင်မှာပါ။ ဒီလိုပါပဲ အခုဆိုရင် မြတို့တွေက စာရေးသူတွေ ဖြစ်လာတဲ့အတွက် စာရေးခြင်းနဲ့ စာဖတ်ခြင်းမှာ (လုံးဝ)ကို ရူးသွပ်နေရပါမယ်။
⬔ "ဆရာချစ်ဦးညိုက စာရေးခြင်းမှာ အလွန်အင်မတန်ကို ရူးသွပ်ခဲ့လွန်းလို့ လက်ချောင်းလေးတွေ အကြောကပ်နေအောင်ထိကို မနားမနေ ရေးသားခဲ့ဖူးပါတယ်" လို့ အင်တာဗျူးတစ်ခုမှ ပြောခဲ့ဖူးတာကို သတိရလာလို့ ထည့်သွင်းရေးသားလိုက်ပါတယ်ရှင်။
နောက်ထပ် ဥပမာတစ်ခုအနေနဲ့က မြအကြောင်းလေးပါ။
⬔ မြဆိုရင် တရုတ်မင်းသား Wang Yibo (ဝမ်ရိပေါ်)ကို အလွန့်အလွန်ကို သဘောကျတာပါ။ အဲ့တာဆိုတော့ ဝမ်ဝမ်လေးဆီ ရောက်နိုင်ဖို့အတွက် မြအတွက် ခက်ခဲလွန်းလှတဲ့ တရုတ်စာကိုတောင်မှ အရူးအမူး စွဲလန်းနေတဲ့အခါ ခက်လို့ခက်မှန်းတောင် မသိတော့လောက်အောင် လွယ်ကူချောမွေ့လာခဲ့ပါတယ်ရှင်။
3. Set The Title (ခေါင်းစဉ်တစ်ခု သတ်မှတ်လိုက်ပါ။)
စာရေးသူလေးတွေက Free Writingကို ရေးတာ အတော်လေး တိုးတက်လာပြီဆိုရင် ကိုယ်ရေးမယ့် အကြောင်းအရာနဲ့ ကိုက်ညီတဲ့ ခေါင်းစဉ်လေးတစ်ခု သတ်မှတ်လိုက်ပါရှင်။ အဲ့ဒီအခါ ခေါင်းစဉ်နဲ့ ကိုက်ညီမှုရှိတဲ့ အကြောင်းအရာလေးတွေကို သူ့အချက်ကလေးတွေသူ နေရာတကျလေး ရေးသားသွားရင် အကောင်းဆုံး သုတ/ရသ စာပေလေးတွေကို ဖန်တီးလာနိုင်ပါလိမ့်မယ်ရှင်။
4. Practice Editing (တစ်ပုဒ်လုံး ရေးပြီးမှ ပြန်ဖတ်ပြီး အချောသတ်ပါ။)
ဒီအချက်လေးက စာရေးသူရဲ့ အရည်အချင်းကို ပေါ်လွင်စေတဲ့ အချက်ကလေးတစ်ချက်မို့ သေချာလေး သတိထားလိုက်နာဖို့တော့ လိုမယ်နော်။
⬔ အဲ့တာကတော့ စာရေးသူလေးက ဒီဆောင်းပါးတစ်ပုဒ်ကို ရေးနေရင်းနဲ့ မပြီးသေးဘဲ အပေါ်ကစာတွေကို ပြန်ဖတ်ပြီး ပြင်နေတာမျိုးက စာတစ်ပုဒ်ပြီးဖို့အတွက် နှောင့်နှေးစေတဲ့အပြင် အောက်မှာ ဆက်ရေးမယ့် စာသားတွေကိုပါ အတွေးထဲမှာ ပိတ်ဆို့သွားခြင်းမျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် ရှောင်ရှားသင့်ပါတယ်ရှင်။
အဲ့တာက ရှောင်ရှားရမယ့်အချက်ဆိုရင် လိုက်နာကျင့်သုံးရမယ့် အချက်လေးကတော့....
⬔ စာရေးသူလေးတို့ ဆောင်းပါးတစ်ပုဒ်ကို ရေးပြီးသွားတဲ့အခါမှာ အနည်းဆုံး(၃)ခေါက် ပြန်ဖတ်ကြည့်ပါရှင်။ အဲဒီအခါမှာ ဖတ်ရတာ ထောက်တဲ့နေရာလေးတွေ၊ စာလုံးပေါင်းသတ်ပုံ မှားတာလေးတွေ၊ Typing Errorလေးတွေ တွေ့လာတဲ့အခါ ပြန်လည်ပြင်ဆင်နိုင်ပြီးမှ အကောင်းဆုံး ဆောင်းပါးတစ်ပုဒ်ကို ရရှိလာပါလိမ့်မယ်ရှင်။
5. Get Feedback (မိတ်ဆွေ/သူငယ်ချင်း၊ စာဖတ်သူများထံမှ အကြံပြုချက် တောင်းကြည့်ပါ။)
စာရေးသူလေးရဲ့ မိတ်ဆွေ/သူငယ်ချင်းတွေအပြင် စာဖတ်သူများထံမှ အကြံပြုချက် တောင်းကြည့်ပါ။ Feedback ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အလေးအနက် နားထောင်ပေးပါရှင်။ အကြံပြုစာလေးတွေကိုလည်း အလေးထားပြီး စာရေးသူလေးဘက်ကနေ ပြင်ဆင်မွမ်းမံပေးပါရှင်။ Feedback ကောင်းတာလေးတွေကလည်း မြတို့လို စာရေးသူလေးတွေအတွက် အားဆေးလေး ဖြစ်တာကြောင့် မြကတော့ စာဖတ်သူလေးတွေရဲ့ Feedback အကောင်းရော၊ အဆိုးပါ မျှော်လင့်လျက်ပါရှင်.....။
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
14.6.2024(Friday)
Keep Reading