SarPhat Author
တစ်ယောက်ယောက်က
ကိုယ့်နာမည် လှမ်းခေါ်ပြီး
ပြုံးပြနေတာ ကိုတောင်
ပြူးပြဲကြည့်နေရပြီ ဆိုရင်
ခေါင်းထဲ ပထမဆုံးဝင်လာတာက
"ဟာ ငါတော့ ကန်းနေပြီထင်တယ်"
ဆိုတဲ့ အတွေးပါပဲ
အဲ့ခါကျ အပြုံးလေးကိုတော့
ရှင်း"လင်း"မြင်ချင်တယ်လေ ဆိုတဲ့
လူတစ်ချို့က ကိုယ့်မျက်နှာလေးနဲ့ လိုက်မယ့်
မျက်မှန်တွေ မျက်ကပ်မှန်တွေ ကို
အမြန်ပြေးလုပ်ကြ တပ်ကြတာပေါ့
တစ်ချို့တွေ ကျတော့လည်း
အနီးဆို ကြည်တောက်ရှင်းနေသေးလို့
ရပါတယ် မလိုသေးပါဘူး ဆိုပြီး
ကမ္ဘာကြီးကို ဘောင်ခတ်ကြည့်ရမှာတွေကို
ရှောင်ကြ ကွင်းကြတာမျိုးလည်း ရှိပါရဲ့
ဒီနေရာမှာ ကိုယ်တို့တွေ
ထည့်ကို မတွေးမိတဲ့ ကိစ္စက
မွေးကတည်းက ကောင်းလာတဲ့
ကိုယ့်ရဲ့ မျက်လုံးနှစ်ဖက်က
ဘာကြောင့်ဝါးလာရတယ် ဆိုတာနဲ့
ဒါကြီးကို ပြန်ကောင်းလာဖို့
ဘယ်လိုလုပ်ရမလဲ ဆိုတာကိုပါ
ခေါင်းထဲ မတွေးမိတဲ့ အရာဆိုတော့
လုပ်ရကောင်းမှန်းလည်း မသိတာမျိုးပေါ့
ဒါက အပြစ်ရယ်တော့လည်း မဟုတ်ပါဘူး
လူတွေဆိုတာ ဝက်ခြံထွက်လာရင်တောင်
ဘာကြောင့် ဆိုတဲ့ အဖြေထက် ဒါကို
ဘယ်လိုဖုံးလိုက်ရမလဲ ဆိုတာကိုပဲ
အတွေးရောက်တတ်ကြတာ မဟုတ်လား
ဒီနေရာမှာ ပြောပြချင်တာကတော့
အဝေးမှုန် အနီးကန်း ဆိုတာမျိုးထက်
အနီးမြင် အဝေးကန်း ဆိုတဲ့
အဖွဲ့အတွက်သာ ပိုဦးတည်တာမျိုးပေါ့
တကယ်တော့ အဝေးမှုန်တယ်ဆိုတာ
ဘာမှ မဖွံ့ဖြိုး မတိုးတက်သေးတဲ့
ရှေးခေတ် လူသားတွေမှာတောင်
မမြင်ရတဲ့ ရာခိုင်နှုန်း အရမ်းနည်းခဲ့ပေမယ့်
အခု သုတေသန စစ်တမ်းတွေအရ
2000 ခုနစ်မှာတုန်းက 1.6 Billion
2020 တုန်းကတော့ 2.5 Billion နဲ့
လာမယ့် 2050 ခုနစ်မှာ 5 Billion
အထိကို ရှိလာတော့မယ်လို့
ပညာရှင်တွေက မှန်းဆထားကြတယ်
ဒီလိုဆို ကမ္ဘာ့လူဦးရေရဲ့
အချိုးအစား တစ်ဝက်လောက်က
ခပ်လှမ်းလှမ်းက အရာတွေကိုဆို
ခပ်မှုန်မှုန်ပဲ မြင်ရ ကြည့်ရတဲ့
အခြေအနေမှာ ရှိနေပြီလို့ကို
ယူဆလိုက်လို့ ရပါတယ်
အဝေးမှုန်တာကို Myopia လို့ခေါ်ပြီး
ဒီလို Nearsightedness ပြဿနာက
အရာဝတ္ထုတစ်ခုကို ကြည့်လိုက်ရင်
Retina လို့ခေါ်တဲ့ အလင်းအာရုံခံ
တစ်သျှူးပေါ်က ပုံရိပ်တွေကို
အာရုံစိုက် ကြည့်ရမယ့်အစား
သူရဲ့ မျက်စိမှန်ဘီလူးက အဲ့ရှေ့ဘက်က
အလင်းရောင်ကိုသာ အာရုံစိုက်မိနေလို့
အဝေးက အရာတွေကိုဆို
မှုန်မှုန်ဝါးဝါးသာ မြင်နေရတာမျိုးပါ
အဲ့အပြင် မျိုးရိုးဗီဇကြောင့် ဖြစ်တာနဲ့
Cornea လို့ခေါ်တဲ့ မျက်ကြည်လွှာက
အရမ်းကွေးလွန်း ထူလွန်းနေတာကြောင့်
ဖြစ်တတ်တာမျိုးတွေလည်း ရှိပါရဲ့
အဝေးမှုန်တယ် ဆိုတာမျိုးက
သူ့ကို သက်သာအောင် မလုပ်ပေးရင်
ခေါင်းတွေ ထိုးကိုက်လာတာ ကစလို့
မျက်လုံးတွေ ညောင်းလာတာ
မျက်မှန်ပါဝါတွေ တိုးလာတာ အဆုံး
ဒုက္ခတွေ လာပေးတတ်ပေမယ့်
ဆေးပညာနယ်ပယ်မှာကတော့
အဝေးကအရာတွေကို မှုန်သွားစေတဲ့
အလင်းယိုင်မှု အခြေအနေသာဖြစ်လို့
ရောဂါအဆင့်ထိ မသတ်မှတ်ကြပါဘူးတဲ့
အဲ့ဒါကြောင့်လည်း
ရေတိုဖြေရှင်းနည်းတွေ ဖြစ်တဲ့
မျက်မှန်တွေ မျက်ကပ်မှန်တွေတပ်ပြီး
ကြည်အောင် လုပ်တဲ့ကိစ္စကသာ
ပိုအသုံးများ တွင်ကျယ်နေတာမျိုးပေါ့
ခေတ်သစ် လူနေမှုစနစ်ကြောင့်
လူတွေဟာ အပြင်ပိုထွက်ရမယ့်အစား
အလုပ်ကိုပဲ သဲကြီးမဲကြီး တကုပ်ကုပ်
ဖိလုပ်နေရတဲ့ သူတွေ ပိုများလာတာ
ကြောင့်လည်း ပါပါရဲ့
သုတေသန စစ်တမ်းတွေအရတော့
အဝေးမှုန်တာ မပျောက်တာမျိုးက
မိုးလင်း မိုးချုပ် မရပ်မနားအသုံးပြုရတဲ့
မျက်လုံးလေးတွေရဲ့ ကြွက်သားတွေ
ပင်ပန်းနွမ်းနယ် နေတာ
မျက်မှန်တွေ မျက်ကပ်မှန်တွေ ကိုချည်း
အမြဲ အားကိုးတပ်ထားနေမိတာ
နေရောင်ခြည်နဲ့ ထိတွေ့ပေးရတဲ့
အချိန်တွေ မရှိတာ မလုံလောက်တာ
စိတ်ဖိစီးမှုများပြီး အိပ်ရေးတွေမဝတာ
တစ်ခုခုကို သေချာအာရုံစိုက်နိုင်မှု
နည်းပါးလွန်းနေတာတွေကြောင့် ပါတဲ့
ဥပမာ- အသက်ငယ်ရွယ်သေးရဲ့နဲ့
အဝေးမှုန် ဖြစ်လာရတာဟာ
သူရဲ့ရှေ့ပြေးအဆင့်ဖြစ်တဲ့
အဝေးထက် အနီးကအရာတွေကိုသာ
အားစိုက် ကြည့်နေမိတာတွေရဲ့
နောက်ဆက်တွဲ မျက်လုံးကြွက်သားတွေ
အနားယူချိန် မရှိတော့တာကြောင့်ပါပဲ
အဲ့ဒါကြောင့် ကိုယ့်ရဲ့ မျက်လုံးတွေ
အဝေးမှုန်နေတာကို ဖြေရှင်းလို့ရနိုင်မယ့်
အထဲ အရင်ဆုံး လုပ်ရမှာကတော့
ကိုယ့်မျက်လုံး နှစ်ဖက်က
လုံးဝ မမြင်ရတော့တာမျိုးမဟုတ်လို့
ပြန်ကောင်းလာနိုင်တယ် ဆိုတဲ့
ယုံကြည်ချက်မျိုး ထားရှိပြီး
"ငါ့မျက်လုံးတွေဟာ သဘာဝအတိုင်း
