Author's Profile Photo

ကိုလွှမ်း (အမ်ဘီအေ)

12/06/2024

"ကိုယ့်ငါးချဉ် ကိုယ်ချဉ်ပါ"

3 mins read
Life Style
Personal Development
General Knowledge
"ကိုယ့်ငါးချဉ် ကိုယ်ချဉ်ပါ"'s photo

မနေ့ကပဲ လုပ်ငန်းတွေရပ်လိုက်ရတယ်
ဒီနေ့က အိတ်ထဲမှာ 200 ပဲရှိတော့တဲ့နေ့၊
200 ဆိုတာကလည်းသိန်းရာထောင်မကျော်တဲ့ 200 ကျပ်တန်ပါ။
လက်ဖက်ရည်တစ်ခွက်တော့ တစ်ဂျိုက်လောက် မိန်မိန်ကြီး သောက်နိုင်ပါသေးတယ်။စပ်ကူးမက်ကူးကာလ အလှည့်အပြောင်းတစ်ခုရဲ့ ခြေလှမ်းတစ်ခု အာ့တာကြောင့်ပဲ 200 ပဲကျန်ခဲ့တဲ့ အိတ်ကပ်၊
အမှတ်တမဲ့မဟုတ်တဲ့ အမှတ်တရတွေဆိုတာကလည်း တစ်ခါတစ်လေ ဘဝထဲကနေ ရက်ရက်ရောရောကြီး လာတယ်လေ။

ကျောက်မဲကလက်ဖက်နှပ်၊ဟုမ္မလင်းက လက်ဖက်ခြောက်နဲ့ မြိတ်က လာတဲ့ ငါးရံ့ခြောက်ဖုတ်လေးကို ‌မြန်မာဆန်ဆန် လွေးရင်း 2012 ခုနှစ်တုန်းက အတိတ်ဘဝကို ပြန်တွေးမိတယ်။

အဲ့တုန်းက အဖေနဲ့ ကျွန်တော် နှစ်ယောက်ထိုင်ရင်း ဘာလုပ်ရမလဲဆိုတာ ကိုယ်လည်းတွေး သူ‌လည်းတွေး၊ပေါင်စရာ နှံစရာဆိုလို့ ဂျစ်ကားတစ်စီးပဲ ကျန်တော့တဲ့အချိန်။

မတန်မဆေး သိက္ခာကျမှာလည်းစိုး တိုးတိုးတိတ်တိတ် သိန်း (20) နဲ့ပေါင်မယ့် ဂျစ်ကား၊ဒီမှာပေါင် ဟိုမှာအကြွေးပေး နောက်ဆုံးရတဲ့ဈေးနဲ့ရောင်းရမယ့်ကိန်း။ ဆီဖိုးမတက်နိုင်လို့ ထိုးထားရတာ ကြာလို့လည်း စက်နိုးဖို့ကလည်း မလွယ်၊ အရပ်ကူပါလူဝိုင်းပါ လမ်းမထက်မှာ မရှက်နိုင်တွန်းနိုးရင်း ယိုင်တိုင်တိုင်ခပ် မောမောနဲ့ ခြေပစ်လက်ပစ်ထိုင်ချ၊အဲ့ဒီအချိန် အဲ့ဒီကာလ ကယ်သူဝေး၊စိတ်ဓာတ်ကျမိတာကတော့ အမှန်၊၊

မပြေလည်မှုဒဏ် အလူးအလဲခံနေရရင်
ရုပ်ရှင်ထဲကလို တစ်ယောက်နဲ့တစ်ယောက်
ပေါက်ပေါက်တွေဖောက်၊
စကားတွေဖေါင်ဖွဲ့၊လွမ်းချင်းတွေ၊ငိုချင်းတွေ၊တမ်းချင်းတွေ ချနေရတာတော့မဟုတ်
ဝဠာတလှည့်၊ ပထဝီတစ်လှည့်၊
မော့ကြည့်လိုက် ၊ငုံ့ကြည့်လိုက်၊
တေမိထုံးနှလုံးမူ ရင်ဘတ်မှာဗ‌လောင်ဆူ
နှုတ်ဖျားထက်မှာက တုံမိဘာဝေ
လည်ပင်းထက်က တစ်စို့စို့အပူလုံးတွေနဲ့
ပြောစရာ အပ်ရာလောက်တောင် စကားလုံးကမရှိ၊‌

အဖေကတော့ ပြောရှာတယ် ငါ့သား ဘာမှစိတ်ဓာတ်မကျနဲ့ အဖေတို့က သုညက စလာတာ တစ်ကနေ သုည ဖြစ်သွားလည်း အရင်းပဲ ဘာပဲ လုပ်လုပ် အဆင်မပြေမှာ မကြောက်နဲ့
စလုပ်ဖို့ပဲအရေးကြီးတယ် ။

အနားမှာ အဖေရှိနေလို့ စိတ်ဓာတ်ခွန်အားတော့ တက်မိပေမယ့် အိတ်ထဲမှာ 200 ပဲရှိတော့လို့ အားငယ်မိတာတော့အမှန်။

