ကိုခန့်
စိတ်ညစ်တယ်ဆိုတာ ကျွန်တော်တို့လူသားတွေအတွက် ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။နေ့စဉ် လုပ်ငန်းခွင်မှာဖြစ်ဖြစ်၊ အခြားသူတွေနဲ့ ဆက်ဆံရာမှာပဲဖြစ်ဖြစ် ၊ နိစ္စဓူဝအလုပ်တွေ လုပ်ကိုင်ကြရင်းပဲဖြစ်ဖြစ် စိတ်ညစ်စရာတွေ တွေ့ကြုံရလေ့ရှိပါတယ်။ကိုယ်လိုချင်တာ မရလို့၊ ကိုယ်မဖြစ်ချင်တာတွေ ဖြစ်ရလို့စသဖြင့် လူတိုင်း တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ စိတ်ညစ်ဖူးကြမှာပါ။
ဒီနေရာမှာ ကျွန်တော့အနေနဲ့ စိတ်ညစ်တယ်ဆိုတာကို စိတ်မသန့်ရှင်းခြင်း ( တစ်နည်းအားဖြင့် လောဘ ၊ ဒေါသ ၊ မောဟ စတဲ့ကိလေသာ အမျိုးမျိုးဖုံးလွှမ်းသွားလို့ ကိုယ့်ရဲ့ သန့်ရှင်းကြည်လင်နေတဲ့ စိတ်လေး ညစ်ထေးသွားခြင်း)ကိုဆိုလိုပါတယ်။
အခုနောက်ပိုင်းစာပေအတော်များများမှာလည်း စိတ်ကို အလေးပေးဖော်ပြလာတာတွေ့ရပါတယ်။သံဃာတော် အရှင်မြတ်တွေရဲ့ တရားတော်တွေကနေလည်း စိတ်နဲ့ပတ်သက်ပြီး ပိုမိုနားလည်လာကြတယ်။စိတ်ပညာနဲ့ပတ်သက်တဲ့ သင်တန်းတွေလည်း ပိုများလာတယ်လို့လည်း ကျွန်တော်ထင်ပါတယ်။လူအများ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွေနောက် လိုက်နေချိန်မှာ အခုလိုစိတ်ကို အလေးပေးလာတာဟာ တကယ်တော့ ဂုဏ်ယူဝမ်းသာစရာပါပဲ။
ယနေ့ခေတ်မှာ စိတ်ထက် ရုပ်ကိုသာဦးစားပေးလာကြတာနဲ့အမျှလူတွေအတော်များများ Mental illness (စိတ်မကျန်းမာခြင်း)ကို ခံစားလာရပါတယ်။စိတ်မကျန်းမာတော့ အတွေးတွေ၊အပြောအဆိုတွေ၊အပြုအမူတွေကလည်း Negativeဘက်ကို ရောက်သွားတာများပါတယ်။
ဒါကြောင့် စိတ်ညစ်ခြင်း၊ စိတ်ပျက်ခြင်း ၊စိတ်ဓါတ်ကျခြင်းဆိုတဲ့ အမျိုးမျိုးသော စိတ်မကျန်းမာမှုတွေကို သေချာလေး ကိုင်တွယ်ကျော်လွှားနိုင်ဖို့ အရေးကြီးတယ်။ဒီလိုစိတ်ပိုင်းဆိုင်ရာပြဿနာတွေ တွေ့ကြုံလာခဲ့ရင်(စိတ်တွေ ညစ်ထေးလာပြီဆိုရင်) အောင်မြင်စွာ ဘယ်လို ကျော်လွှားကြမလဲ....