ကြည်လင်လာလို့ ကျေးဇူးတင်ပါတယ်" တို့လို
အပြုသဘောဆောင်တဲ့ စကားလုံးတွေကို
နေ့စဉ် အထပ်"အခါ" ရွတ်ဆိုပေးတာမျိုးပါ
ဒါကို ဆေးပညာလောကမှာ
Placebo effect လို့ခေါ်ပါတယ်
ဘာအာနိသင်မှ ထည့်မထားလည်း
ဒီဆေးသာ သောက်လိုက်ရင်
ခံစားနေရတဲ့ ဝေဒနာတွေ
ပျောက်ကင်းသွားမှာ ဆိုတဲ့
ယုံကြည်ချက်လေး တစ်ခုကြောင့်ပဲ
ဦးနှောက်က ရောဂါခံစားရသက်သာစေတဲ့
ဟော်မုန်းတွေ ထုတ်လွှတ်ပေးလိုက်လို့
တကယ်ကြီးကို ရောဂါသက်သာသွားတဲ့
အံ့ဩဖွယ် အခြေအနေမျိုး တွေပါ
ဒီအချက်ကို တကယ့် ဒိတ်ဒိတ်ကြဲ
ဆရာဝန်ကြီးတွေလည်း အသုံးချရင်း
လူပေါင်းများစွာ ရဲ့ နာကျင်မှုတွေကို
တစ်ဖက်တစ်လမ်း ကနေပြီး
ကူညီ ဖြေလျှော့ပေးနိုင်ခဲ့တယ်
နောက်ထပ် အဝေးမှုန်ခြင်းကို
သက်သာလာနိုင်တဲ့ နည်းလမ်းတွေကတော့
နေ့စဉ် ကိုယ့်ရဲ့ဘဝနေထိုင်မှုလေးကို
အပြောင်းအလဲ လုပ်ကြည့်တာမျိုးပါ
Screen Time အပြည့်နဲ့ ထိုင်ရာကမထ
အလုပ်တွေ သိမ်းကြုံးလုပ်နေမယ့်အစား
နာရီဝက်လောက် အလုပ်ထိုင်လုပ်ပြီးရင်
အဲ့အချိန်ပမာဏလောက်ကို ပြန်ထ နေတာမျိုး
အားလပ်ချိန်မှာ Social Media တွေ
သုံးမယ့်အစား ချစ်ခင်ရတဲ့သူတွေနဲ့
Quality time အတူဖန်တီးကြတာမျိုး တွေပါ
နောက်ပြီး ကိုယ်တို့တွေရဲ့
မျက်လုံးဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့
ကိုယ်အင်္ဂါအစိတ်အပိုင်း အသီးသီးက
အာဟာရတွေကနေ စွမ်းအင်ယူသုံးနိုင်တဲ့အထဲ
25% နဲ့ ဦးနှောက်က ရယူလိုက်တဲ့
oxygen ပမာဏ 35% အထိကို
တောင်းဆို အသုံးပြုရပါတယ်
ဘာလို့ဆို လောကမှာ ဖြစ်ပျက်သမျှ
အရာအားလုံးကို အမီလိုက် သင်ယူနိုင်ဖို့
မျက်လုံးတွေက 80% လောက်ထိကို
တာဝန်ယူ ဆောင်ရွက်ပေးထားရလို့ပါ
အဲ့ဒါကြောင့်မို့ မျက်လုံးတွေရဲ့ ပင်ထိုင်
စွမ်းအင်ရယူနေရတဲ့ အစားအစာတွေကို
အာဟာရပြည့်ဝပြီး သန့်ရှင်းလတ်ဆတ်တဲ့
အသီးအရွက်၊ အစေ့အဆန် တွေနဲ့
မျက်လုံး အားကောင်းစေတဲ့အဆီပါဝင်တဲ့
ထောပတ်သီးနဲ့ ငါး မျိုးစုံ တွေအပြင်
ဖြည့်စွက် အာဟာရအဖြစ် ဗီတာမင်နဲ့
သတ္တုဓာတ်မျိုးစုံကိုပါ မှီဝဲစားသုံးနိုင်ပါတယ်
ဒီနေရာမှာ အရေးအကြီးဆုံး သိထားရမှာက
တစ်ဆင့်ပြုပြင် ဖန်တီးထုတ်လုပ်ထားတဲ့
အစားအစာမျိုးတွေထက် Clean food