အပေါင်းအသင်းဆိုသည်မှာလည်း ကိုယ်ကျွေးမွေးလာတဲ့ သူငယ်ချင်းများသာမက ခင်မင်တဲ့ မိတ်ဆွေကအစ ကိုယ်မရှိတဲ့ နောက်ပိုင်း၊
ချေးနိုးနိုးငှားနိုးနိုးနဲ့ မျက်နှာချင်းဆိုင်တွေ့လို့
ကိုယ်က နှုတ်ဆက်ရင်တောင် မျက်နှာလွဲသူကလွှဲ
မမြင်ချင်ယောင် ဆောင်သူကဆောင်၊
နေကာမျက်မှန်အမည်းကြီးတွေတက်လို့
လမ်းတွေ့ရင်တောင် ရှောင်သူကရှောင်၊

ခုချိန်မှာ တဟားဟားနဲ့ ရင်နာနာ ရယ်လိုက်ရတဲ့
သင်ခန်းစာတစ်ခုတော့ ကောင်းကောင်းကြီး
ရလိုက်ပါတယ်၊မိတ်ဆွေစစ်မိတ်ဆွေမှန်၊သူငယ်ချင်းကောင်းသူငယ်ချင်းမှန်ဆိုတာ ကိုယ်ဒုက္ခရောက်တဲ့ အချိန်မှ ‌တွေ့တယ် ဆိုတာပါပဲ။အပေါ်ယံသကာဖြူးတဲ့ အပြုံးပိုင်ရှင်‌‌တွေကလည်း ခုချိန်ထိဒုနဲ့ဒေး။

သမန်းမြက်နဲ့ခေါင်းလောင်းထိုး၊
ရွှေရှိမှ တော်မယ့် ဆွေမျိုးတွေနဲ့ ဂရိတွေးခေါ်ပညာရှင်ကြီး ဒိုင်အိုးဂျီးနက်စ်ရဲ့နေ့ခင်းကြောင်တောင် မီးခွက်ထွန်းရှာရတဲ့ အဖြစ်လို မိတ်ဆွေ‌စစ်ဆိုတာလည်း အရှားသား။

အမှန်တစ်ကယ်စင်စစ်
ဘယ်သူမှ သင့်ကိုမကူညီတာ သဘာဝကျပါတယ်။
ဒါကိုက မဖောက်ပြန်တဲ့ သဘာဝရဲ့ နိယာမတရား။

ကိုယ်ကူညီခဲ့တဲ့သူတွေ အတွက်‌လည်း မျှော်လင့်ချက်မထားတာအကောင်းဆုံးပါပဲ။
ဒါကိုပဲ ဆိုကြပါစို့။
အဆိုးသင်ခန်းစာ၏ ခပ်ပါးပါးသော လောကဓံ၊
ကိုးကိုးရောတဲ့ကော်ဖီမှုန့်ထဲ ဆားငန်ရည်ခပ်၊
တမာရိုးနဲ့မှ မွှေသောက်ရသလို ဘဝဆိုတာကလည်း သိတဲ့အတိုင်း ခပ်ခါးခါး။‌ကျောချမှ ဓားပြမှန်းသိတဲ့ အဆိုးသော လောကဓံ၊အောင်မလေးဟဲ့ လို့တောင် အော်ချိန်မရ၊ဖိစီးလို့ နှိပ်စက်ရင်ကျောကော့ရင်ကော့၊ဒါကလည်း ပုံပြင်မဟုတ်တဲ့ ဘဝပဲလေ။

အကျဉ်းချုပ်ရသော်
သေချာတာတစ်ခုက ရှုံးနိမ့်ကောင်း ရှုံးနိမ့်နေမယ် ဘယ်တော့မှ အရှုံးမပေးဖို့ပါပဲ၊
လဲနေရင် ပြန်ထမယ် ပြန်ချမယ် အကောင်းလောကဓံတွေကိုလည်း မတုန်လှုပ်ဘူး၊
အဆိုးလောကဓံတွေကိုလည်း ကြံ့ကြံ့ခိုင်
နိုင်အောင်တိုက်မယ်၊
ကျွန်တော့်လား???
စိတ်ဓာတ်ခွန်အား‌တွေပြန်ရလာပြီး နောက်ပိုင်း
စိတ်ဓာတ်မာကျောမှု ယုံကြည်မှု ခိုင်မာမှုတွေကပဲ
ကျွန်တော့်ကို
အချိန်အနည်းငယ်အတွင်းမှာ
99% လောက် ပြန်နလန်ထူနိုင်ခဲ့တယ်။
ယိုင်နဲ့နေတဲ့ စီးပွားရေးတွေလည်း
ပြန်ဦးမော့လာခဲ့တယ်၊၊
ဝိရိယဉာဏ်တိုး ကြိူးစားသော်လည်း အရင်းမရှိ တဲ့ ကံကမွဲတာမို့ ဇွဲနပဲရှိဖို့ကလည်း မြေကြီးလက်ခတ်မလွဲ အရေး ကြီးတယ်။