***
ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့ စဥ်းစားရမှာ နှစ်ချက်ရှိတယ်။
ပထမအချက်က စိတ်ညစ်စေမယ့် အရာတွေကနေ ဝေးရာကိုရှောင်ပြေးတာ။
ဒီအချက်ကို သေချာစဥ်းစားကြည့်လိုက်တော့ ကျွန်တော်တို့လုပ်နိုင်ဖို့အတွက် အင်မတန်ခဲရင်းတယ်။စာဖတ်သူတို့ သိကြတဲ့အတိုင်း ကျွန်တော်တို့တတွေဟာ လူသဘာဝအရ နေ့စဥ်ပြောဆိုဆက်ဆံမှုတွေ ပြုလုပ်နေရမှာပါ။ဒီတော့ ပုံစံတစ်မျိုးမဟုတ် တစ်မျိုးနဲ့တော့ စိတ်ညစ်စရာတွေကြုံလာနိုင်ပါတယ်။ဘာမှမလုပ်ဘဲ တစ်ယောက်တည်းနေမယ်ဆိုတော့လည်း မဖြစ်နိုင်ပြန်ပါဘူး။(တစ်ယောက်တည်းနေနိုင်ခဲ့မယ်ဆိုရင်တောင် အတွေးတွေက တောင်ရောက်မြောက်ရောက်နဲ့ စိတ်ပူပန်စရာ ၊စိတ်ညစ်စရာတွေက ကျွန်တော်တို့ဆီ မဖိတ်ခေါ်ဘဲ ရောက်လာဦးမှာပါပဲ)။ဒီတော့ ပထမတစ်ချက်က Effective မဖြစ်ဘူးလို့ ဆိုနိုင်ပါတယ်။
ဒုတိယအချက်က စိတ်ညစ်စရာတွေကြုံလာခဲ့ရင်ထိပ်တိုက်ရင်ဆိုင်လိုက်တာပါ။
ရင်ဆိုင်ရာမှာလည်း နည်းမှန်လမ်းမှန်ဖြစ်ဖို့တော့ အရေးကြီးပါတယ်။စိတ်ညစ်လို့ဆိုပြီး အရက်တွေသောက်တာ၊ ဒေါသထွက်လို့ အခြားသူကိုအော်ဟစ်တာ ၊ ကိုယ်ထိလက်ရောက် ကျူးလွန်တာ၊စိတ်ဓါတ်ကျလို့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်တာမျိုးတွေကတော့ မလုပ်သင့်တဲ့ အပြုအမူတွေပေါ့။ဒီတော့ စိတ်ညစ်နွမ်းတာကို ထိပ်တိုက်ကြုံတွေ့ရတဲ့အခါမှာ Positive ဘက်သွားတဲ့ အပြုအမူတွေနဲ့ တုံ့ပြန်ဖို့ကြိုးစားကြရမှာဖြစ်ပါတယ်။
ဒါကြောင့် စိတ်ညစ်ထေးမှုတွေကို အပြုသဘောနဲ့ ဘယ်လိုကိုင်တွယ်မလဲ ဆိုတာ ထပ်မံမျှဝေပေးပါရစေ။
၁။စိတ်ညစ်နေချိန်မှာ ကိုယ်စိတ်လေးကို ကိုယ်အသိအမှတ်ပြုပေးလိုက်ပါ။
ဒေါသဖြစ်လာရင် "သြော် ငါ့စိတ်တွေ ညစ်ထေးနေပါလား...ဒေါသတွေ ဖြစ်နေပါလား"ဆိုပြီး စိတ်ကို သတိနဲ့ကြည့်ပေးပါ။( ကျွန်တော်လည်း ဒီနည်းလေးကို တရားတော်တွေ နာယူရင်း သိခဲ့ရတာဖြစ်ပါတယ်။)ကိုယ့်စိတ်ကို အဲဒီလို သိလိုက်တာနဲ့အမျှ ကိုယ့်မှာဖြစ်နေတဲ့ စိတ်ညစ်ထေးမှုတွေ သိသိသာသာလျော့ကျသွားပါတယ်(ကျွန်တော့်ကိုယ်တွေ့ပါ)။
၂။စိတ်ညစ်စေတဲ့ အကြောင်းအရင်း (Causes) ကို ရှာပါ။ပြီးရင် နည်းမှန်လမ်းမှန် ဖြေရှင်းပါ။
ဒုတိယအဆင့်က ကိုယ်ရဲ့စိတ် (လောဘစိတ်၊ ဒေါသစိတ် ၊မောဟစိတ်)တွေကို ဖြစ်စေတဲ့ အကြောင်းအရင်းကို ရှာရမှာ ဖြစ်ပါတယ်။။ရှာတွေ့ပြီဆိုရင်လည်း နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းပေးရမှာပါ။ဥပမာ တစ်ခုလောက်ပြောပြချင်ပါတယ်။အစည်းအဝေးပွဲအချိန်မီဖို့အတွက် ခပ်မြန်မြန်လမ်းလျှောက်သွားနေစဥ်မှာ အခြားသူတစ်ဦးနဲ့ မတော်တဆ ဝင်တိုက်မိတယ်ဆိုပါစို့။သူလက်ထဲမှာကိုင်ထားတဲ့ကော်ဖီခွက်ကနေ ကိုယ့်ရဲ့အဖြူရောင် ရှပ်အင်္ကျီကို ကော်ဖီတွေစွန်းထင်းသွားတယ်ဆိုပါစို့။စာဖတ်သူဆိုရင်ရော ဘာဖြစ်သွားမယ်ထင်လဲ။အတော်များများ ဒီလိုအခြေအနေမှာ ဒေါသထွက်သွားနိုင်ပါတယ်(ကျွန်တော်လည်း ဖြစ်ခဲ့ဖူး၊ ဒေါသထွက်ခဲ့ဖူး ပါတယ်)။အဲဒီမှာသာ ကိုယ်က ဒေါသကိုမထိန်းနိုင်ဘဲ "ငါ့အင်္ကျီကို ညစ်ပေအောင်လုပ်ရကောင်းလားဆိုပြီး"အော်ဟစ်ပြောဆိုမိမယ်ဆိုရင်၊တဖက်သားလည်းစိတ်မကောင်းဖြစ်သွားနိုင်သလို လူတွေရဲ့အမြင်မှာ ကိုယ့် Image လည်း ထိခိုက်သွားနိုင်တာပေါ့။ (အကယ်၍ တဖက်လူက မဟုတ်မခံပြန်ပြောတတ်သူသာဆို အခန့်မသင့်ရင် ရန်ပွဲတောင် ဖြစ်သွားနိုင်ပါသေးတယ်။)
ထပ်ပြီး ဒီဖြစ်စဥ်ကို Positive ဆန်ဆန်လေးစဥ်းစားကြည့်ရအောင်။အရင်ဆုံးကော်ဖီပေသွားလို့ ဒေါသထွက်မိတယ်ဆိုပါစို့။ကိုယ့်ရဲ့စိတ်လေးကို ကိုယ်သိပေးရမယ်။("ငါဒေါသထွက်နေပါလား"ဆိုပြီးပေါ့)။ နောက်တစ်ဆင့် Causeကိုရှာမယ်။ Cause က ဝင်တိုက်မိလို့ ကော်ဖီပေတာဆိုတော့ ကျွန်တော်တို့ထိန်းချုပ်ဖို့မဖြစ်နိုင်ဘူး။မထင်မှတ်ဘဲ သတိလက်လွတ်ဖြစ်သွားတာဆိုတော့ နှစ်ယောက်စလုံးမှာလည်းတာဝန်ရှိတာပေါ့။
အခု Cause ကိုသိသွားပြီဆိုရင် ပြဿနာကို နည်းမှန်လမ်းမှန်ဖြေရှင်းကြည့်ရအောင်။"သြော် သူလည်းတမင်ရည်ရွယ်ပြီး လုပ်တာမှမဟုတ်ဘဲ ၊ ငါလည်းမမြင်မိတာဆိုတော့ ငါမှာလည်းတာဝန်ရှိပါတယ်လေ"ဆိုတဲ့ အသိနဲ့သာ "ကိစ္စမရှိပါဘူး ၊အဆင်ပြေပါတယ်ခင်ဗျာ။"ဆိုပြီး ချိုချိုသာသာပြောပေးလိုက်မယ်ဆိုရင် အခြားသူလည်းစိတ်ချမ်းသာသွားမယ်။ကိုယ်လည်း ကိုယ်လုပ်လိုက်တဲ့ ခွင့်လွတ်ခြင်းဆိုတာလေးကို တွေးပြီးပီတိဖြစ်မယ်။ဒါဆိုရင် အရင်က ကိုယ့်စိတ်မှာ နေရာယူထားတဲ့ဒေါသတွေဟာ ရာနှုန်းပြည့်မဟုတ်ခဲ့ရင်တောင် သိသိသာသာ လျော့နည်းသွားမှာဖြစ်ပါတယ်။မလိုလားအပ်တဲ့ ပြဿနာတွေလည်း မဖြစ်တော့ဘူးပေါ့။
ဒါကြောင့် စာဖတ်သူတို့ရေ....
စိတ်ညစ်စရာတွေ ကြုံလာရပြီဆိုရင်(စိတ်ညစ်မိခဲ့မယ်ဆိုရင်)
၁။ကိုယ့်စိတ်လေးညစ်ထေးနေတယ်ဆိုတာကို အသိအမှတ်ပြုပေးပါ။
၂။စိတ်ညစ်စေတဲ့အကြောင်းအရင်း (Cause)ကိုရှာပါ။ နောက်ပြီး နည်းမှန်လမ်းမှန်ဖြေရှင်းပေးပါ။
ဒါဆိုရင်တော့ စာဖတ်သူတွေအားလုံး စိတ်ညစ်စရာတွေကြုံလာခဲ့ရင် ကျွန်တော်မျှဝေပေးတဲ့ နည်းလမ်းလေးတွေနဲ့ အကောင်းဆုံးရင်ဆိုင်ကျော်လွှားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
စာဖတ်သူများအားလုံး စိတ်ညစ်ခြင်းကင်းသောအနာဂတ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။နေ့ရက်တိုင်းလည်းကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ။
*****
ကိုခန့်
Keep Reading