တွေကိုသာ ရွေးချယ်စားသုံးရမယ် ဆိုတာပါပဲ
နောက်တစ်ခု အနေနဲ့ကတော့
ဘဝရဲ့ ကိစ္စတော်တော်များများမှာ
လုံလောက်အောင် အိပ်စက်မထားတဲ့သူတွေ
ကျရှူံးလေ့ရှိကြတယ် ဆိုတဲ့အတိုင်း
အိပ်စက်ခြင်းက ကိုယ်တို့တွေရဲ့
ဦးနှောက်နဲ့ အမြင်အာရုံအဖွဲ့အစည်းကြီး
တစ်ခုလုံးရဲ့ ပင်မထောက်တိုင်ဖြစ်နေလို့
အိပ်ချိန်နဲ့ ထချိန်ကို သတ်"မှတ်" ထားရှိပြီး
ပိုပိုသာသာလေး အနားယူပေးတာမျိုးနဲ့
နှစ်"ခြိုက်" အိပ်ပျော်နိုင်မယ့်အရေးကို
အနှောက်အယှက်ဖြစ်စေတဲ့ အိပ်ခန်းက
ဆူညံပြီး လင်းထိန်နေတာမျိုးတွေ
အီလက်ထရောနစ် ပစ္စည်းတွေရဲ့
အပြာရောင်အလင်းစူးစူးတွေ အပြင်
အိပ်ခါနီးမှ လေ့ကျင့်ခန်းအပြင်းအထန်လုပ်တာ
အစားတွေ အများကြီး စားပစ်လိုက်တာနဲ့
ရေကို တဝကြီးသောက်ပစ်တာမျိုးတွေကို
ဂရုတစိုက် ရှောင်ကျဥ်ပေးနိုင်မယ်ဆိုရင်
အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို
ကိုယ်တို့တွေရဲ့ မျက်လုံးက သိသိသာသာ
ခံစားလာရပါလိမ့်မယ် နောက်ထပ်
မျက်လုံးအမြင် ပြန်ကြည်လင်လာစေဖို့
လိုအပ်တဲ့ အထဲမှာ ပါနေတယ်ဆိုတာ
မထင်ထားကြတဲ့ အရာကတော့
ကိုယ့်ရဲ့ ကိုယ်ဟန်အနေအထားကို
ကောင်းမွန်မှန်ကန်တဲ့ အခြေအနေမှာ
ထားရှိရမယ် ဆိုတာပါ
ဘာလို့ဆို မျက်လုံးဆိုတာ ရှုပ်ထွေးလွန်းတဲ့
ဗဟိုအာရုံကြောအစိတ်အပိုင်းဖြစ်တဲ့အပြင်
ဦးနှောက်နဲ့ တိုက်ရိုက်ချိတ်ဆက်နေလို့
မျက်လုံးပြင်ပက ဝင်လာသမျှ ပုံရိပ်တွေကို
Retina ဆဲလ်တွေကနေတစ်ဆင့်
လျှစ်စီးကြောင်းလေးတွေ ပြောင်းပြီး
ဦးနှောက်ဆီကို ပို့ဆောင်ပေးပါတယ်
အဲ့ကနေမှ ကိုယ်တို့တွေရဲ့ ဦးနှောက်က
အဓိပ္ပါယ်ဖော် ကောက်ချက်ချတာတွေလုပ်ပြီးမှ
ကျောရိုးမကြီးကတစ်ဆင့် ခန္ဓာကိုယ်ကို
ဘယ်လိုတုံ့ပြန်လိုက်ရမလဲ ဆိုတာကို
ညွှန်ကြားစေခိုင်းမှုတွေ ပြုလုပ်ပေးတာမို့
ဒီနေရာမှာ ပထမဆုံးအဆင့်ဖြစ်တဲ့
ကိုယ့်မျက်လုံးတွေက လောကကြီးကို
မျက်မှောင် ကြုတ်ကြည့်ရတာတွေ
စောင်းကြည့်ရတာမျိုးတွေနဲ့ ရှေ့ကို
အတင်းအားစိုက်ကြည့်ရတာ မျိုးတွေ
မဖြစ်စေဖို့ဆိုရင် ကိုယ်ရဲ့
ကိုယ်ဟန်အနေအထားက မှန်ကန်တဲ့
အခြေအနေမှာရှိနေဖို့ကို လိုအပ်ပါတယ်
ပြီးတော့မှသာ ထပ်ဆောင်းအနေနဲ့