‌ခပ်ရဲရဲ မျက်နှာလွှဲခဲ့တဲ့ အပေါင်းအသင်းတွေနဲ့
သမန်းမြက်နဲ့ခေါင်းလောင်းထိုးခဲ့တဲ့ အမျိုးတွေ
ကိုလည်း မုန်းလို့ မဟုတ်ခဲ့ပေမယ့် ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေအတွက် မထိုက်တန်သူတွေလို့ သတ်မှတ်ခဲ့တယ်။တန်ဖိုးရှိတဲ့အချိန်တွေကို ကိုယ်အတွက်ပဲ ပိုပြီးကြိူးစားခဲ့တယ်။

လောကသဘာဝနိယာမတရားတစ်ခုက သင့်အိမ်ရဲ့ဆန်အိုးထဲမှာ ဆန်မရှိရင် ဘယ်သူမှ လာဖြည့်မပေးပါဘူး၊၊အဲ့ဒီအတွက်လည်း ဘယ်သူ့ကိုမှ အပြစ်မမြင်ပါနဲ့၊အပြစ်မတင်ပါနဲ့။အမှန်က သင့်အတွက်သင် ကြိူးစားရမယ်ဆိုတာ အချက်ပေးနေတာပါ။

ဘဝကပေးတဲ့ သင်ခန်းစာခပ်ပါးပါးလေးတွေကြောင့် အရေခြုံ အလွှာဖုံးတဲ့ အပြုံးပိုင်ရှင်တွေရဲ့ ဝေဖန်မှု၊အပြစ်တင်မှု ကဲ့ရဲ့မှု ရှုံ့ချမှုတွေကိုလည်း ခပ်ချေချေနေတက်ခဲ့တယ်။
အတ္တကြီးတာမဟုတ်ခဲ့ပေမယ့် အတ္တကြီးမှ ရမယ့်လောကကြီးအတွက် ဘာမှသိပ် ဂရုမစိုက်တက်တော့။ကိုယ့်ဘဝ ကိုယ့်ကိုယ်ကို ကိုယ့်အောင်မြင်မှုအတွက်ပဲ ဂရုစိုက်တက်ခဲ့တယ်။
အပင်မြင့်ရင် လေတိုက်မယ်။အပင်နိမ့်ရင် တက်နင်းမယ်ဆိုတာကလည်း သဘာဝ။
ဒါတွေကို ဂရုစိုက်နေရင် ရှေ့ရောက်မှာမဟုတ်၊
ရှေ့ရောက်အောင် လျှောက်ရမှာက ကိုယ့်ရဲ့ခြေလှမ်း၊ဆန်အိုးထဲ ဆန်ဖြည့်ရမှာက ကိုယ့်ရဲ့တာဝန်၊
ဝေးဝေးမတွေးပါနဲ့၊အောင်မြင်မှုဆိုတာ အခက်အခဲတွေက စတင်လာတာပါ။
ခက်ခဲလေလေ အောင်မြင်မှုက ကြီးမားလေလေပါပဲ၊မျက်ရည်နဲ့ မျက်ခွက်သုတ်ရအောင်ခက်ခဲနေပြီဆိုရင်တောင်မှ အောင်မြင်မှုအတွက် ကုန်ကြမ်းတွေလိုမှတ်ပြီး၊ ရုန်းထွက်ဖို့တော့လိုမယ် ၊ကြိုးတက်ဖို့တော့လိုမယ်လေ။

ကိုယ့်ငါးချဉ်ကိုယ်ချဉ်ဆိုတာက အဆိုးဖက်က ကြည့်ရင်တော့ အဓိပ္ပာယ်တစ်မျိုးပေါ့။
တစ်ခါတစ်လေ ကိုယ့်ဘဝကိုယ့်ကိုယ်ကို သူစိမ်းတွေထက် ပိုချစ်ပြီး၊ပိုဂရုစိုက်တာက အကောင်းဆုံးပဲလေ။ကိုယ့်ငါးချဉ်မှ ကိုယ်မချဉ်ရင် ဘယ်သူက
လာပြီး ချဉ်မလဲ၊၊ကိုယ့်ကိုယ်ကို ကိုယ်တိုင်ကပဲ ယုံကြည်၊‌ကိုယ့်ကိုယ်ကိုပဲ လေးစား၊ကိုယ့်ဘဝအတွက်ကိုယ်ကြိုးစားပြီး ကိုယ့်ငါးချဉ် ကိုယ်ပဲချဉ်လိုက်တာက ဟန်ဆောင်လောကကြီးအတွက်တော့ တရားမျှတပါတယ်။

ဘဝဆိုတာကြီးကလည်း ခပ်ရဲရဲ ချီတက်
အလူးအလဲ နဖူးကွဲဒူးပြဲအောင် နိုင်အောင်တိုက်မှလည်း တော်ရုံကျတာ။
ကြောက်ရင်လွဲ ရဲရင် မင်းဖြစ်ပေါ့ဗျာ။

ကိုလွှမ်း(အမ်ဘီအေ)
Am 12:24 10.Oct.2021

Keep Reading

အာရုံစူးစိုက်မှုစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်