ကိုလွှမ်း (အမ်ဘီအေ)
တစ်ခါတစ်ခါ ဘဝဆိုတာက
ဆေးသားမညီတဲ့ ပန်းချီကားတစ်ချပ်၊
စုပ်သပ်သပ် စုတ်ချပ်တွေနဲ့
ကံဇာတ်ဆရာ အလိုကျ ထားရာနေ စေရာသွား
ကြိူးဆွဲရာ ကရမည့် အရုပ်တစ်ရုပ်သာသာ။
ဝိရိယဉာဏ်တိုး ကြိုးစားပြန်လည်း
အသပြာ ဗလာနတ္ထိ
အရင်းမရှိတဲ့ ကံက ယိုင်နဲ့နဲ့ မွဲ၊
ခေါင်မလုံ တဲစုတ်အောက်မှာ မိုးစိုတာက
အပဟိက ရေနစ်နေရတာက အကြိမ်ကြိမ်
မလှစုန်းငြိုး မရှိခိုးနိုး လူ့သဘော လူ့အပြောတွေမှာ နင်းချေခံရသည်က အလီလီ
ကွဲပြားသည့်ကံကြောင့် ခွဲခြားခံရသည်က အဆင့်အတန်း
အပြစ်မဖို့တက်ပေမယ့် ရင်နင့်အောင်ခံရသည်က ဘဝ။
လူ့အောက်ကျို့လို့လူပိမသေနိုင်တာက
ရှေးစဉ်အလာ ဆိုစကား၊
အောက်ကျို့မှုအောက်မှာ ခေါင်းပါမဖော်နိုင်တော့တာက လက်ရှိ အမှန်တရား၊
မပြေလည်မှုကို မွန်းကြပ်မှုအဖြစ် ဖော်ကျူးပြရရင် ရူးသွပ်မှုက သွပ်သွပ်ခါလိုက်လာမှာ အသေချာ။
ထိုသည်ဤသည်မှာလည်း ဂတိ မကောင်း၊
ကာလမကောင်းသည့်အချိန်
ခိုစရာ အရိပ်မရှိ
နွေခေါင်ခေါင် မိုးကြိုးပစ်ခံရ မည့်အလား၊ သို့တည်းမဟုတ် ပျက်ကျတော့မည့်လေယာဉ်အပေါ် တက်စီးပြီးမှ ခုန်ချစရာ လေထီးကမရှိသည့် အဖြစ်သနှစ်ကဲ့သို့ အဆိုးသော လောကဓံ။
တစ်ခါတစ်ခါ ဘဝဆိုတာက
ဟဲဗီးဝိတ်ချန်ပီယံနဲ့ နို့စို့မပျက်သေးတဲ့ ကလေးငယ် အားခြင်းပြိုင် စီးချင်းထိုးနေရသလို အဖြစ်၊
အလဲအလဲအကွဲကွဲ။
သေချာနေပါသည် ရှုံးနေတာက ဘဝ၊
မရှုံးသေးတာက စိတ်ဓာတ်၊
ယိုင်မသွားသေးတာက ကိုယ်ကျင့်တရား၊
လဲရင်ပြန်ထ ပြန်ချဖို့က
မပျက်မကွက်ထမ်းရွက်ရမည့်တာဝန်
အောင်မြင်မှုအတွက် ခြေလှမ်းအစက ကြိူးစားမှု၊
ဇွဲနပဲရှိရှိ ဝိရိယလည်းတိုး ဉာဏ်လည်းတိုး
အလူးအလဲ နဖူးကွဲဒူးပြဲ ပူးတွဲသရေကျရုံနဲ့မပြီး
ရုန်းပဲရုန်းရုန်း၊ကန်ပဲကန်ကန်၊
နေ့မအိပ်၊ညမနား
ကြိူးစားအားထုတ်ရမှာက အောင်မြင်မှုအတွက် တစ်ခုတည်းသော လမ်းကြောင်း၊
မြေနိမ့်ရာမို့ လှံပဲစိုက်စိုက်
အပင်နိမ့်လို့ တက်ပဲနင်းနင်း
ကိုယ်လှေကိုယ်လှော် ၊ကိုယ့်မြင်းကိုယ်စိုင်း
ကိုယ်လှေကား ကိုယ် ထောင်တက်ရမှာက
ကိုယ်ဒူးကိုယ်ချွန်သမားတိုင်းအတွက်
မရိုးသော နိယာမတရား။
ထိုင်မနေနဲ့ငိုင်မနေနဲ့ မှိုင်မနေနဲ့
ကြိုးစားဖို့ပဲ လိုတယ် အားထုတ်ဖို့ပဲလိုတယ်၊
ဒီနေ့ညက မှောင်နေရင် မနက်ဖြန်တိုင်းမှာ အလင်းရောင်ရှိတယ်၊
မပွင့်သေးတဲ့တံခါး နာနာခေါက်
မရောက်သေးတဲ့ခရီး နာနာလျှောက်
နေထွက်တာမြင်ချင်ရင်တော့
စောစော ထဖို့ လိုတယ်လေ ။။ ။
ကိုလွှမ်း(အမ်ဘီအေ)
စီးပွားရေးအမြင်၊အောင်မြင်မှုလမ်းညွှန်
17.4.2022 9:27 pm
Keep Reading