မျက်လုံးလေ့ကျင့်ခန်းတွေဖြစ်တဲ့
မိနစ် ၂၀ အလုပ်လုပ်ပီးတိုင်း
ပေ ၂၀ အကွာကို စက္ကန့် ၂၀ ကြည့်ပေးတာမျိုး
မျက်တောင်ကို ဖြည်းဖြည်းချင်း
၁၀ ချက်စီ ခတ်ပေးတာမျိုး
မျက်လုံးမှိတ်ပြီး အနားယူနေချိန်
နွေးအောင်လုပ်ထားတဲ့ လက်ဖဝါးတွေနဲ့
မျက်ခွံပေါ်ကို ခပ်သာသာလေးအုပ်ပြီး
အသက်ကို ဗိုက်ထဲထိ ရောက်အောင်
ရှူသွင်းတာမျိုးကို ၅မိနစ်လောက်
အချိန်ယူ ပြုလုပ်ပေးတာမျိုးတွေ နဲ့
မနက်နဲ့ ညနေစောင်း နေရောင်ခြည်တွေကို
မျက်လုံးကလေး မှိတ်ပြီး ခံယူတာ
ခေါင်းလှည့်တာမျိုးလေးတွေ လုပ်ပေးတာ
မျက်လုံး ကြွက်သားတစ်ဝှိုက်ကို
ခပ်ဖြည်းဖြည်း ညင်"သာ" လေးနဲ့
ဇက်ကြောတစ်လျှောက်ကို ထိ"မိ"
နှိပ်နယ်ပေးတာ လိုမျိုးတွေအပြင်
မျက်လုံးတွေကို တစ်နေရာတည်း
ကြည့်တာမျိုး မဟုတ်ဘဲ အဝေးတစ်ဖုံ
အနီးတစ်လှည့် အနေအထားမျိုးနဲ့
မျှတအောင် ကြည့်ရှုပေးသင့်ပါတယ်
နောက်ဆုံးအနေနဲ့ ကိုယ်စိတ်ကျန်းမာ
ဖြစ်ဖို့ဆို မမေ့မလျော့ဂရုစိုက်ပေးရမယ့်အထဲ
ပါလေရာငပိချက် ဖြစ်တဲ့ စိတ်ဖိစီးမှုတွေနဲ့
စိတ်ခံစားချက်တွေကို သေချာလေး
ကိုင်တွယ်ထိန်းညှိပေးနိုင်ဖို့ လိုအပ်ပါတယ်
ဘာလို့ဆို ဒီအချက်က ဆုတ်ယုတ်လာတဲ့
ကျန်းမာရေးတိုင်းရဲ့ အဓိကလက်သည်
နေရာကို ထိပ်ဆုံးကနေယူထားလေ့ရှိလို့ပါပဲ
အဲ့ဒါကြောင့်မို့ ကိုယ်တို့တွေရဲ့စိတ်ကလေး
တည်ငြိမ်အေးချမ်းတယ်ဆိုတဲ့အခြေအနေမှာ
ရှိနေစေဖို့ တရားထိုင်တာမျိုးတွေကစလို့
စိတ်အေးချမ်းစေတဲ့ စကားလုံးတွေကိုသာ
ပိုပိုသာသာလေး ပြောဆိုနားထောင်ပေးတာ
ကိုယ်လက်လှုပ်ရှား ပုံမှန်လုပ်ဆောင်ပေးတာ
သာယာတဲ့ရှုခင်းတွေနဲ့ ပင်လယ်ကမ်းခြေလို
နေရာမျိုးတွေကို စိတ်ကူးယဉ်ပုံဖော်ကြည့်တာ
မျိုးတွေကို လုပ်ဆောင်ပေးရင်း
ဒုက္ခပေးလွန်းတဲ့ သောကစိတ်ကို
ဖြေဖျောက် လာနိုင်တဲ့အခါ ကိုယ်တို့တွေရဲ့
ဝါးနေတဲ့ မျက်လုံးတွေဟာ ပကတိ
ကြည်လင်လာတဲ့ အနေအထားထိ
ပြန်လည်ရောက်ရှိလို့ လာပါလိမ့်မယ်
ပြီးတော့ ကိုယ်တို့ လူသားတွေဆိုတာ
သက်ရှိသတ္တဝါတွေရဲ့ မျိုးဗီဇကိုတောင်
ပြောင်းလဲပေးနိုင်တဲ့ ပတ်ဝန်းကျင်မှာ
ရှင်သန်နေထိုင်ရတယ်ဆိုတဲ့ အချက်ကို
မေ့ထားလို့ကို မရတာ မဟုတ်လား
အဲ့ဒါကြောင့်မို့ ပြောင်းလဲမှုတွေလုပ်ဖို့ဆို
ရောက်ရှိနေတဲ့ ပတ်ဝန်းကျင်အနေအထားကို
အမြဲသတိပြုရင်း ကိုက်ညီတဲ့နေရာမျိုး
ဖြစ်အောင် ဖန်တီးနေထိုင်တတ်ရပါမယ်
လူသားတွေရဲ့ မျိုးဗီဇက
အသက်ရှင် ရပ်တည်နိုင်ဖို့ကိုသာ
ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်လို့
သဘာဝနဲ့ ဆန့်ကျင်တဲ့ကိစ္စမှန်သမျှက
ကိုယ်တို့တွေရဲ့ ခန္ဓာကိုယ်ဟန်ချက်ကို
ပျက်ပြား စေနိုင်ပါတယ်
ဒါကို လက်လျောညီထွေဖြစ်အောင်
ပြောင်းလဲယူဖို့ဆိုရင် အလုပ်လုပ်ပြီးတိုင်း
ကိုယ့်ခြေထောက်တွေက နေမထိ လေမထိတဲ့
အခန်းထဲနေထွက်လာပြီး သဘာဝကို
တိုက်ရိုက်ထိတွေ့ပေးတာ
Outdoor Activities တွေဖြစ်တဲ့
ရေကူးတာ စက်ဘီးစီးတာကအစ
ပန်းပင်စိုက်တာ တောင်တက်တာတွေအဆုံး
အပြင်မှာ လုပ်လို့ရနိုင်သမျှ အရာတွေကို
မျှတအောင် ပြုလုပ်ပေးတာတွေ လုပ်ရပါမယ်
မဖြစ်သာလို့ နေရတဲ့ အိမ်ထဲ
အလုပ်ထဲတွေမှာဆိုလည်း ကိုယ်မျက်လုံးထဲ
ဝင်ရောက်လာမယ့် အလင်းရောင်တွေကို
လင်းထိန်လွန်းမနေစေဖို့
အခန်းမီးရောင်ကစလို့ Screen တွေဆီက
လာတဲ့အလင်းရောင်ကို ဖျော့နိုင်သမျှ
ဖျော့ လျှော့နိုင်သမျှ လျှော့ပေးထားရပါမယ်
ကိုယ်က မျက်မှန်သမားဖြစ်နှင့်ပြီးရင်တောင်
မျက်မှန်တို့ မျက်ကပ်မှန်တို့လို
ကြားခံပစ္စည်းတွေဆိုတာ ပေ ၂၀ အကွာ
ကနေသာ ကြည့်ဖို့ပြုလုပ်ထားတာတွေပါ
ဒါကို အဲ့ထက်နီးတဲ့ အကွာအဝေးလေးတွေလို
ဖုန်းသုံးရင်း မော်နီတာကြီး ပြူးကြည့်ရင်း
အသုံးပြုနေပြီဆိုရင် အဆနှစ်ဆယ်လောက်
ကိုယ့်မျက်လုံးရဲ့ ဆဲလ်လေးတွေကို
ဖျက်ဆီးနေမိပြီဆိုတာ သတိရပေးပြီး
မဖြစ်မနေ တပ်ရမယ့် ကားမောင်းတာတို့လို
ပေ ၂၀ အကွာကို လှမ်းကြည့်ဖို့လိုတဲ့
အခြေအနေတွေမှသာ အသုံးပြုသင့်ပါတယ်
ဒီနေရာမှု အမြဲအမှတ်ရနေဖို့ လိုအပ်တာက
ရှေ့မှာ ပြောပြပေးခဲ့တဲ့ နည်းလမ်းတွေဆိုတာ
ခဏတဖြုတ်လုပ်ရုံနဲ့ သိသာလာမှာမျိုး
မဟုတ်တာကို သိထားနှင့်ပြီးသား မဟုတ်လား
ဒါတွေကို ကိုယ့်ရဲ့နေ့စဉ်ဘဝထဲမှာ
ထမင်းစားရေသောက်လို အလေ့အထ
ဖြစ်သွားတဲ့အထိ အသားကျနေအောင်
လုပ်ဆောင်သွားမယ် ဆိုရင်
ဆက်လက်ပြီး ရှင်သန်နေရဦးမယ့်
နေ့ရက်တွေမှာ ရှေ့ဆုံးက ရင်ဆိုင်ရမယ့်
မျက်လုံးတွေက အရေးကြီးတဲ့ကိစ္စတွေကို
အလွယ်တကူ မြင်နိုင် ကြည့်နိုင်လာလို့
ကိုယ်တို့တွေရဲ့ ဘဝလမ်းကြောင်းက
ရှင်းခနဲ လင်းခနဲ ကြည်လင်ပြတ်သား
ဖြောင့်ဖြူးလာပါလိမ့်မယ် အဲ့ဒါကြောင့်မို့
American Vision ရဲ့ ဆောင်ပုဒ်အတိုင်း
"သင်ကြည့်ကောင်းသည်အထိ
တာဝန်ယူပါတယ်" ဆိုတဲ့
သတင်းစကားလေး ပါးလိုက်ပါရစေ။
Habits for better vision- Aillen Yi Fan
စာရေးဆရာမ Aillen Yi Fan ဟာ
ဇီဝဆေးပညာ အင်ဂျင်နီယာတစ်ယောက်
ဖြစ်တာမို့ မျက်လုံးကို အရင်းတည်ပြီး
ရုန်းကန်လှုပ်ရှား ဆက်သွားနေရတဲ့
အခုလို နည်းပညာခေတ်ကြီးထဲမှာ
ဝေဝါးလာတဲ့ အမြင်အာရုံတွေကို
ဒီလိုမျိုးလေးတွေတော့ လုပ်လို့ရသေးတယ်
ဆိုတာကို ရှာဖွေစမ်းသပ်မှုတွေပြုလုပ်ရင်း
ကမ္ဘာပေါ်က လူတစ်ယောက်ချင်းစီတိုင်းကို
သဘာဝအတိုင်း ကြည်လင်တဲ့ မျက်လုံးအစုံကို
ပြန်ပေးနိုင်ဖို့အတွက် ဒီစာအုပ်လေးကို
ရေးသားထုတ်ဝေခဲ့ပုံ ရပါတယ်
အားလုံးပဲ မင်္ဂလာပါ ✨
The White writes Creations ရဲ့
Founder " the White" ဖြစ်ပါတယ်
မှတ်ပုံတင်ထဲက နာမည်ကတော့
"Phoo Pyae Sone" လို့ခေါ်ပြီး
စာတွေရေးသားလျက် ရှိပါတယ်
နေ့နေ့ညည မချွတ်ဘဲ တပ်ထားနေရတဲ့
မျက်မှန်သမားတွေတိုင်း သိကြပါတယ်
"လုံးလုံးမမြင်ရတာထက် ပုံရိပ်အထပ်ထပ်နဲ့
ဝါးတားနေတဲ့ မြင်ကွင်းအခြေအနေတိုင်းဟာ
ဘယ်လောက် စိတ်ရှုပ်ဖို့ ကောင်းလဲဆိုတာ"
အဲ့လိုမျိုး သူတို့ထဲက တစ်ယောက်ဖြစ်တဲ့
"the White" အနေနဲ့ အခု ဒီစာအုပ်လေးကို
မျက်မှန်မတပ်ဘဲ ရေးကြည့်ထားပါတယ်
စစချင်း ခေါင်းထိုးကိုက်တဲ့အပြင်
စကားလုံးတွေကို မြင်လည်းမမြင်ရပါဘူး
အဲ့ဒါနဲ့ ဒီစာအုပ်ထဲက လေ့ကျင့်ခန်းတွေ
လုပ်ကြည့်ရင်း မျက်လုံးကလေးမှိတ်ပြီး
အနားယူရတဲ့ အချိန်တွေ တိုးကြည့်ရင်း
စိတ်ဖိစီးမှုတွေကို လျှော့ချသွားရင်းပဲ
အခုလို ဒီစာအုပ်လေးကို အဆုံးသတ်
ရေးချ လိုက်နိုင်သွားပါတယ်
ပြီးတော့ မျက်မှန်သမားတွေရဲ့ထုံးစံအတိုင်း
သူတို့ဘဝမှာ သူတို့ သံယောဇဉ်အရှိဆုံးနဲ့
အလိုအပ်ဆုံးအရာက မျက်မှန် ဖြစ်နေတာပါ
ဒီလိုဆိုတော့ သူတို့မှာ မျက်မှန်နဲ့
ပတ်သက်တဲ့ ရယ်စရာ မောစရာ
စတိုရီလေးတွေလည်း ရှိကြတာပေါ့
ဥပမာ- စာရေးရတဲ့ "the White" ဆိုရင်
ပင်ပန်းလွန်းတဲ့ညတွေမှာ စာရေးရင်းလည်း
ငုတ်တုတ်ကြီး တစ်ဖုံ ပက်လက်ကြီးတစ်လှည့်
အနေအထားမျိုးစုံနဲ့ အိပ်ပျော်သွားတတ်တယ်
အဲ့လိုညတွေဆို မိုးလင်းလာတာနဲ့
ရင်ဆိုင်ရတဲ့ ပြဿနာ တစ်ခုရှိနေတယ်
အဲ့ဒါက မျက်မှန် ရှာမတွေ့တဲ့ ကိစ္စပဲ သိလား
မမြင်ရပါဘူးဆို ဒီမျက်မှန်က
ဘယ်ရောက်နေမှန်းကို မသိဘူး
ဆိုတဲ့ စိတ်နဲ့ ဟိုလှန် ဒီလှော
ကုန်းရုန်း ထရှာနေပေမယ့်
ပွင့်ကိုမလာသေးတဲ့ မျက်လုံးနှစ်ဖက်က
မျက်မှန်ကို ဘယ်ရှာတွေ့ပါလိမ့်မလဲ
အဲ့လိုနဲ့ မျက်နှာသွားသစ်လိုက်တဲ့
အခါမှသာ မျက်မှန်ကို ရှာတွေ့တော့တာ
အဲ့ခါကျလည်း ဖြစ်ရပ်ကို
ပြန်မှတ်မိရမယ့်အစား "ငါအိပ်နေတုန်း
မျက်မှန်ကြီးဘယ်သူလာတပ်ပေးသွားပါလိမ့်"
လို့သာ တွေးတော့တာရယ်:3
အဲ့လိုမျိုး မကြာ" ကြုံရပေမယ့်
ခေါင်းထဲ ဦးနှောက်နေရာမကျသေးတဲ့
မနက်ခင်းလို အခြေအနေမျိုးတွေမှာ
"the White" တို့က အမှတ်မရှိသောရယ်ပါ
နောက်တစ်ခုကတော့ "the White" တို့
မျက်မှန်မတပ်ရခင် ငယ်စဉ်တောင်ကြေး
ကလေးဘဝတုန်းက ဆိုရင်
ကိုယ့်ရဲ့ နာမည်က စိန်မျက်ခုံးပဲ
ဘာလို့ဆို အဖေ့ဆီက အမွေအနေနဲ့
ပါလာတာဆိုလို့ မျက်ခုံးမွေး တွေပဲ ရှိလို့
အဲ့လိုဆိုတော့ ငယ်ငယ်တည်းက
တွေ့ပြီဆို ချီးကျူးခံရတဲ့အထဲ
အဲ့ မျက်ခုံးမွေးနှစ်ဖက် က ထိပ်ဆုံးကပေါ့
ကိုယ့်မျက်နှာလေး မမြင်ရသေးတောင်
မျက်ခုံးမွေးနှစ်ဖက်ကတော့ ထင်းနေတာကိုး
မျက်မှန်တပ်ပြီးတဲ့ နောက်ပိုင်းတော့
အဲ့ နာမည် ပျောက်သွားတာလို့
စိတ်ချမ်းသာတယ်လို့ ပြောရမလားပါပဲ?
"the White and the Glasses"
Story လေးကတော့ ဒီလောက်ပါပဲ
အခုဒီစာကို ဖတ်သူတွေအနေနဲ့ ရော
တကယ်လို့ မျက်မှန်သမားတွေ ပါတယ်ဆိုရင်
ကိုယ့်ရဲ့ စတိုရီလေးက ဘာဖြစ်မလဲ?
ဒါမှမဟုတ် ဒီစာအုပ်လေးထဲက ကိုယ့်အတွက်
အသုံးဝင်ဆုံးနဲ့ ကိုယ်အကြိုက်မိဆုံး
တစ်ချက်တစ်ချက်ကို ပြောပါဆိုရင်ရော
ဘာများဖြစ်မလဲဆိုတာ "the White"
အနေနဲ့ သိချင်မိလို့ အောက်က
Cmt မှာ ရေးခဲ့ပေးပါဦးနော် ✨
The White writes Creations
Your S| lots of love
10.6.2024 (9206 words)
Book number- 4 (Monday)
Keep Reading